Thursday, February 9, 2012

လွမ်းတော်မူလို့စာကိုစီ (မောင်ဝံသ)

"အထူးသဖြင့် ကဗျာအရေးကောင်းသလောက် သီချင်းအဆိုကောင်းတဲ့ ဆရာတင်မိုး၊ “အနှစ်နှစ်ဆယ်ဆိုပါလားဟေ့” ဆိုတဲ့ သမိုင်းဝင်ကဗျာကို ဖတ်ပြလေ့ရှိပြီး ခေါင်းရော ခါးပါ စောင်းနေတဲ့ကြားက အံ့သြလောက်စရာ စိတ်ဓာတ်မာကြောကြံ့ခိုင်စွာ ရပ်တည်ပြသွားခဲ့တဲ့ ကျွန်တော့်ကိုလည်း တစ်သက်မမေ့နိုင်စရာ သြဝါဒတွေကို ချွေသွားခဲ့တဲ့ ဆရာမောင်သော်က၊ ယုံကြည်ချက် ခိုင်မာပြတ်သားသလောက် အဟောအပြောကောင်းလှတဲ့ ခရမ်း ကိုတင်မောင်ဝင်း၊ အသည်းရောဂါကြောင့် တစ်နေ့တစ်ခြား နံရိုးအပြိုင်းပြိုင်း ကမ္မဌာန်းရုပ်ပေါက်လာရာက ဆေးရုံလည်းပို့ရော အသက်ပါပျောက်သွားတဲ့ ကိုတင်သိန်းမောင် ခေါ် ကိုသိန်းတင်၊ ကိုတင်သိန်းမောင်ကို ပြုစုရာက သူပါ အသည်းရောဂါဖြစ်ပြီး ကွယ်လွန်သွားရှာတဲ့ ဗိသုကာ ဦးကျော်မင်း စတဲ့ စတဲ့ ခံဖော်ခံဖက် ရဲဘော်ရဲဘက်တွေကို ..."

ကျွန်တော့်ကိုမွေးပြီး သုံးနှစ်အကြာမှာ ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တဲ့အပြင် အဲဒီတုန်းက ကျွန်တော်တို့နေထိုင်ခဲ့တဲ့ ဒေသဟာလည်း ပြည်တွင်းစစ်မီးလျှံတွေ အရှိန်ပြင်းပြင်း လောင်ကျွမ်းခဲ့တဲ့နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက နိုင်ငံရေးရဲ့အဆိုးဘက်အခြမ်း သက်ရောက်မှု (negative impact of politics) ကို ခံစားခဲ့ရသူတစ်ယောက်ဖြစ်တယ်လို့ ဆိုနိုင်တယ်ဗျ။ တစ်နည်းအားဖြင့် နိုင်ငံရေးရဲ့ ကြေကွဲဝမ်းနည်းစရာ ဇာတ်ကွက်တွေဟာ ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ အင်မတန်မှ နုနယ်လှသေးတဲ့အရွယ်ကတည်းက စွဲထင်နေခဲ့တယ်လို့ ဆိုနိုင်တယ်ဗျာ။

နိုင်ငံရေး ပိုတုံးလုံးလေးဘဝ

အဲဒီနောက် ကျွန်တော် တစ်စတစ်စ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ပြည်တွင်းစစ်မီးအရှိန်ဟာလည်း တရွေ့ရွေ့ ကျလာခဲ့ပေမယ့် ကျွန်တော်တို့နိုင်ငံဟာ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ (အဲဒီတုန်းက) ဆိုရှယ်လစ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ မျှော်မှန်းချက်တွေနဲ့ အဝေးကြီးမှာရှိနေသေးတယ်ဆိုတာကို ကျွန်တော် သိမြင်နေစေတဲ့ နိုင်ငံရေး ဝန်းကျင်အနေအထားတွေက ဆက်ရှိနေခဲ့သေးတယ်ဗျ။


အထူးသဖြင့် ကျွန်တော်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း နိုင်ငံရေးနဲ့ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ အသိုင်းအဝိုင်း ဖြစ်တာကြောင့် ကျွန်တော်ဟာ နိုင်ငံရေးစကားတွေကို အမြဲလိုလိုကြားနေရ၊ သက်ရှိ နိုင်ငံရေးဇာတ်ကောင်တွေနဲ့ အမြဲလိုလို ထိတွေ့ဆက်ဆံနေခဲ့ရတဲ့ နိုင်ငံရေး ပိုးတုံးလုံးကောင်လေးဖြစ်နေခဲ့တယ်ဗျာ။ အခုကနေ ပြန်ကြည့်ပြီး ပြောရရင် အဲဒီတုန်းက ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုတောင်မသိဘဲ နိုင်ငံရေးရေစီးကြောင်းထဲ ခုန်ချကူးခတ်ဖို့ အားယူ ပြင်ဆင်နေခဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို တွေ့ရတယ်ဗျ။

ရန်ကုန်တက္ကသိုလ် ကျောင်းသား

နိုင်ငံရေး ရေစီးကြောင်းထဲ လွတ်လပ်အမှီအခိုကင်းစွာ ကိုယ့်သဘောနဲ့ကိုယ် အမှန်တကယ် လက်တွေ့ စတင်ခုန်ချကူးခတ်ဖြစ်တာက ရန်ကုန်တက္ကသိုလ်ရောက်မှ ဖြစ်တယ်ဗျ။ ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်တဲ့အချိန်မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ နိုင်ငံရေးလှုပ်ရှားမှုရေချိန်ဟာ အတော်ကလေး မြင့်မားနေပြီဖြစ်တာမို့ ကျွန်တော်တို့လို နိုင်ငံရေးကို နဂိုကတည်းက စိတ်ဝင်စားပြီးသားဖြစ်ကြတဲ့ မောင်မယ်သစ်လွင်ကလေးများအတွက်တော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဟာ ‘နတ်တို့ ဖန် ရေကန်အသင့် ကြာအသင့်’ ဆိုသလို ဖြစ်ခဲ့တာပေါ့ဗျာ။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့လို ဒီမိုကရေစီနိုင်ငံရေးကို စိတ်ပါဝင်စားကြတဲ့ ကျောင်းသားလူငယ်များအတွက် တင်းပြည့်ကျပ်ပြည့် နိုင်ငံရေးနယ်ပယ်ထဲသို့ မကူးပြောင်းမီ လေ့ကျင့်ကွင်းအဖြစ် ကိုယ့်ကိုယ်ကို ကြိုတင်ပြင်ဆင်လေ့ကျင့်ကြရာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးတို့ဟာ ၁၉၆၂ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းမှာ မြေခ ကြေမွ ပျက်စီးခဲ့ကြတယ်ဗျာ။ အဲဒီအဖြစ်အပျက်တွေနဲ့ တစ်ဆက်တည်းမှာ ကျွန်တော်ကိုယ်တိုင်လည်း လွတ်ရာကျွတ်ရာကို ပြေးလွှားပုန်းရှောင်ခဲ့ရသလို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ၊ သူငယ်ချင်းတွေဟာလည်း ထောင်ထဲရောက်သူ ရောက်၊ တောထဲရောက်သူရောက် ဖြစ်သွားခဲ့ကြရတယ်ဗျာ။

ပန်းတိုင်နဲ့ ဝေးရာဆီသို့

အခုဆိုရင် အဲဒီအဖြစ်အပျက်တွေဟာ နှစ်ငါးဆယ်လောက် လွန်မြောက်ခဲ့ပြီဖြစ်တယ်ဗျာ။ အဲဒီ နှစ်ငါးဆယ်ကာလဟာ ကျွန်တော်တို့ ပြည်သူလူထုအများစုကြီးအတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်ခဲ့တယ်ဆိုတာလည်း အားလုံး သိပြီးသားကိစ္စဖြစ်တာမို့ ကျွန်တော် အသေးစိတ် ချဲ့ထွင်ရှင်းလင်း ပြောပြနေစရာမလိုတော့ဘူးဗျ။

အဲဒီကာလအတွင်း နိုင်ငံ့ခေါင်းဆောင်အဆက်ဆက်က သူတို့ဟာ နိုင်ငံကို လွတ်လပ်လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ ပန်းတိုင်ဆီသို့ ဦးဆောင်ခေါ်ယူသွားနေတာဖြစ်ပါတယ်လို့ ပြောနေကြရင်းက နိုင်ငံဟာ အဲဒီပန်းတိုင်နဲ့ တခြား ဝေးသထက်ဝေးတဲ့နေရာကိုသာ ရွေ့လျားနေခဲ့တယ်ဆိုတဲ့ ဝါကျတစ်ကြောင်းနဲ့ အဲဒီနှစ်ငါးဆယ်ကာလကို အပီပြင်ဆုံး သရုပ်ဖော်နိုင်မှာ ဖြစ်တယ်ဗျ။

အမှောင်ခေတ် နိဂုံးချုပ်တော့မလား

အခုတော့ အဲဒီအမှောင်ခေတ် နိဂုံးချုပ်သွားတော့မယ့် အရိပ်အယောင်တွေကို တစ်နေ့တခြား ပိုမိုထင်ရှားစွာ မြင်လာနေရပြီဖြစ်တယ်ဗျာ။ နိုင်ငံရေးနယ်ပယ်ထဲကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခဲ့တဲ့ အချိန်ကစလို့ အခုအထိ ကျွန်တော့်ရဲ့ နိုင်ငံရေးဘဝလို့ဆိုနိုင်တဲ့ နှစ်ငါးဆယ် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အိပ်မက်တွေ အကောင်အထည် ပေါ်လာဖွယ်ရှိတဲ့ အခင်းအကျင်းတွေကို မြင်တွေ့ရစပြုနေပြီ လို့ ပြောချင်တယ်ဗျာ။

ဒီမိုကရေစီ ရနံ့သင်း

ရာစုတစ်ဝက်ကာလအတွင်း ကျွန်တော်တို့ဟာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခေါင်းဆောင်တွေရဲ့နှုတ်က ပြည်သူကို လေးစားတန်ဖိုးထားတဲ့စကားတွေကို ကြားနေရပါတယ်။ လုပ်ရပ်တွေကို မြင်နေကြရတယ်။ “နည်းနည်းလေးပဲ ရှိသေးတယ်” လို့ ဆိုစေဦးတော့ ဒီမိုကရေစီ ရနံ့သင်းတဲ့ လွှတ်တော်တွေကို တွေ့နေကြရတယ်။ ဒီမိုကရေစီ အရသာပါတဲ့ စာနယ်ဇင်းတွေကို ဖတ်နေကြရတယ်။ ဒီမိုကရေစီဝန်းကျင် အနေအထားတစ်ရပ်ကို ထိတွေ့ခံစားမိနေကြတယ်။ သတင်းစာသမားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် နှစ်ငါးဆယ်လောက် အသုံးပြုခွင့်မရခဲ့လို့ ကျွန်တော်တို့ရဲ့ ကလောင်တွေပေါ်မှာ တက်နေတဲ့ သံချေးတွေကို ဆေးကြောတိုက်ချွတ်ခွင့်ရလာခဲ့ကြတယ်။

မျှဝေခံစားစေချင်

ဒီလိုအခြေအနေမှာ ကျွန်တော့်ရင်ထဲဖြစ်ပေါ်နေတဲ့ ခံစားချက်တစ်ခုကတော့ ‘အစားကောင်းစားရရင် ခင်မင်တဲ့မိတ်ဆွေတွေကို သတိရတယ်’ ဆိုတဲ့ စကားလိုပဲ ကျွန်တော်တို့ အခု ရရှိခံစားရစပြုနေပြီဖြစ်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ဒီမိုကရေစီ တိုက်ပွဲအဆက်ဆက်အတွင်း ကျဆုံးသွားခဲ့ကြရရှာပြီဖြစ်တဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကို မျှဝေခံစားစေချင်တဲ့ဆန္ဒပဲ ဖြစ်တယ်ဗျ။

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုအတွင်း ကျွန်တော်နဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားရဲဘော် အတော်များများဆိုရင် အခုအချိန်မှာ လက်ချိုးရေလို့ရလောက်အောင် နည်းပါးနေပြီဗျာ။ ရိုးမမှာ ဖြုတ်ထုတ်သတ်ခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ကြရတဲ့ ကျောင်းသားရဲဘော်တွေ၊ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရမှုရဲ့ အကျိုးဆက်အဖြစ် ဘဝပျက်ပြီး နိုင်ငံရေးနယ်ပယ်ထဲက လွင့်စင်ပျောက်ကွယ်သွားခဲ့ကြရသူတွေလည်း အများကြီး ဖြစ်တယ်ဗျာ။

ရှစ်ဆယ့်ရှစ်လူထု အုံကြွမှုကြီးအတွင်း အိပ်ချိန်လောက်ကလွဲလို့ အတူလက်တွဲပြီး မမောတမ်း မပန်းတမ်း ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ၊ NLD ဒီချုပ်ပါတီအတွက် စည်းရုံးရေးခရီးတွေ အတူဆင်းခဲ့ကြ၊ ရွေးကောက်ပွဲအတွက် အတူဟောခဲ့ပြောခဲ့ကြ၊ ထောင်ထဲရောက်တော့လည်း တစ်ခန်းစီခြားနေခဲ့ကြရပေမယ့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးကြ၊ ချစ်ချစ်ခင်ခင် နောက်ပြောင်ကြ၊ သီချင်းတွေဆိုခဲ့ကြ၊ ကဗျာတွေရွတ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေကို အခုအချိန်မှာ သတိရနေမိတယ်ဗျာ။

သူတို့ကို လွမ်းမိတယ်

အထူးသဖြင့် ကဗျာအရေးကောင်းသလောက် သီချင်းအဆိုကောင်းတဲ့ ဆရာတင်မိုး၊ “အနှစ်နှစ်ဆယ်ဆိုပါလားဟေ့” ဆိုတဲ့ သမိုင်းဝင်ကဗျာကို ဖတ်ပြလေ့ရှိပြီး ခေါင်းရော ခါးပါ စောင်းနေတဲ့ကြားက အံ့သြလောက်စရာ စိတ်ဓာတ်မာကြောကြံ့ခိုင်စွာ ရပ်တည်ပြသွားခဲ့တဲ့ ကျွန်တော့်ကိုလည်း တစ်သက်မမေ့နိုင်စရာ သြဝါဒတွေကို ချွေသွားခဲ့တဲ့ ဆရာမောင်သော်က၊ ယုံကြည်ချက် ခိုင်မာပြတ်သားသလောက် အဟောအပြောကောင်းလှတဲ့ ခရမ်း ကိုတင်မောင်ဝင်း၊ အသည်းရောဂါကြောင့် တစ်နေ့တစ်ခြား နံရိုးအပြိုင်းပြိုင်း ကမ္မဌာန်းရုပ်ပေါက်လာရာက ဆေးရုံလည်းပို့ရော အသက်ပါပျောက်သွားတဲ့ ကိုတင်သိန်းမောင် ခေါ် ကိုသိန်းတင်၊ ကိုတင်သိန်းမောင်ကို ပြုစုရာက သူပါ အသည်းရောဂါဖြစ်ပြီး ကွယ်လွန်သွားရှာတဲ့ ဗိသုကာ ဦးကျော်မင်း စတဲ့ စတဲ့ ခံဖော်ခံဖက် ရဲဘော်ရဲဘက်တွေကို အခုလို နေသာပွင့်လင်းလာနေတဲ့အချိန်မှာ အထူး လွမ်းဆွတ်တသနေမိတယ်ဗျာ။

သူတို့ ပြည်တော်ပြန်ချိန်

အကျဉ်းထောင်တွေထဲမှာ ကွယ်လွန်သွားခဲ့ကြရရှာတဲ့ အဲဒီရဲဘော်တွေအပြင် ပြည်ပကို ထွက်ခွာသွားခဲ့ကြရတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကိုလည်း သတိရနေမိတယ်ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့နည်းနည်းပါးပါး မြည်းစမ်းခွင့်ရရှိနေကြပြီဖြစ်တဲ့ ဒီမိုကရေစီရဲ့အရသာကို သွားလေသူ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်ရဲဘက်တွေကတော့ စားသုံးခွင့်မရနိုင်ရှာကြတော့ပါဘူး။ ဒါပေမယ့် ပြည်ပရောက်နေကြတဲ့ ရဲဘော်ရဲဘက်တွေကတော့ မကြာခင်မှာ ကျွန်တော်တို့နဲ့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့ ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြုံစွာ ပြည်တော်ပြန်လာနိုင်ကြလိမ့်မယ်လို့ ယူဆနေမိကြောင်းပါဗျာ။

မောင်ဝံသ
၃၁၊ ၀၁၊ ၂၀၁၂

ယခုအပတ်ထုတ် True News သစ္စာဂျာနယ်ပါ မောင်ဝံသ မှန်တာပြောသစ္စာ ဆောင်းပါး။

No comments: