ကရင်မျိုးဟေ့ ဒို့ဆရာ
ခေတ်ပျက်တော့ အဖိုး ကောင်းကောင်း မမှတ်မိတော့ဘူး။ အဖွားနဲ့ ပြန်နေတယ်။
အဖိုးက အဖိုးဆရာကို ပြောတယ်။
“ဆရာ ကျနော် ဘာလုပ်ရမလဲ”
“ဆရာ ကျနော် ဘာလုပ်ရမလဲ”
“ဓားရှည်သာ ကိုင်ကွာ” တဲ့။
ဓားရှည်ကိုင်တယ်ဆိုတာက မြက်ခုတ်ခိုင်းတာ။ လယ်လုပ်ခိုင်းတာ။
ဘုန်းကြီးကျောင်းကနေ ခရစ်ယာန်ကျောင်းကို ပြောင်းတော့ လေးတန်းမှာ အဖိုးအသက်က ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ထဲမှာပေါ့။ လယ်အလုပ်တော့ အဖိုးက မလုပ်ချင်ဘူး။ ကျောင်းပဲနေချင်သေးတာ။
ဒါပေမယ့် ခေတ်ကပျက်ပြီ။ သခင်တွေကလည်း တက်လာပြီ။
သခင်တွေ တက်လာတဲ့ အချိန်ကလည်း ရွာတွေမှာ ကသောင်းကနင်းနဲ့ ဖြစ်နေတဲ့အချိန်။ လုတာတွေ၊ ယက်တာတွေ၊ ဓားပြတိုက်တာတွေကလည်း ရွာတိုင်းလိုလိုမှာ ဖြစ်တယ်။
အဖိုးတို့အမေဘက်က အမျိုးတွေက ချမ်းသာတာကိုး။ သူတို့က သေနတ်နှစ်လက် ဝယ်ထားတယ်။ အဖိုးက ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်သားဆိုတော့ နည်းနည်း ဗလတောင့်တယ်။ အဖိုးအကိုတွေက ပြောတယ်။
“မပေးနဲ့။ ဒီကောင် သေနတ် မနိုင်သေးဘူး”
အဖိုးက ဓားပဲ ကိုင်ရတယ်။ ဒါပေမယ့် အဖိုးက သေနတ်ကို ကိုင်ချင်တယ်။ အကိုတွေက ညညဆိုရင် သေနတ်တွေ ထုတ်ကိုင်တယ်။ ရွာကို ဓားပြတွေလာရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကိုင်တာ။
ညဘက် သူတို့ အိပ်ရင် “ဟေ့ကောင်တွေ မင်းတို့အိပ်။ ငါ့ကိုသေနတ်ပေးထား”
သူတို့က ပေးထားတယ်။ အိပ်ချင်တာကိုး။ ကိုယ်ကလည်း သိပ်ဝါသနာရှိတယ်။
ဒါပေမယ့် သူတို့က “မင်း ပေါက်ကရတွေ မလုပ်နဲ့နော်။ ဓားပြလာမှ ပစ်”
“အေးပါ” ဒီလိုပြောပြီး အဖိုးက သူတို့အစား စောင့်ရတယ်။
ဒီအချိန်မှလည်း သေနတ်က ကိုင်ရတာကိုး။
သခင်တွေက ရွာတွေကိုလာပြီး စည်းရုံးရေးတွေ ဆင်းကြတယ်။
အဖိုးတို့ရွာတွေကိုလည်း ရောက်တာပေါ့။
အဖိုးဦးလေး ဦးငယ်ကပြောတယ်။ မနက်ဖြန် သခင်တွေ လာမယ်။
သူတို့က “သခင်မျိုးဟေ့၊ တို့ဗမာ” ဆိုရင် မင်းတို့ကလည်း နောက်ကနေ “တို့ဗမာ”လို့ လိုက်အော်ရမယ်။
သူတို့က “ကရင်မျိုးဟေ့ တို့စရာ” ဆိုရင် မင်းတို့လည်း “တို့စရာ” လို့ လိုက်အော် တဲ့။
ရွာလူကြီးက ပြောခိုင်းတော့ ဦးငယ်က ရွာကအိမ်တွေကို ဒီလိုလိုက်ပြောရတာပေါ့။
အဖိုးက ဦးလေးကို မေးတယ်။
“ကရင်ပဲကွာ။ ကရင်ဆိုတော့ စောတို့။ မန်းတို့ပေါ့။ ဘာဖြစ်လို့ တို့စရာလို့ အော်ရမှာလဲ”
“ဟေ့ မင်း စကားမများနဲ့ တို့စရာဆိုတာက တို့တို့စားတဲ့ တို့စရာကို ပြောတာ။ ကန်ဇွန်းရွက်တို့၊ လယ်ပတူရွက်တို့ကို ပြောတာ။ မင်း စကားမများနဲ့” တဲ့။
အဖိုးလည်း မပြောတော့ဘူး။ စိတ်ထဲမှာ ထောင်းခနဲ ဒေါသတော့ ထွက်တယ်။ မနက်ကျတော့ လာရောဟေ့ သခင်အလံတွေနဲ့ ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလံတွေ ထောင်ပြီးတော့။
အကိုတွေက အဖိုးကို ခေါ်တယ်။ “သခင်တွေလာတယ် သွားရအောင်” တဲ့။
“မင်းတို့ပဲ သွား ငါ မလိုက်ဘူး။ ဒီကောင်တွေကို ငါတခုခု လုပ်မိလိမ့်မယ်”
အဖိုးက မလိုက်ဘူး။ ရွာအဖျားမှာ သွားနေတယ်။
အဲ့ဒီတုန်းက အဖိုးနေတာက တုန်းလှဲချောင်းရွာ။ အိမ်ခြေ ၆ဝ လောက်ရှိမယ်။ အဖိုးကို အကိုတွေက ပြောတယ်။
“မင်းက တော်တော် စိတ်ဆတ်တဲ့ကောင်” တဲ့။ အဖိုး ရွာဖျားမှာ သွားနေပေမယ့် သူတို့အော်တာ အဖိုး ကြားရတယ်။
“သခင်မျိုးဟေ့ တို့ဗမာ”
“ကရင်မျိုးဟေ့ တို့စရာ”
သူတို့ ရှေ့ကနေ တိုင်ပေး၊ လူထုတွေက နောက်ကနေ လိုက်ပြီးအော်ကြတာပေါ့။
အဖိုးကြားတော့ အဖိုး တော်တော်ဒေါသထွက်တယ်။
ဒါကို အဖိုးတို့က ကေအဲန်ယူလည်း ပေါ်လာရော။ တော်လှန်ရေးလည်း စလာရော။ အဖိုးတို့က ဘယ်လိုပြန်လုပ်သလဲဆိုတော့ …
“သခင်မျိုးဟေ့ ဒို့ဗမာ၊ ကရင်မျိုးဟေ့ ဒို့ဆရာ”
“ဒို့ဗမာ အကုန်ပျောက် ဒို့ဆရာ မှိုလိုပေါက်” ဆိုပြီးတော့ အဖိုးတို့ ပြန်လုပ်တယ်။
အဖိုးတို့ မြစ်ဝကျွန်းပေါ်မှာ စကားက အဲဒီလိုပြန်ဖြစ်တာ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment