ဟောပြောပွဲများနဲ့ စတင်ခြင်း
သူတို့ ဟောတာပြောတာကလည်း ကရင်အကြောင်းတွေကိုး။
ပဒေသရာဇ်ခေတ်က ကရင်တွေ ဘယ်လို အဖိနှိပ်ခံရတယ်။ ဖက်ဆစ်ဂျပန်ခေတ်မှာ ဘယ်လို ဖိနှိပ်ခံရတယ်။
အဲဒီအကြောင်းတွေပြောပြီး ကိုယ့်အမျိုးသားတွေ လွတ်မြောက်ဖို့၊ လွတ်လပ်ဖို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ကရင်ပြည်ကို လိုချင်တယ်။
တို့ကရင်တွေမှာ အဲဒီလို ကိုယ့်ဘဝကိုယ်ပြဌာန်းနိုင်တဲ့ အခွင့်အရေးမရှိရင် ကျွန်ပဲဖြစ်မှာ တဲ့။ အဲဒီလို သူတို့က စည်းရုံးတယ်။
နောက်တော့ အဖိုးလည်း ဒီလူတွေ ဘယ်ရွာသွားမလဲ စောင့်ကြည့်တယ်။
တရားဟောတဲ့အဖွဲ့နဲ့ လိုက်ပြီးတောင် နားထောင်တယ်။ သူတို့အဖွဲ့ကလည်း တရွာပြီးတရွာ လိုက်ဟောတယ်။ အဖိုးကလည်း တရွာပြီးတရွာ တကောက်ကောက်နဲ့ လိုက်တာပဲ။
ရက် ၂ဝ ကျော်၊ တလနီးပါးလောက် အဖိုး အိမ်ကိုမပြန်ဘူး။
အဲဒီတုန်းက အဖိုးအသက်က ၂၂ နှစ်ပေါ့။ ကလေး တယောက်ရှိပြီ။
မင်းတို့အဖွားက အသက် ၂ဝ နှစ်ကျော်ကျော်ပေါ့။
အဖိုးက တရားဟောပြောတာတွေ တကောက်ကောက်လိုက်တော့ သူတို့က ရိပ်မိလာတယ်။ မန်းသာဒင်က ပြောတယ်။
“ဒီလူငယ်လေးကြည့်ရတာ အတော် စိတ်ဝင်စားပုံရတယ်။ တို့ တရားဟောပွဲကို အပြီးထိ နားထောင်တယ်။ ငါတော့ သဘောကျတယ်”
အဖိုးတို့နယ်ခံထဲက မန်းလှတင်က …
“သူက ကျနော့် တူမကို ယူထားတာ။ စပ်ကြည့်ရင် တူတော်တယ်။ ဒီကောင်လေးက ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ သတ္တိလည်းရှိတယ်”
“သူ ကေအဲန်ယူထဲ ဝင်မလား”
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှာ ဒီလိုထက်မြက်တဲ့ လူငယ်တွေ အများကြီးလိုတယ်။ ကရင်အမျိုးသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ဒီလိုလူငယ်တွေရှိဖို့ လိုတယ်။ ဒါနဲ့ သူတို့က အဖိုးကို ပြောတာပေါ့။
“မင်း ကရင်အမျိုးသားရေးကို စိတ်ဝင်စားလား”
အဖိုးက “ဟာ စိတ်ဝင်စားတာပေါ့”
“အေး တို့ကလည်း မင်းကို သဘောကျတယ်။ ကရင်အမျိုးသားအရေးအတွက် မင်းတို့လို လူငယ်တွေ လိုအပ်တယ်။ ကိုယ့်အမျိုးသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ ဘဝတူလူမျိုးတွေနဲ့ လူတန်းစားတွေကို ကာကွယ်ဖို့အတွက် မင်းကို တို့က တာဝန်တွေပေးချင်တယ်။ ဘယ်လိုလဲ”
အဖိုးက ...
“ကျနော် သဘောကျတယ်။ ဒါပေမယ့် ကျနော့်မှာ မိန်းမ ရှိတယ်။ ယောက္ခမနဲ့ နေတာ။ သူတို့ကိုတော့ ကျနော် ခွင့်တောင်းရမယ်”
အဖိုးက ဒီလိုပြောတော့ ...
“ဟာ အချိန်ရှိပါတယ်။ ခွင့်တောင်းပါ။ ခွင့်ပြုမယ်ဆိုရင် ကျနော်တို့နဲ့ အချိန်မရွေး ဆက်သွယ်ပါ” တဲ့။
ဒါနဲ့ အဖိုး အိမ်ကိုပြန်သွားတယ်။
ယောက္ခမထံ ခွင့်ပန်ခြင်း
အိမ်ပြန်ရောက်တော့ မအူပင်ခရိုင် ဥက္ကဋ္ဌ မန်းသာလင်းဖြူနဲ့ မန်းသာဒင်တို့က ကျနော့်ကို ကေအဲန်ယူ အလုပ်တွေလုပ်ဖို့ သဘောကျတယ်။ အဲဒါ ကျနော်သွားချင်တယ်လို့ အဖိုးက ယောက္ခမကို ခွင့်တောင်းတယ်။ မိန်းမနဲ့ကလေးကိုလည်း ယောက္ခမနဲ့ အပ်တယ်။
အဖိုးက “ကျနော့်ဇနီးနဲ့ ကလေးကို အဖေ ပြန်ကြည့်ပေးပါ” လို့ ပြောတော့ ...
“မင်း မယူခင်ကလည်း ငါ ကျွေးတာပဲ။ အခု ပြန်ကြည့်ရမယ်ဆိုလည်း ရပါတယ်”
လို့ ယောက္ခမကြီးက ပြောတယ်။ အဖိုး ယောက္ခမကြီးက သဘောကောင်းတယ်။ အဖိုးကို ချစ်လည်း ချစ်တယ်။
ဒါပေမယ့် သူက အဖိုးဆီက ကတိတခုတော့ တောင်းတယ်။
“မင်းဆန္ဒရှိရင် သွားလို့ရတယ်။ မင်းငါ့ကို ကတိတခုတော့ ပေးရမယ်”
“ကျနော်က ဘာကတိပေးရမှာလဲ”
“တော်လှန်ရေး အောင်မြင်တဲ့အထိ မင်းလုပ်ရမယ်” တဲ့။
အဖိုးက သူတောင်းတဲ့ ကတိကို ပေးတယ်။ အဲဒါနဲ့ အဖိုးက အဖိုးဇနီးကို ပြောတယ်။ ငါ သွားတော့မယ်။ မင်းကလေးနဲ့ အဖေတို့နဲ့ နေရစ်ဦး။ သူ တကယ် စိတ်တော့ ဘယ်ကောင်းမလဲ။ အဲဒီတုန်းက သူ့အသက်ကလည်း ၁၈ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ ကလေးကလည်း ၅ လ၊ ၆ လအရွယ်ပဲ ရှိသေးတာကိုး။ ဒါပေမယ့် အဖိုးက တအားစိတ်ထက်သန်နေတာ။ နောက်တနေ့ကျတော့ အိမ်က စထွက်တာပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment