Sunday, March 4, 2012

တချက်လောက်တော့ ငဲ့ကြည့်ကြပါ (ထိုက်)

မိတ်ဆက်
 
အရင်ကလည်း သမီးထိုက်ရဲ့ဆောင်းပါးတချို့ ကျွန်တော့် FB မှာ တင်ပေးဖူးပါတယ်။ အခု ဆောင်းပါးက တိုင်ရီစက်ရုံ ဆန္ဒပြပွဲ သတင်းကြားရချိန် ရေးပို့လိုက်တာပါ။ ပြည်သူ့ခေတ်ဂျာနယ်၊ ယခုအပတ်ထုတ်မှာ ဖော်ပြပြီးပါပြီ။

ထိုက်ရေးတဲ့ စင်ကာပူကပေးစာတွေကို သီဟပူရ ဒိုင်ယာရီ အမှတ် ၄၅ အထိ ပေါင်းစုပြီး အလင်းတန်းဂျာနယ်နဲ့ အတွေးအမြင်စာစောင်မှာ ရေးခဲ့တာတွေနဲ့ စုစည်းကာ ‘ဒီလိုနဲ့ပဲ ခြင်္သေ့မြို့မှာ’ ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ထားပါတယ်။ ယခုလဆန်းက စဖြန့်ခဲ့ပါတယ်။ ဒီဆောင်းပါးက အမှတ် ၇၃ ပါ။


"ရန်ကုန်ကို အလည် တခါပြန်တိုင်း လူတွေက ညှိုးညှိုးငယ်ငယ်လေးတွေနဲ့ ပိုပိုပြီး နွမ်းလာတာကိုမြင်နေရတာ နိုင်ငံရဲ့လူဦးရေ ရာခိုင်နှုန်း အများစုဖြစ်တဲ့ တကယ့်ပြည်သူတွေရဲ့ဘဝတွေ အဆင်မပြေသရွေ့ သူတို့ဆီ ဘာမှမရောက်သရွေ့ သူတို့ ဘာမှ မခံစားရသရွေ့တော့ ဘာတွေ ပြောင်းလဲတာလဲလို့ မေးချင်လာတယ် ..."

မြန်မာပြည်က တနာရီလုပ်ခ 

ဝလုံးရေ … တပတ်လုံး မိုးလင်းမိုးချုပ် အလုပ်သွားနေပြီး ပိတ်ရက်တွေကျမှ ကိုယ်လုပ်စရာရှိတာတွေ လုပ်ရ သွားစရာရှိတာတွေ သွားရသလို ဘာမှ သွားစရာလုပ်စရာမရှိတဲ့ ရက်တွေမှာတော့ ဝယ်ထားတဲ့ ဂျာနယ်တွေကို အတိုးချပြီး အမြဲဖတ်ဖြစ်တယ်။ သူငယ်ချင်းတချို့ကတော့ သတင်းတွေမသိရလို့လဲ ဘာမှမဖြစ်ပါဘူးဆိုပြီးနေကြပေမယ့် ကိုယ်ကတော့ မသိဘဲ မနေနိုင်တာမို့ ဖတ်နေတာပါပဲ။ ဟိုရက်တွေကတော့ အွန်လိုင်းသတင်းတွေထဲမှာရော ဂျာနယ်တွေထဲမှာပါ တိုင်ရီ ဖိနပ်စက်ရုံက ဝန်ထမ်း ၁၈၀၀ ကျော် လုပ်ခတိုးပေးဖို့ ဆန္ဒပြနေတဲ့သတင်းတွေ ဖတ်ရတယ်။ ဒီနေ့တော့ သေချာဖတ်ကြည့်မှ အရင်ကပေးနေတာ တနာရီကို ၇၅ ကျပ်နဲ့ အခု တိုးပေးမယ်ဆိုပြီး ပိုင်ရှင်က ညှိနှိုင်းတာက ၉၀ ကျပ် ဒါမှမဟုတ် ၁၀၀ ကျပ်တဲ့။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒဆက်ပြနေတာ အခုရေးနေတဲ့ အချိန်အထိ မပြီးသေးဘူး။

အရင် ငါ ရန်ကုန်မှာလုပ်ခဲ့တဲ့ ဒုတိယမြောက်အလုပ်က မင်္ဂလာဒုံက အထည်ချုပ်စက်ရုံတခုမှာမို့ စက်ရုံတွေရဲ့ လုပ်ငန်းသဘာဝ အလုပ်သမတွေရဲ့ နေ့စဉ်ဘဝတွေကို ထဲထဲဝင်ဝင်သိခဲ့တာမို့ အခု ဒီသတင်းကိုဖတ်ရတဲ့အချိန်မှာ ရင်ထဲ တော်တော်မကောင်းဖြစ်ရတယ်။ အခုလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့အချိန်မှာ ကြားရတော့ ပိုဆိုးတယ်။ တချိန်တည်းမှာပဲ စေတနာ့ဝန်ထမ်း ဝင်ပြီးဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ ကိုယ်စားလှယ်တွေကိုလည်း သိပ်ချီးကျုးမိတယ်။

စင်ကာပူက အလုပ်သမားတွေ

ငါ့ အခုအလုပ်မှာ အလုပ်သမားတွေရဲ့ လခတွေကိုပါ လစဉ်တွက်ချက်ပေးနေရတာမို့ ဘယ်သူက ဘယ်လောက်ရတယ် ဆိုတာ အကုန်မြင်နေ သိနေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေမှာတောင် လူမျိုးနဲ့ လုပ်သက်ရယ် အလုပ်ကျွမ်းကျင်မှုပေါ်မှာ မူတည်ပြီး လုပ်ခက အနည်းအများ ကွာကြတယ်။ ထုံးစံအတိုင်း အဲလို ပင်ပန်းတဲ့အလုပ်မျိုးမှာ ဘယ်စင်္ကာပူလူမျိုးကိုမှ မတွေ့ဖူးဘူး။ မလေးရှားလူမျိုးတောင် တော်တော်ရှားပါတယ်။ ဘင်္ဂလားလူမျိုးတို့၊ ထိုင်းလူမျိုးတို့က အများစုပဲ။ ကံဆိုးကံကောင်းလားတော့ မသိဘူး။ မြန်မာလူမျိုး ၂ ယောက်ကိုပါ အသစ်ထပ်ခန့်လိုက်တာမို့ သူတို့ရဲ့ ရုန်းကန်ရတာတွေကိုပါ သိခွင့်ရပြန်တယ်။ 

ဆောက်လုပ်ရေးအလုပ်သမားတွေ တော်တော်များများဟာ နေ့စားလို့ခေါ်ရမယ့် လုပ်တဲ့နေ့ လုပ်ခရပြီး ပျက်တဲ့နေ့ လုပ်ခမရတဲ့သူတွေချည်းပါပဲ။ တနေ့ကို ပုံမှန်အလုပ်ချိန် ၈ နာရီ နဲ့ ကျန်တာကို အချိန်ပိုကြေးပေးရပါတယ်။ လုပ်ခကိုလဲ တနာရီနှုန်းနဲ့ တွက်ပေးတာပါ။ ဒီမှာက ဈေးကွက်နှုန်း (market rate) လို့ခေါ်တဲ့ ပုံသေ လစာသတ်မှတ်ချက်တွေ ရှိပါတယ်။ အနည်းဆုံး သတ်မှတ်ထားတဲ့ အခြေခံလစာထက် လျှော့ပေးလို့မရပါဘူး။ အလုပ်ရှင်က သူ့အလုပ်သမားအားလုံးအတွက် အလုပ်စခန့်လိုက်တာနဲ့ လုပ်ငန်းခွင်ကာကွယ်မှု အာမခံ ထားပေးရပါတယ်။ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံတက်ဖို့အတွက် တနှစ်ကို စင်ကာပူဒေါ်လာ ၁၅၀၀၀ ထက်မနည်းရတဲ့ ကျန်းမာရေးအာမခံ ထားပေးရပါတယ်။ 

အဲဒီ ၂ ခုကို တခုထဲ ထားလို့မရပါဘူး။ အလုပ်ခွင်မှာ ထိခိုက်တာမဟုတ်ဘဲ ရောဂါကြောင့် နာမကျန်းဖြစ်တာအတွက်ပါပေးရတာမို့ သတ်သတ်တခုစီ မဖြစ်မနေ ထားပေးရတာပါ။ နေဖို့အဆောင် စီစဉ်ပေးရပါတယ်။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းအောင် ဦးထုပ်၊ ဖိနပ်၊ ဝတ်စုံ အကုန် တာဝန်ယူရပါတယ်။ အက်စီးဒင့်တခုခုဖြစ်လို့ အလုပ်သမား ဝန်ကြီးဌာန (MOM- Ministry of Manpower) က လာစစ်လို့များ အဲဒါတွေ လုပ်ပေးထားတာ မရှိရင် ထောင်ဒဏ်တွေရော ငွေဒဏ်တွေရော ပေးပေတော့ပါပဲ။ စင်ကာပူမှာ MOM က အင်မတန် သြဇာကြီးပါတယ်။ သူ့ရဲ့ စည်းမျဉ်းဥပဒေတွေကိုဖောက်ပြီး ဘယ်သူမှ မလုပ်ရဲဘူး။ စုန်းပြူးဖောက်တတ်တဲ့ အလုပ်ရှင်တွေလည်း မိပြီဆိုရင် ချထားတဲ့ဒဏ်ကြေးတွေကို မပေးမနေ ပေးကြရတယ်။

စင်ကာပူက တနာရီလုပ်ခ

ဝလုံးရေ ... ထုံးစံအတိုင်း စက်ရုံတို့ ဆောက်လုပ်ရေးလုပ်ငန်းတို့က အလုပ်သမားတိုင်းလိုလိုဟာ အချိန်ပိုကြေး အိုဗာတိုင်ကို အားထားနေရတာမို့ တလကို တခါတလေ ၂၈ ရက် တခါတလေ ရက် ၃၀ လုံးလုပ်ကြရသလို မနက် ၇ နာရီကနေ ည ၁၀ နာရီ ၁၁ နာရီအထိ လုပ်ကြပါတယ်။ ငါ အခုအတွေ့အကြုံအရတော့ ဒီအလုပ်သမားတွေရဲ့ အနည်းဆုံး လုပ်ခဟာ တနေ့ကို ၁၈ ဒေါ်လာပါ။ တနာရီကို ၂.၂၅ ဒေါ်လာပါ။ မြန်မာငွေနဲ့ဆိုရင် ၁၄၄၀ကျပ် လောက် ရှိပါတယ်။ အဲဒီကမှ အဆင့်ဆင့် ၂၄ ဒေါ်လာ။ ၃၀ဒေါ်လာနဲ့ တကယ့်ကို လုပ်သက်ရင့်နေပြီဆိုရင် ၄၀ လောက်အထိ ရပါတယ်။
အနည်းဆုံးလုပ်ခကိုရတဲ့သူဟာ ခုန ပြောသလို နေ့ရော ညရော နားရက်မရှိ အလုပ်လုပ်ရင် တလကို စင်ကာပူ ဒေါ်လာ ၁၂၀၀ လောက် ရပါတယ်။ ငါပြောတဲ့ မြန်မာလူမျိုး ၂ ယောက်ဟာ အခုမှစတဲ့ အသစ်တွေမို့ ဒီအနည်းဆုံးအဆင့်ထဲ ပါပါတယ်။ သူတို့ရဲ့လုပ်ခတွေကိုတွက်ပြီးတိုင်း သနားနေမိတဲ့ငါဟာ အခု မြန်မာပြည်ကသတင်းကို ဖတ်ပြီးတဲ့ အချိန်မှာတော့ ရင်ထဲမှာ ယူကျုံးမရ ပိုဖြစ်မိတယ်။

မြန်မာလူမျိုး နာမည်ခံ စက်ရုံ

ပိုဆိုးသွားတာက ပိုင်ရှင်က တရုတ်သူဌေးမဆိုပြီး မြန်မာလူမျိုးက နာမည်ခံဖွင့်ထားတယ်လို့ သတင်းကြားရတယ်။။ ဒါတွေများ အရင်ထဲကလည်းဖြစ်နေတာပဲ အခုမှ အထူးအဆန်း လာခံစားနေတယ်ဆိုရင်တော့ အရင်ထဲက နှစ်ပေါင်းများစွာ ဖြစ်လာတာတွေဟာ အခုထိ ဆက်ဖြစ်နေတာကြောင့် ပိုဆိုးတယ်လို့ ပြောရမှာပဲ။ တိုင်းပြည်က ပြောင်းတော့မယ် ပြောင်းနေပြီ ပြောသံတွေနဲ့ အားတက်မိတာတွေဟာ အခုတော့ သံသယတွေ စဖြစ်လာမိတယ်။ 

ရန်ကုန်ကို အလည် တခါပြန်တိုင်း လူတွေက ညှိုးညှိုးငယ်ငယ်လေးတွေနဲ့ ပိုပိုပြီး နွမ်းလာတာကိုမြင်နေရတာ နိုင်ငံရဲ့လူဦးရေ ရာခိုင်နှုန်း အများစုဖြစ်တဲ့ တကယ့်ပြည်သူတွေရဲ့ဘဝတွေ အဆင်မပြေသရွေ့ သူတို့ဆီ ဘာမှမရောက်သရွေ့ သူတို့ ဘာမှ မခံစားရသရွေ့တော့ ဘာတွေ ပြောင်းလဲတာလဲလို့ မေးချင်လာတယ်။ နေ့မသိ ညမသိ အလုပ်လုပ်ပြီး တလမှ ၃ သောင်းလောက်ရကြတဲ့သူတွေရဲ့ တောင်းဆိုမှုကို လောဘကြီးတယ်လို့ ပြောကြမှာလား။ ဒီလူတွေ ဒီဝင်ငွေနဲ့ လောက်ငနေမယ် ထင်လို့လား။ အခု တိုင်ရီစက်ရုံက ကြီးလည်းကြီးပြီး အခုထိ မပြီးသေးဘဲ အချိန်ကြာနေလို့ လူတွေက သတိထားမိလာတာ။ အဲလိုအဖြစ်တွေ လူမသိသူမသိ ဖြစ်နေတာတွေ အများကြီးရှိနေမှာပဲ။

လစာမတက်ပေမယ့် ဈေးနှုန်းတက်

ဝလုံးရေ ... အခုကြားရတာဆို ဝန်ထမ်းတွေ လစာတိုးပေးဖို့ အဆိုတင်တဲ့သတင်းထွက်လာတာနဲ့ ကုန်ဈေးနှုန်းတွေ တက်သွားတယ်တဲ့။ နောက်ဆုံးကြားရတာကတော့ အဲဒီအဆိုကိုပယ်ချပြီး မတိုးပေးနိုင်သေးဘူးလို့ ထုတ်ပြန်တယ်။ ဒါဆို တက်သွားတဲ့ ကုန်ဈေးနှုန်းတွေက ဘယ်လိုလုပ်မှာလဲ။ ထစ်ခနဲရှိရင် အမြတ်ထုတ်ချင်ကြတဲ့ စိတ်ဓာတ်တွေကလည်း မပြင်နိုင်ကြသေးဘူး။ ပြည်သူတွေကတော့ ဓာတ်ဆီဈေးတွေတက် ... ရထားခ ကားခတွေတက် … ရေခွန်တွေကောက် ... မီတာခတွေတက်နေတဲ့ကြားထဲမှာ ဘာမှ မထူးလာ မတိုးလာတဲ့ ဝင်ငွေတွေနဲ့ ခါးစည်းခံနေရတာ ရင်နာစရာပါ။ ဒီလိုပုံစံမျိုးတွေနဲ့ ဒီလို ဘာကာကွယ်မှုတွေမှမရှိဘဲနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီး အလုပ်အခွင့်အလမ်းတွေ ပေါ်လာတော့ရော ဘာထူးဦးမှာလဲ။ ငါတို့လူမျိုးတွေအတွက်မှ မဟုတ်တော့တာ။

စင်ကာပူလိုဖြစ်အောင်လုပ်မယ် ဆို

အခုဆိုရင် ငါ့ရုံးက ထိုင်းအလုပ်သမားက ငါ့ကို ပြောပြတာက သူ့ကို ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လုပ်ဖို့ ပြန်လာဖို့ ထိုင်းမှာကျန်ခဲ့တဲ့ သူ့မိန်းမကို ထိုင်းသူဌေးက ဖုန်းဆက်ခိုင်းနေတာ နေ့တိုင်းပဲတဲ့။ မြန်မာပြည်ထဲမှာ လာလုပ်နေတဲ့ လုပ်ငန်းကို မြန်မာတွေကိုပဲ မခိုင်းဘဲ သူ့လူမျိုးတွေကို ခေါ်သွင်းနေတာ အကျိုးအမြတ်တွေကို ရနိုင်သလောက် အကုန်သဲ့ယူဖို့ လုပ်နေကြတာလေ။ အဲဒီမှာလုပ်နေတဲ့ မြန်မာတွေ လုပ်ခ ဘယ်လောက်ရလဲ ငါ မသိဘူး။ ထိုင်းလူမျိုးတွေနဲ့ ဘယ်လောက်တောင် ကွာနေလဲလည်း ငါ မစဉ်းစားရဲတော့ဘူး။ 

ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ နိုင်ငံတွေမှာ ကိုယ့်လူမျိုးကို ပထမ ဦးစားပေးကြတယ် ဆို။ ထစ်ခနဲရှိရင် စင်ကာပူစတိုင် စင်ကာပူဒီဇိုင်းတွေ ဖြစ်ရမယ် ကြွေးကြော်နေတာက ဘာတွေလုပ်ပြမှာလဲတော့ မသိဘူး။ သူများနိုင်ငံကဟာတွေကို ကော်ပီကူးချဖို့ မလိုပါဘူး။ အဲဒီလောက်လဲဖြစ်လာမယ် မမှန်းရဲပါဘူး။ ဒါပေမယ့် ကိုယ့်လူမျိုးကို အခွင့်အရေးဥပဒေတွေနဲ့ ကာကွယ်ပေးဖို့ဆိုတာကတော့ ကောင်းတဲ့ ဘယ်နိုင်ငံကမဆို ကူးကို ကူးချသင့်တယ်။

သူဌေးပေါင်းစုံရဲ့အောက်မှာ

လူတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းမှ ဝင်ငွေတွေကောင်းပြီး ဝယ်နိုင်ခြမ်းနိုင် သုံးစွဲနိုင်မှ လုပ်ငန်းတွေလည်း လည်ပတ်မယ်။ လုပ်ငန်းတွေလည်ပတ်ရင် အလုပ်တွေကောင်းမယ်။ ဒီလိုမျိုး စက်ဝိုင်းလို ဖြစ်နေရမှာလေ။ အခုလိုကတော့ ဝင်ငွေနဲ့မလောက်လို့ လာဘ်စားတာတွေ လုပ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲဒါတွေကြောင့် အလုပ်တွေ မတွင်ကျယ်နဲ့ အရင်ဖြစ်နေကျ စက်ဝိုင်းထဲကပဲ မထွက်နိုင်တော့ဘဲ သံသရာလည်နေမှာပဲ။ တကယ်လို့များ ငါတို့ဆီမှာ အဲလိုကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေရှိလာတယ်ပဲ စိတ်ကူးယဉ်ကြပါစို့။ 

ဥပဒေကို အတိအကျ လိုက်နာမယ့် သမာသမတ်ရှိတဲ့ စိတ်ဓာတ်တွေကိုလည်း အများကြီး မွေးမြူကြရဦးမှာ။ တာဝန်ရှိတဲ့သူတွေက သွားစစ်ပြီး ဥပဒေချိုးဖောက်ထားတာတွေ တွေ့ခဲ့ရင် ငွေရှင်သူဌေးက ပိုက်ဆံကို ပုံပေးလိုက်တာနဲ့ ပြီးသွားတဲ့ကိစ္စတွေ ဆက်ရှိဦးမယ်ဆိုရင်တော့ ဘာတွေများ ထူးဦးမှာလဲ။ အခုလို တရုတ်သူဌေးက တမျိုး၊ ကုလားသူဌေးက တဖုံ ထိုင်းသူဌေးက တနည်းနဲ့ နောက်လာဦးမယ့် သူဌေးပေါင်းများစွာရဲ့ လုပ်ချင်တိုင်းလုပ်တာ ဖိနှိပ်တာတွေကို လည်စင်းခံနေရတော့မှာလား။ ဝင်လာမဲ့သူတွေက ငါတို့နိုင်ငံကို သံပုရာသီးတွေပြည့်နေတဲ့ အချဉ်ဖမ်းလို့ ကောင်းလှတဲ့ နိုင်ငံလို့မြင်ကြရင် ငါတို့လူမျိုးတွေ တသက် နာလန်ထူနိုင်မှာ မဟုတ်ပါဘူး။ ကျပ်တည်းလွန်းလှတဲ့ လူတွေအများကြီးရဲ့ ဘဝကို တချက်လောက်တော့ ပြန်ငဲ့ကြည့်ပေးကြပါဦးလို့ ပြောချင်တာပဲ ဝလုံးရေ ...။

ဓာတ်ပုံ - တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓာတ်ပုံ - အင်တာနက်)

ဆရာမောင်ဝံသ ဖေ့ဘုတ် မှ …


 

No comments: