စော်ဆောင်း စော်ဆောင်း ကောင်းတယ် ကောင်းတယ်
အဖိုးတို့ အင်းစိန်မှာနေတုန်းက ဓားပြတိုက်တာ ရှိသေးတယ်။ ရံပုံငွေလိုပြီဆို ဓားပြတိုက်တာပဲ။ ရလာတဲ့ငွေက ရံပုံငွေပေါ့။ ဟိုတုန်းကဆို အဖိုးက ဗမာကို သိပ်မုန်းတာ။ ဓားပြတိုက်မယ့်ရွာကို အရင်မေးတယ်။ ဘာရွာလဲ။ ကြက်တူရွေးတောင်ပက်လက် တဲ့။ ညောင်တုန်းမြို့နယ်ထဲက။ အဲဒီရွာက ကရင်ရွာ။
“ဟာ ကရင်ရွာဆိုရင် မတိုက်ဘူးကွာ။ မင်းတို့ကလည်း ကရင်အတွက်လုပ်နေပြီး ကရင်ရွာတိုက်လို့ ဘယ်ဖြစ်မလဲ”
ကရင်ရွာဆိုတာ လမ်းရောက်မှ သိရတာ။
အဖိုးက … “မတိုက်ဘူး။ ငါ ပြန်မယ်။ မင်းတို့ မပြန်ဘူးလား။ မပြန်ရင်နေ”
အဖိုးလည်း သေနတ်ယူပြီး ပြန်လာတယ်။ သူတို့လည်း အဖိုးနောက်ကို ပြန်လိုက်လာတယ်။
အဖိုးက ကရင်တွေကို မတိုက်ဘူး။ ဗမာတွေဆို အကုန်တိုက်။ ကရင်နဲ့ ဗမာနဲ့ရှိရင် ဗမာတွေကိုပဲ ရွေးရွေးပြီး တိုက်တာ။ တရုတ်တွေကိုလည်း တိုက်။ ကုလားတွေကိုလည်း တိုက်။ ဗမာတွေကိုလည်း တိုက်။ သူတို့က အဖိုးကို ကြောက်ကြတာပေါ့။
‘ဓားပြ ဓားပြ’ တဲ့။
စိတ်မထင်ရင် လူသတ်တာ တဲ့။ သူတို့ ထင်လို့ပါ။ အဖိုးက လူတော့ မသတ်ဘူး။ ပိုက်ဆံတွေ၊ ရွှေတွေ ထုတ်မပေးရင်တော့ ဓားပြားနဲ့တော့ နည်းနည်းပါးပါး ရိုက်တာပေါ့။ သူတို့ သိပ်ကြောက်ကြတာ။
သူတို့ကြောက်ကြတော့ ‘ကျော်သောင်း မြန်မြန်သေပါစေ’ တဲ့။ ကျိန်ကြတယ်။
တရွာလုံး လင်ရော၊ မယားရော၊ တရုတ်၊ ဗမာ၊ ကုလား အကုန်ကျိန်ကြတာ။ သူတို့ကျိန်တာ အဖိုး ဘယ်သိမလဲ။ သူများပြန်ပြောလို့ သိရတာပေါ့။
ကျိန်တာကတော့ အဖိုး ဘယ်လိုမှ မလုပ်တတ်ဘူး။ ကျိန်ကြပါစေပေါ့။ ဟုတ်လည်း ဟုတ်နေတာကိုး။ နောက်တော့ မူ ပြောင်းသွားတယ်။ ဓားပြ မတိုက်ရတော့ဘူး။
နယ်တိုင်း၊ နယ်တိုင်း ကာကွယ်ရေးတွေ ထားတာကိုး။ ငြိမ်းချမ်းရေးတွေ လုပ်။ အမှုအခင်းတွေရှိခဲ့ရင် မှန်မှန်ကန်ကန် လုပ်ကြ။ မမှန်ရင် မင်းတို့ သေမယ်။ အဖိုးက တရားစီရင်ရေးစာအုပ်တွေ လေ့လာတာကိုး။
အဲဒီအချိန်ကျတော့ တရုတ်တွေက ပြောတယ်။
“စော်ဆောင်း၊ စော်ဆောင်း ကောင်းတယ်နော်။ ဟိုးတုန်းက အားကြီးဆိုးတာ။ အခုတော့ ကောင်းမှကောင်း၊ အသက်ရှည်ပါစေ”
အဖိုး စဉ်းစားကြည့်တော့ သူတို့ ပြောတာဟုတ်တာပဲ။ ငါ ဆိုးတုန်းက ဆိုးတယ်လို့ ပြောတယ်။ အခု ငါ ကောင်းတော့ ကောင်းတယ်လို့ ပြောတာပဲလို့။
ဒီတော့ ငါ ဘာဆက်လုပ်လဲ။ ငါ့အမေ ငါ့ကို မွေးထားတုန်းက လူကောင်းပဲ။ ဖဲရိုက်တာ၊ အရက်သောက်တာ၊ သူများကို ရိုက်တာ၊ သတ်တာတွေ အမေ မကြိုက်ဘူး။
အဖိုးက အဖိုးအမေကို သိပ်ချစ်တာ။ အဖိုး ၁၁ နှစ်သား မပြည့်ခင်ထဲက အဖိုး အမေ သေသွားတာ။ အဲဒါနဲ့ နေ့တိုင်း မျက်ရည်ကျတယ်။ ဆိုးတာတွေပြန်စဉ်းစားပြီး ငါဒီလိုသာဖြစ်နေရင် ငါ့အမေ၊ အဖေပါ ထိခိုက်မယ်။
“ဟာ မဖြစ်ဘူး။ ဒီအလုပ်တွေ ငါ မလုပ်တော့ဘူး”
မလုပ်တော့ဘူးဆိုတာ တကယ်မလုပ်တော့တာ။ ခုနပြောတဲ့ဟာက ဂျပန်ခေတ်မှာ အဖိုးတို့ ဓားပြတိုက်ကြတာ။
အဖိုးတို့ ဓားပြခေါင်းဆောင်က ကုလားကပြား ဟောလီးယားတို့ ရှိသေးတယ်။ နာမည်တွေ မေ့ကုန်ပြီ။ အဖိုးကိုလည်း သိပ်ချစ်တာ။ အဲဒီအချိန်တုန်းကဆို ဝါးခယ်မမြို့အစပ်အထိ သွားတိုက်တာ။ ပိုက်ဆံအိတ် ဆယ့်လေးငါးအိတ် ရတယ်။ ရွှေငါးစောင်၊ အဝတ်အစား၊ ပိုက်ဆံဝေစုရတယ်။ မနက် မိုးလင်းလို့ ပြန်လာရင် လမ်းမှာ အဖိုးကြီး၊ အဖွားကြီးတွေတွေ့တော့ အဲဒီရွှေငါးစောင်ကို အဖိုး ပေးလိုက်တာပဲ။ အဝတ်အစားတွေဆိုရင် မရှိတဲ့လူတွေကို ပေးလိုက်တာပဲ။
ဂျပန်ခေတ်က အဝတ်အစား ရှားတယ် မဟုတ်လား။
အောင်မယ် အဖိုးက အင်္ကျီအကောင်းစားတွေနဲ့ ကျကျနန။
လူကတော့ ဓားပြ။ ပိုက်ဆံဆိုရင် ဆင်းရဲချို့တဲ့တဲ့လူတွေကို ပေးလိုက်တာပဲ။
တချို့ကိုတော့ ဖဲရိုက်တယ်။
နိုင်တာလည်းရှိ။ ရှုံးတာလည်းရှိပေါ့။ ဒီလိုနဲ့ အဖိုးဘဝ ကျင်လည်ခဲ့ရတာ။
အဖေအမေ ကြိုက်မှာ မဟုတ်ဘူးလို့ ပြန်စဉ်းစားပြီး အဲဒီအလုပ်တွေကိုတော့ အဖိုးမလုပ်တော့ဘူး။
အကုန်လုံးကို ဖြတ်လိုက်တာ။
ကျုံးကြီးလမ်း ဓားပြ
၁၉၄၇ ခုနှစ် အင်းစိန်မှာ ဓားပြတခါ တိုက်သေးတယ်။
“ဟေ့ကောင် ရံပုံငွေ မရှိတော့ဘူးကွ။ ဓားပြ သွားတိုက်မယ်။”
“ဘယ်မှာ သွားတိုက်မှာလဲ”
“ကျုံးကြီးလမ်းမှာ”
“မင်းတို့ ကျုံးကြီးလမ်းက ဘယ်မှာလဲ”
“ရန်ကုန် ဟိုဘက်နားမှာ”
“မင်းတို့ သွားလေ့လာပြီးပြီလား”
“ငါ နေ့လည်ဘက် သွားကြည့်ထားပြီးပြီ။ မင်း မပူနဲ့ ရတယ်”
အဖိုးတို့ ၅ ယောက် သွားတယ်။ ၃ ယောက်က အောက်မှာ စောင့်တယ်။ အဖိုးက တောသားဆိုတော့ မီးခလုတ်တွေ၊ ဘာတွေ နားမလည်ဘူး။ ဟိုကောင်တွေက နားလည်တာကိုး။ အဲဒီအိမ်မှာ ဒရဝမ် ကုလားတယောက် ရှိတယ်။ အဖိုးတို့သွားတော့ သူက တုတ်အရှည်ကြီးနဲ့ တံခါးဝမှာ လာတယ်။ အဖိုးက ပျဉ်ချပ်တချပ်ကို ကောက်ကိုင်ပြီးတော့ ...
“ဟေ့ကောင် မင်း တံခါးကို အခုဖွင့်။ မဖွင့်ရင် မင်းကို ပစ်သတ်မယ်”
ဒရဝမ်က ကုလား။ အိမ်ရှင်က ဗမာ။ ကုလားက ဖွင့်ပေးတယ်။
အဖိုးက “မင်း အဲဒီနားမှာပဲနေ။ မင်းကို တို့ ဘာမှမလုပ်ဘူး”
ကုလားက အဖိုးတို့ကို ကြောက်တယ်။ တံခါးပွင့်သွားတော့ အဖိုးတို့ အိမ်ပေါ်ကို တက်သွားတယ်။ အပေါ်ရောက်တော့ တံခါးတခု ရှိတယ်။ အဲဒီတံခါးကို ဖွင့်ပြီးရင် အကုန်လုံး ဝင်လို့ရတယ်။
တံခါးက သံပြားနဲ့လုပ်ထားတဲ့ ဘာဂျာတံခါး။
“ဟေ့ကောင်တွေ ဘယ်လိုလုပ်ရမလဲကွ”
အဖိုးစဉ်းစားတယ်။ “ဓားမြောင်ယူပြီး အပေါက်ထဲထိုးထည့်ပြီး ကလိလိုက်ကွာ”
သူတို့ ကြာကြာကလိတော့ ဘယ်ခံနိုင်မလဲ။ တံခါးပွင့်သွားတာပေါ့။ တံခါးကို အသာလေး ဆွဲဖွင့်လိုက်တယ်။
“ဟေ့ကောင် လာခဲ့”
မီးဖွင့်တတ်တဲ့အကောင်ကို ခေါ်လိုက်တယ်။ အဖိုးမှ နားမလည်ပဲ။
သူက ဟိုကြည်ဒီကြည့်၊ လက်ညှိုးလေးနဲ့ တို့လိုက်တော့ မီးက ပွင့်သွားတယ်။ အဖိုးက ကြည့်နေတယ်။ တယ်ဟုတ်ပါလား။ အိမ်က နှစ်ထပ်ကိုး။ အဲဒါနဲ့ အပေါ်ထပ်ရောက်သွားတယ်။
အချိန်က တပေါင်း၊ တန်ခူးကြီးကိုး။ အပေါ်ထပ်ရောက်တော့ အခန်းတွေရှိတယ်။ အခန်းတခန်းကို အဖိုးက ဖွင့်လိုက်တယ်။ ညီအစ်မသုံးလေးယောက် အိပ်နေကြတာ။ ကိုယ်တုံးလုံးတွေနဲ့။ အဖိုးတံခါးကို ပြန်ပိတ်လိုက်တယ်။
နောက်ကကောင်က “ဘာလဲ” တဲ့။
“မင်း ပါးစပ်ပိတ်ထား” နောက်တခန်းကိုသွားမှ အိမ်ရှင်လင်မယား အိပ်တာကို တွေ့တယ်။
အဖိုးက အိမ်ရှင်ယောက်ျားကို “ဟေ့ကောင် ထ ထ” လို့ပြောပြီး သေနတ်နဲ့ ထောက်ထားလိုက်တယ်။ အဖိုးတို့ထဲက ကောင်တွေကလည်း တယ်လီဖုန်းကြိုးတွေ ဖြတ်ထားပြီးပြီ။
နောက်တော့ သူ့မိန်းမကိုလည်း နှိုးလိုက်တယ်။ အဖွားကြီးကတော့ တို့ကို ကြောက်တယ်။
အသက် ၄ဝ ကျော် ၅ဝ လောက်ရှိမယ် ထင်တယ်။
“ပစ္စည်းတွေထုတ်” လို့ ပြောတော့ …
“မရှိပါဘူး” တဲ့။
“မရှိဘူးလို့ မပြောနဲ့။ ခင်ဗျားတို့သတင်းတွေ ကြားထားတာ အတိအကျပဲ”
ဒါနဲ့ သူတို့ကလည်း “ပေးပါ့မယ်။ သတ်တော့ မသတ်ပါနဲ့” တဲ့။ အဖိုးတို့ကို ရှိခိုးတယ်။
မီးခံသေတ္တာနေရာကိုတော့ အဖိုးတို့ လိုက်သွားတယ်။ ပိုက်ဆံတွေ၊ ရွှေတွေ ရှိတယ်။ ပါလာတဲ့ကောင်တွေက အကုန်လုံးထည့် ထည့်ပြီးတော့ …
“ကုန်ပြီလား”
“ကုန်ပြီ။ သတ်တော့ မသတ်ပါနဲ့။ မယုံရင် ရှာကြည့်” တဲ့။
“မသတ်ဘူး။ ကျနော်တို့ လာတိုက်တာကလည်း ကျနော်တို့စားဖို့ မဟုတ်ပါဘူး။ ကျနော်တို့ ရံပုံငွေရှာတာပါ။ ခင်ဗျားတို့လည်း ကုသိုလ်ရတာပေါ့”
သူတို့ကလည်း “ဟုတ်ကဲ့ ဟုတ်ကဲ့” နဲ့။ အဖိုးတို့လည်း ပြန်ဆင်းလာတယ်။ ပြန်ဆင်းလာတော့ ဒရဝမ်ကုလားက တံခါးဘေးမှာ ထိုင်နေတယ်။ ပိုက်ဆံ လေးငါးရာလောက် ကုလားကို ပေးလိုက်တယ်။ “မင်း ဘယ်သူ့မှ လျှောက်မပြောနဲ့နော်။ ပြောရင် မင်းကိုသတ်မယ်”
ပိုက်ဆံလေးကို နမ်းနမ်းပြီးတော့ ကုလားက ဝမ်းသာလို့ “မပြောပါဘူး” တဲ့။
အဲဒါနဲ့ ဂျစ်ကားလေးမောင်းပြီး အဖိုးတို့ ပြန်လာတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment