“ဆိုင်းဘုတ်ဆိုတာက ဘာမှအရေးပါတာ မဟုတ်ပါဘူး။ ပစ္စည်းက အဓိကပါ။ ကာရန် ပါပါ၊ မပါပါ ကဗျာကောင်းရေးနိုင်ရင် ကဗျာဆရာ တာဝန်ကျေပါပြီ။ အလားတူပဲ သရုပ်မှန်ဖြစ်ဖြစ်၊ မော်ဒန်ဖြစ်ဖြစ် ဝတ္ထုကောင်းရေးနိုင်ရင် ဝတ္ထုရေးဆရာ တာဝန်ကျေပါတယ်။ အဘိဓမ္မာ ဒါမှမဟုတ် အတွေးအခေါ် ဒဿနတစ်ခုခုတော့ အခိုင်အမာ ကိုင်စွဲထားဖို့လိုတယ်လို့ …”
လူလတ်ပိုင်း စာရေးဆရာ လေးငါးယောက် တစ်ရက်မှာရောက်လာကြပြီး မာကြောင်းသာကြောင်း မေးပါတယ်။ နှစ်ယောက်က ဂျာနယ်အယ်ဒီတာတွေပါ။ စကားပြောကြရင်းနဲ့ ဂျာနယ်အယ်ဒီတာ နှစ်ယောက်က ခေတ်ကြီးရဲ့ တိုးတက်မှုနှုန်းက မြန်လွန်းနေတဲ့အတွက် မှီအောင်လိုက်ရတာ ဖတ်ဖတ်မောနေတာပဲလို့ ပြောပါတယ်။
လူငယ်တွေကို မယှဉ်နိုင်ဘူး
သူတို့အသက်အရွယ်တွေက ငါးဆယ်ဝန်းကျင်တွေဖြစ်နေကြပြီဆိုတော့ မောပေမှာပဲ။ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်တောင် မောလွန်းလို့ လက်လျော့ထားလိုက်ရတာ။ မြန်မာလိုဖတ်နိုင်တဲ့ မြန်မာပြည်နဲ့ ဆိုင်တဲ့ ဘလော့ဂ်ပေါင်းတောင် သုံးသိန်းလောက် ရှိသတဲ့။ ဘယ် လိုက်ဖတ်နေနိုင်မှာလဲ။ နောက်ဆုံးကျတော့ ကွန်ပျူတာကို တပည့် ကျောင်းသူကျောင်းသားတွေနဲ့ ဆက်သွယ်တဲ့ အီးမေးလ်လောက်ပဲ သုံးဖြစ်တော့တယ်။ ဒါတောင် ခုနောက်ပိုင်း ကွန်ပျူတာဖန်သားပြင်နဲ့ မျက်စိက သိပ်ပြီးသဟဇာတမဖြစ်လို့ တစ်ခါတလေမှ ဖွင့်ဖြစ်တော့တယ်။ အရေးကြီးကိစ္စတွေရှိတဲ့ အခါကျလည်း လူငယ်တွေပဲရှာပြီး ထုတ်ပေးပါလို့ ပြောရတယ်။ စာရွက်နဲ့ဖတ်ရတာက မျက်စိအတွက် ပိုအဆင်ပြေတယ်။ လူငယ်တွေနဲ့ ဘယ်လိုမှယှဉ်လို့ မရပါဘူး။ သူတို့က ဖျတ်လတ်တက်ကြွနေကြတာလေ။
ဘာမဆို ဖြစ်အောင်လုပ်ခဲ့တယ်
လောကကြီးမှာ မဖြစ်နိုင်တာဘာမှမရှိဆိုတဲ့ ဆောင်ပုဒ်ကို တစ်သက်လုံး လက်ကိုင်ပြုလာတဲ့သူဖြစ်တော့ ဘာမဆို ဖြစ်အောင်လုပ်ခဲ့တယ်။ လေးချောင်းထောက် အားပြု နေရသူဖြစ်ပေမယ့် ကျောင်းသူကျောင်းသား ကိုးဆယ် တစ်ရာကို ဦးဆောင်ပြီး မြန်မာပြည်အနှံ့ ခရီးတို ခရီးရှည်တွေ နှစ်စဉ်ထွက်ခဲ့တယ်။ ငပလီ၊ ချောင်းသာ၊ ကျိုက္ခမီ၊ စက်စဲ အကြိမ်ကြိမ် သွားခဲ့တယ်။ Desktop ကွန်ပျူတာတောင် သိပ်များများစားစား မရောက်သေးတဲ့အချိန်ကတည်းက Laptop ကိုင်သုံးခဲ့တယ်။ ပုဂ္ဂလိကတွေ အင်တာနက်သုံးစွဲခွင့်ရရချင်းပဲ လျှောက်လွှာတင် သုံးစွဲခဲ့တယ်။ အဲဒီအချိန်က ဘလော့ဂ်တွေ ဘယ်ရှိဦးမှာလဲ။
မမီတာကို မလိုက်တော့ဘူး
အခုတော့ ဘလော့ဂ်တွေ၊ ဝက်ဘ်ဆိုက်တွေက သန်းချီလိုရှိနေတာ။ ဘယ်လိုမှ နှံ့စပ်အောင် အင်တာနက်လှိုင်းတွေကြား မကူးစက်နိုင်တော့ဘူး။ အချိန်လည်း မပေးနိုင်ဘူး။ လူကလည်း မတတ်နိုင်တော့ဘူး။ နောက်ဆုံးကျတော့ မမီတဲ့အတူတူ လိုက်မနေတော့ဘူး။ လူငယ်တွေကို လိုက်ယှဉ်မနေတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုယ့်အရှိန်နဲ့ ကိုယ်ပဲသွားတာ အကောင်းဆုံးပဲလို့လည်း သဘောပေါက်သွားတယ်။ ကိုယ့်မှာက အင်တာနက်တစ်ခုတည်းအတွက် အချိန်မပေးနိုင်သလို နိုင်ငံခြားက တပည့်လူငယ်တွေနဲ့ချည်း အင်တာနက်နဲ့ ချိတ်ဆက်စကားပြောနေလို့ မဖြစ်ဘူး။ မြန်မာပြည်တွင်းက လူငယ်တွေနဲ့လည်း စကားပြောဖို့၊ ထိတွေ့ဖို့ မရှိမဖြစ် လိုအပ်တယ်။ ဝက်ဘ်ဆိုက်တွေမှာ စာရေးနေရုံနဲ့ ပြီးတာ မဟုတ်ဘူး။ မြန်မာပြည်မှာက လူတိုင်း ကွန်ပျူတာကိုင်နေကြတာ မဟုတ်ဘူး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေတောင်မှ ထွက်ပြီး တော်တော်ကြာမှ ဖတ်ကြရတာဖြစ်တယ်။
အဓိကလိုအပ်တာ ကွန်ပျူတာ မဟုတ်ဘူး
စာရေးဆရာ စာရေးတယ်ဆိုတာ လူတွေဖတ်ဖို့ မဟုတ်လား။ မြန်မာလူမျိုးတွေဖတ်ဖို့ဆိုရင် မြန်မာတွေနားလည်တဲ့ မြန်မာ စကားနဲ့ ရေးရမှာဖြစ်သလို၊ မြန်မာလူမျိုးတွေဆီရောက်တဲ့ ကြားခံပစ္စည်းကို သုံးရမှာပဲဖြစ်တယ်။ အင်တာနက်တွေ၊ အွန်လိုင်းတွေက မြန်မာလူမျိုးအများစု မထိတွေ့နိုင်သေးဘူး။ ပုံနှိပ်စာအုပ်စာစောင်တွေပဲ အဓိက အားထားနေရဆဲ ဖြစ်တယ်။ ဒါကြောင့် စာရေးဆရာတွေ ခေတ်ကိုအမီလိုက်ပြီး ကွန်ပျူတာ မသုံးနိုင်တာ စိတ်ပျက်အားငယ်စရာ မဟုတ်ပါဘူး။ အဓိကလို အပ်ချက်က ကွန်ပျူတာတွေ မဟုတ်ပါဘူး။ လူတွေဖတ်ဖို့ လူတွေနဲ့ သင့်တော်တဲ့၊ လူတွေဖတ်ချင်နေတဲ့စာတွေ ရေးသားနိုင်ကြဖို့သာဖြစ်တယ်။
တာဝန်မဲ့လွန်းတယ်
နောက်ပြီးတော့ ဒီခေတ်ကခေတ်ကို အမီလိုက်ရုံနဲ့ တင်မရတော့ဘူး။ ခေတ်ကို အမီလိုက်လို့က ခေတ်ရဲ့နောက်မြီးဆွဲပဲ ဖြစ်နိုင်တယ်။ စာရေးဆရာဆိုတာက ခေတ်ကိုရှေ့ဆောင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ စာရေးဆရာ၊ သတင်းစာဆရာတွေသာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြည်သူလူထုကြီးတစ်ရပ်လုံးက တလေးတစား သတ်မှတ်ထားတာ မဟုတ်လား။ ဒီ သတ်မှတ်ချက်နဲ့ ထိုက်တန်အောင်တော့ ဝတ္တရားကျေအောင် ထမ်းဆောင်ကြရမှာ ဖြစ်တယ်။ စာရေးဆရာမှာ ဘာတာဝန်မှ မရှိဘူး။ စာရေးဆရာဟာ ဘယ်သူအတွက်မှ မဟုတ်ဘူးဆိုတဲ့စကားမျိုးက တာဝန်မဲ့လွန်းပါတယ်။ မပြောသင့်ပါဘူး။
ကဗျာဖြစ်ဖို့သာ အရေးကြီးတယ်
အဲဒီလို တာဝန်မဲ့စကားတွေ လွန်လွန်ကျွံကျွံ ပြောကြတာတွေကြောင့် အခု လောလောဆယ် မြန်မာစာပေဟာ တိုးတက်မှု တုံ့ဆိုင်းနေတာကို တွေ့ရတယ်။ ကဗျာဆရာတွေ ကာရံပါတဲ့ ကဗျာရေးရမှာ လန့်နေသလို ဝတ္ထုရေးဆရာတွေလည်း သရုပ်မှန်ဝတ္ထုရေးရမှာ လက်တွန့်နေကြတယ်။ ကဗျာဆရာတိုင်းက မော်ဒန်၊ ပို့စ်မော်ဒန်ကဗျာတွေ ရေးတတ်တာ မဟုတ်ဘူး။ ဒီတော့ ကာရန်နဲ့ ကဗျာလည်း ထွက်မလာ၊ ခေတ်ပေါ်ကဗျာကောင်းတွေလည်း ထွက်မလာတော့ဘူး။ မဂ္ဂဇင်းတိုင်းမှာ ခေတ်ပေါ်ကဗျာတွေ အုံနဲ့ကျင်းနဲ့ပါနေတာပဲလို့ မပြောပါနဲ့။ အဲဒီကဗျာတွေရဲ့ တစ်ဝက်လောက်က ကဗျာ မဟုတ်ပါဘူး။ ကဗျာလို စာကြောင်းခွဲစီထားတဲ့ စာလုံးတွေပါပဲ။ တချို့ဆို စကားပြေလို့တောင် မခေါ်နိုင်ပါဘူး။ စကားပြေရဲ့အင်္ဂါတွေ မပြည့်စုံပါဘူး။ တချို့က ခေတ်ပေါ်ကဗျာဆိုပြီး ရေးသားလိုက်ကြတာ ကဗျာအငွေ့အသက်၊ ကဗျာဝိဉာဉ်ကို လုံးလုံးကို ရှာမတွေ့ပါဘူး။ ကာရန်ပါတိုင်း ကဗျာလို့မခေါ်နိုင်သလို၊ ကဗျာလို့ အမည်တပ်တိုင်း ကဗျာဖြစ်တာ မဟုတ်ပါဘူး။ ကာရန် ပါရေး မပါရေး၊ မော်ဒန် ဖြစ်ရေး၊ မဖြစ်ရေးဆိုတာက အရေးမကြီးပါဘူး။ ကဗျာဖြစ်ဖို့သာ အရေးကြီးပါတယ်။
ဝတ္ထုစစ်စစ် ဖြစ်ဖို့လို
ဝတ္ထုရေးရာမှာလည်း သရုပ်မှန်တို့၊ မော်ဒန်၊ ပို့စ်မော်ဒန်တို့ဖြစ်ဖို့ထက် ဝတ္ထုစစ်စစ်ဖြစ်ဖို့နဲ့ ဝတ္ထုကောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ တချို့က စာသာရေးကြတာ ကိုယ်ရေးလိုက်တာ ဝတ္ထုလား၊ ဆောင်းပါးလား၊ အက်ဆေးလား၊ စာညွန့်လားဆိုတာတောင် ရေရေရာရာ မသိပါဘူး။ တချို့ကိစ္စများဆို စာရေးဆရာတွေသာ မဟုတ်ဘူး။ အယ်ဒီတာလုပ်နေသူများတောင် မသိကြဘူး။ တိုရင် ဝတ္ထုတို၊ ရှည်ရင် ဝတ္ထုရှည်လို့ သတ်မှတ်လိုက်ကြတာပါပဲ။ အဲဒီတော့ မဂ္ဂဇင်းတွေထဲမှာ ဝတ္ထုတိုက ဝတ္ထုရှည်နေရာ ရောက်လိုရောက်၊ ဆောင်းပါးက ဝတ္ထုဖြစ်လိုဖြစ်၊ အက်ဆေးဖြစ်လိုဖြစ်နဲ့ အဆီအငေါ်မတည့်မှုတွေ အမျိုးမျိုး မြင်တွေ့နေရတတ်တယ်။
ဒဿနရှိမှ စာကောင်းထွက်
အဆီအငေါ်မတည့်ပေမယ့်လည်း ကဗျာကောင်း၊ စာကောင်း၊ ဝတ္ထုကောင်းဖြစ်ရင် သည်းခံနိုင်ပါတယ်။ ဆိုင်းဘုတ်ဆိုတာက ဘာမှအရေးပါတာ မဟုတ်ပါဘူး။ ပစ္စည်းက အဓိကပါ။ ကာရန် ပါပါ၊ မပါပါ ကဗျာကောင်းရေးနိုင်ရင် ကဗျာဆရာ တာဝန်ကျေပါပြီ။ အလားတူပဲ သရုပ်မှန်ဖြစ်ဖြစ်၊ မော်ဒန်ဖြစ်ဖြစ် ဝတ္ထုကောင်းရေးနိုင်ရင် ဝတ္ထုရေးဆရာ တာဝန်ကျေပါတယ်။ အဘိဓမ္မာ ဒါမှမဟုတ် အတွေးအခေါ် ဒဿနတစ်ခုခုတော့ အခိုင်အမာ ကိုင်စွဲထားဖို့လိုတယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
လူထုစိန်ဝင်း
The Hot News မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment