Wednesday, February 15, 2012

မေတ္တာ ကရုဏာ မုဒိတာ နိုင်ငံရေး (မောင်ဝံသ)

သူတို့ပုံ သူတို့သတင်းတွေ

အခုတလော ပုဂ္ဂလိက သတင်းဂျာနယ်တွေအားလုံးလိုလို၌သာမက နိုင်ငံရေးစီးပွားရေးသတင်းကို ဦးစားမပေးတဲ့ အနုပညာလို ဂျာနယ်မျိုးတွေမှာတောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုသတင်းတွေ အလျှံပယ်ပါရှိနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလိုလားသူတွေရဲ့ အသိုင်းအဝိုင်းမှာ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်ဗျ။ အဲဒီထဲက တချို့ကဆိုရင် အဲဒီဂျာနယ်တွေကို “လူတစ်ယောက် သတင်း၊ ပါတီတစ်ခု သတင်း၊ လူတစ်စု သတင်းတွေကိုပဲ ဇောင်းပေးချဲ့ကားပြီး ရေးနေကြတယ်။ အလကား ဂျာနယ်တွေ။ ဘာစတုတ္ထမဏ္ဍိုင်လဲ” ဆိုပြီး ပစ်ပစ်ခါခါ ပြောဆိုနေကြတယ်လို့ သိရတယ်ဗျ။

ကြိုက်ဖို့ မကြိုက်ဖို့ လုပ်ယူလို့မရ

လောကမှာ လူတစ်ကိုယ် အကြိုက်တစ်မျိုး၊ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို ချစ်ခင်ကြည်ညို လေးစားသူတွေ၊ သူတို့မျက်နှာကိုပဲ တစိ့မ်စိမ့်ကြည့်နေချင်၊ သူတို့သွားရာ နောက်ကိုပဲ တကောက်ကောက် လိုက်နေချင်တဲ့သူတွေရှိနေတဲ့ တစ်ချိန်တည်းမှာပဲ သူတို့မျက်နှာ မမြင်ချင်၊ သူတို့အသံ မကြားချင်သူတွေလည်း ရှိနေနိုင်တယ်ဆိုတာ သဘာဝကျတဲ့ ကိစ္စတစ်ခုဖြစ်တယ်ဗျ။ ဒီမိုကရေစီခေတ်မှာ ကြိုက်သူတွေကို မကြိုက်နဲ့လို့ ဘယ်သူကမှ အမိန့်ပေးပိုင်ခွင့် မရှိသလို မကြိုက်သူတွေကိုလည်း ကြိုက်ရမယ်လို့ ဘယ်သူကမှ အမိန့်ပေးပိုင်ခွင့် မရှိဘူးဗျ။ အရာကိစ္စတစ်ခုကို ကြိုက်ဖို့ မကြိုက်ဖို့ဆိုတာ ဘယ်သူမှလုပ်ယူလို့မရတဲ့ လူတစ်ယောက်ရဲ့ မွေးရာပါ အခြေခံအခွင့်အရေး ဖြစ်တယ်ဗျ။ အဲဒီအခွင့်အရေးကို လေးစားတန်ဖိုးထားတာဟာ ဒီမိုကရေစီစနစ်ရဲ့ အင်မတန်မှ နှစ်သက်မြတ်နိုးစရာကောင်းတဲ့ အခြေခံမူတစ်ခုပဲ မဟုတ်လားဗျာ။

စတုတ္ထမဏ္ဍိုင်ကို အထင်လွဲရင်တော့

ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ။ ဒီကိစ္စမှာ ကျွန်တော်တို့ ဘာမှဝင်ရောက် စွက်ဖက်ပိုင်ခွင့် ပြောပိုင်ခွင့်မရှိဘူးဗျ။ ဒါပေမယ့် နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် အကြီးအကဲကတောင် လေးစားတန်ဖိုးထားကြဖို့ အထူးပြုပြောကြားလာခဲ့တဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားမှုရှိနေတယ်လို့ယူဆရင်တော့ စတုတ္ထမဏ္ဍိုင်လောကသားတစ်ဦးအနေနဲ့ အဲဒီ အထင်အမြင်လွဲမှားနေသူတွေကို ကောင်းမွန်သော စေတနာအရင်းခံပြီး ရှင်းပြဖို့ တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ စတုတ္ထမဏ္ဍိုင်အပေါ် အမြင်တိမ်းစောင်းနေသူတွေအနေနဲ့ သူတို့ရဲ့ အမြင်သဘောထားကို လူသိရှင်ကြား ပြောသည်ဖြစ်စေ၊ တိုးတိုးတိတ်တိတ်ပဲ ပြောသည်ဖြစ်စေ၊ တစ်နည်းနည်းနဲ့ သိလာပြီဆိုရင် ကျွန်တော်တို့အနေနဲ့ “ဆိုရေးရှိက လိုအပ်လှ၏၊ ဆိုစများများ၊ ထားပချေမိ၊ ငါ့ဝန်ရှိလိမ့်” ဆိုတဲ့စကားအတိုင်း မီဒီယာလမ်းကြောင်းကတစ်ဆင့် ပြန်လည်ရှင်းလင်းတင်ပြဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။

စာဖတ်ပရိသတ် အားပေးမှုရှိမှ

ပထမဆုံး ရှင်းပြရမှာက ပုဂ္ဂလိကဂျာနယ်တွေရဲ့ အခြေခံသဘော သဘာဝဖြစ်ပါတယ်။ အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ထုတ်ဝေတဲ့ စာနယ်ဇင်းတွေအဖို့ သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် စာဖတ်ပရိသတ် (တစ်နည်း) ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုဟာ အရေးအကြီးဆုံး မဟုတ်ပေမယ့် ပုဂ္ဂလိက စာနယ်ဇင်းတွေအတွက်တော့ စာဖတ်ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုဟာ အသက်ဝိဉာဉ် ဖြစ်ပါတယ်။ စာဖတ်ပရိသတ် အားပေးမှုမရှိတဲ့ ဘယ်ပုဂ္ဂလိက စာနယ်ဇင်းမှ ရေရှည်ရှင်သန်ရပ်တည်နိုင်ခြင်း မရှိဘူးဗျ။ ဒါကြောင့်လည်း ပုဂ္ဂလိကစာနယ်ဇင်းမှာ စာဖတ်ပရိသတ်များနိုင်သမျှ များများရဲ့ အာရုံကို ညှို့ယူသိမ်းသွင်းနိုင်ရေးဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အကြီးဆုံး ပြိုင်ပွဲဖြစ်တယ်ဗျာ။ ‘အဝါရောင် ဂျာနယ်လစ်ဇင်’ လို့ခေါ်တဲ့ လူပြိန်းကြိုက် စာနယ်ဇင်းလောကမှာပဲဖြစ်ဖြစ်၊ ‘လေးနက်တဲ့ ဂျာနယ်လစ်ဇင်’ ခေါ် အတည်အခန့် စာနယ်ဇင်းလောကမှာပဲဖြစ်ဖြစ် စာနယ်ဇင်းတွေဟာ ကိုယ့်ဆီ ပရိသတ်များများ ရောက်လာအောင် ဆွဲဆောင်စည်းရုံးတဲ့ အလုပ်ကိုတော့ မဖြစ်မနေ လုပ်ကြရတာပဲဗျ။

စာပေလွတ်လပ်ခွင့် မြည်းစမ်းချိန်

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာကလည်း နှစ်ပေါင်း ငါးဆယ်ကြာကာလအတွင်း နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ အတိုင်းခံနိုင်တဲ့ စာပေလွတ်လပ်ခွင့်ဆိုတာကို မနေ့တစ်နေ့ကလောက်မှ စတင်မြည်းစမ်းခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က မြန်မာပြည်သူတွေဟာ သူတို့ ဘာဖတ်ချင်တယ်၊ ဘာမဖတ်ချင်ဘူးဆိုတာကို မကြာသေးခင် လအနည်းငယ်ကမှ ဆုံးဖြတ်ပိုင်ခွင့် ရရှိလာခဲ့ကြတာဖြစ်တယ်ဗျ။ နှစ်ပေါင်းများစွာ ဖန်လှောင်အိမ်ကလေးထဲ နေခဲ့ရရာကနေ သမုဒ္ဒရာပြင်ကျယ်ကြီးထဲ ရောက်သွားတဲ့ ရွှေငါးကလေး နားဖို့တောင် သတိမရနိုင်လောက်အောင် ကူးခတ် ပျော်ရွှင်နေသလိုပဲ နှစ်ပေါင်းများစွာ မဖတ်ချင်တာပဲ ဖတ်ရ၊ ဖတ်ချင်တာလည်း မဖတ်ရတဲ့ အခြေအနေကနေ ရုတ်ခြည်း လွတ်မြောက်သွားခဲ့ကြတဲ့ ပြည်သူတွေဟာ သူတို့တစ်လျှောက်လုံး ဖတ်ချင်နေခဲ့ကြတဲ့ အကြောင်းအရာတွေကိုပဲ အာသာငန်းငန်း တောင်းဆိုနေကြတာဖြစ်တယ်ဗျ။ ဒါကြောင့်လည်း စာဖတ်ပရိသတ်ရဲ့ လိုအင်ဆန္ဒကို အမြဲမပြတ် အကဲခတ်နေကြရတဲ့ ဂျာနယ်တွေက ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုသတင်းတွေကို အဆက်မပြတ် တင်ဆက်နေကြတာပေါ့ဗျာ။

လူသားချင်းစာနာ ရှုထောင့်

မလိုတမာဖြစ်နေသူတွေအနေနဲ့ ဒီကိစ္စကို လူသားချင်းစာနာတဲ့ ရှုထောင့်ကလည်းကြည့်သင့်တယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ က ၂၀၁၁ အထိ ၂၃ နှစ်ကျော်ကာလအတွင်း အိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ကြာ နေခဲ့ရသူဖြစ်တဲ့အပြင် အမိမဲ့ အဖမဲ့ ရင်သွေးတွေက အဝေးမှာမို့ တစ်ကိုယ်တည်း အထီးကျန်ရှိနေတဲ့ အခြေအနေမှာ ခင်ပွန်းသည်ရဲ့နောက်ဆုံးအချိန်မှာတောင် အနားမှာ ရှိနေခွင့်မရခဲ့၊ ဈာပနတောင် လိုက်ပါပို့ဆောင်ခွင့်မရခဲ့သူ ဖြစ်တယ်ဗျာ။ NLD ဒီချုပ်ပါတီဆိုရင်လည်း ပါတီသက်တမ်း တစ်လျှောက်လုံး ထောင်းထောင်းညက်ညက် ကြေလုအောင် ဖြစ်ခဲ့ရတယ်ဗျာ။ အဲသလိုပဲ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေဆိုရင်လည်း သူတို့ရဲ့ လူငယ်ဘဝ တစ်ခုလုံးကို အကျဉ်းထောင်တွေထဲမှာ ပေးဆပ်ခဲ့ကြရသူတွေ ဖြစ်တယ်ဗျာ။ ဒါကြောင့် ဘာသာတရားအားလုံးရဲ့ အခြေခံဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သူတို့ကို ပြည်သူတွေက ချစ်ခင်ကြတာ သူတို့သတင်းတွေ ဂျာနယ်တိုင်းမှာ ပါနေတာတွေဟာ ပီတိပွားရမယ့်ကိစ္စတွေ မဟုတ်လားဗျာ။

မုဒိတာနည်းနေကြလေသလား

ဒေါ်အောင်ဆန်းစုကြည်က သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရခြင်း အနှစ်နှစ်ဆယ် ပြည့်မြောက်ချိန် ဂုဏ်ပြုအခမ်းအနားမှာ “မေတ္တာဆိုတာ ကိုယ်နဲ့ အဆင့်အတန်းချင်း တန်းတူရည်တူတွေအပေါ်ထားတဲ့ ချစ်ခင်နှစ်လိုစိတ်၊ ကရုဏာဆိုတာ ကိုယ့်အောက်နိမ့်တဲ့သူတွေအပေါ်ထားတဲ့ ချစ်ခင်နှစ်လိုစိတ်၊ မုဒိတာဆိုတာ ကိုယ့်ထက်မြင့်တဲ့သူတွေအပေါ်ထားတဲ့ ချစ်ခင်နှစ်လိုစိတ် ဖြစ်တယ်။ ကျွန်မတို့နိုင်ငံက ပြည်သူတွေကြားမှာ မေတ္တာနဲ့ ကရုဏာ စည်ပင်ဖွံ့ဖြိုးပေမယ့် မုဒိတာစိတ်ထားတဲ့ကိစ္စမှာ နည်းနည်းအားနည်းနေသလားလို့ ကျွန်မ ထင်မိတယ်” လို့ ပြောခဲ့တယ်ဗျ။
ဒီမိုကရေစီဆိုတာ စိတ်ထားမြင့်မြတ်သူများနဲ့သာ ထိုက်တန်တဲ့စနစ်ဖြစ်တာမို့ ကျွန်တော်တို့ကိုယ်တိုင် စိတ်ထားမြင့်မြတ်သူရဲ့ အခြေခံ အင်္ဂါရပ်သုံးခုဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ်ထား ပြည့်ဝသူတွေဖြစ်လာအောင် ကြိုးစားရင်း ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း အဲသလိုဖြစ်လာစေဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့လားဗျာ။

မောင်ဝံသ (၀၇၊ ၀၂၊ ၁၂)

The Messenger ဂျာနယ် ၁၃ ဖေဖော်ဝါရီ ၂၀၁၂ မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။


 

No comments: