Monday, February 13, 2012

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ (လူထုစိန်ဝင်း)

"အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ် တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား ..."

တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကြက်သီးထစရာ

‘ဗလင်တိုင်းဒေး’ လို့ ခေါ်ကြတဲ့ ဖေဖော်ဝရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီး မျှော်စင်ကျွန်းမှာလုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေ ပါဝင်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။ ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။


အရေးယူလို့ရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီး အလိုက်ဖက်ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် ‘အဲဒီကြော်ငြာ စာသားတွေဖတ်ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ် ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့ (ကန်တော့ပါရဲ့) ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှ ပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေ ညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ဝိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက - ‘ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စားခွင့်နှင့် ချောင်းသာခရီး စရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများ ဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက်လျှင် နှစ်ဦးသွားခွင့်ရှိသည်’ လို့ဖြစ်တယ်။

ပိုက်ဆံတွေ အလကားရသလို

ပြင်လိုက်မှ ပိုဆိုးသွားသေးတယ်။ တစ်ခါတည်း ‘ဟန်းနီးမွန်း’ ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့ မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေ အလကားရသလို ရချင်တိုင်းရနေတဲ့ လူ့အသိုင်းအဝိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ်ချင်သလိုဖြစ်နေကြတဲ့သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအဝိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။

ကန်ပေါင်ပေါ်က စုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်း ပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ် တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာ ဖြစ်တယ်။ ဒါကို ဘယ်လိုမှ ပိတ်ပင် တားဆီးလို့ မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမယ့် လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ ‘ကိုယ်ကျိုးစီးပွား ကာကွယ်ရေး’ မူဝါဒတွေ ဥပဒေတွေ ရှိကြတယ်။ ဝင်ချင်တိုင်း ဝင်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ ‘သဘာဝချစ်သူများ’ အဖွဲ့ (Nature Society) ဆိုတာမျိုးတွေ ရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အဝတ်အစားမဝတ်ကြဘဲ သဘာဝအတိုင်း နေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီး မလုပ်ဘူး။ ဒါပေမယ့် သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အဝတ်မပါ၊ ဗလာ ကိုယ်ချည်းလျှောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ် ဆိုတဲ့စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားရင်ကွာခြားသလောက် မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့ မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာ အပါအဝင် အရှေ့တိုင်း ဓလေ့စရိုက်အရတော့ ဒီလိုလုပ်တာဟာ အများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ် ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက် များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက်ထားကြတယ်။ ဒီလို ကာကွယ်စောင့်ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက်စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီး ရင်လေးမိတယ်။

အားသစ်တွေ တိုးလာတယ်

ဒါပေမယ့် ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအဝိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေက အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်းတက္ကသိုလ်က လူငယ် လေးယောက်ကို ကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။

 Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 




 

No comments: