Tuesday, January 3, 2012

လွတ်လာသူတွေထဲ နိုင်ငံရေး အကျဉ်းသား မပါသလောက်ဖြစ်

 
 
  
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ အင်္ဂါနေ့က စတင်လွတ်မြောက်လာကြပါတယ်။


 
 
 
 
အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၂ ယောက်ပဲပါတယ်လို့ လွတ်လာတဲ့ အကျဉ်းသားစာရင်းကိုပြုစုနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှာက်ရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

 
 
 
 
 
အခုလို ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဝင်ပါဘူး။

အတိုက်အခံအင်အားစုတွေကတော့ နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းကိုသာ ပြန်လွှတ်ပေးတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။

 
 
 
 
 
 
ပြန်လွတ်လာသူတွေအများစုဟာ ရာဇဝတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ကြပါတယ်။
အင်းစိန်ထောင်က ပြန်လွတ်လာကြသူ အကျဉ်းသား အတော်များများရှိပေမယ့် နိုင်ငံရေးအကျဉ်းသားက သုံးယောက်ပဲ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေ တရားမဝင် ဖြန့်ချိမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး လွတ်ရက်စေ့ဖို့ ၉ လအလိုမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်တာဝန်ခံ ကိုသန်းနိုင်ဦးကတော့ နိုင်ငံရေး အကျဉ်းသားအနည်းငယ်ကိုသာ ပြန်လွှတ်ပေးခဲ့တာကို အားမရ ဖြစ်မိပြီး များများလွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီရဲ့ တုံ့ပြန်ချက်

အကျဉ်းထောင်တွေထဲမှာရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရပိုင်းဆွေးနွေးမှုတွေမှာလည်း လက်နက်ကိုင်တိုင်းရင်းသားများ အရေးနဲ့ နိုင်ငံရေးအကျဉ်းသားအရေးတို့ ပါဝင်ပါတယ်။

 
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်မလာသေးပေမယ့် နောက်ထပ် ပြန်လွတ်လာဖို့ မျှော်လင့်နေသေးတယ်၊ အခု အားလုံး ပြန်လွှတ်မပေးသေးတာကြောင့်တော့ နှစ်ဖက်ဆွေးနွေးမှုတွေအပေါ် တစုံတရာ ထိခိုက်မှုမရှိနိုင်ဘူးလို့ အန်ယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

လွှတ်တော်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စာနာဂရုဏာသက်သူ လွှတ်တော်အမတ်တွေရှိနေသလို အကျဉ်းသားတွေလွှတ်ပေးဖို့ အဆိုတင်သွင်းကြသူတွေထဲမှာ လွှတ်တော်တွင်းက တပ်မတော်သားတွေလည်း ပါဝင်နေတာမို့ အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် အန်အယ်လ်ဒီက ဆက်လက် တောင်းဆိုနိုင်မယ့် အခြေအနေမျိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

 
တိုင်းပြည်ရဲ့လုံခြုံရေးကို တာဝန်ယူရတဲ့ အစိုးရအနေနဲ့ စိုးရိမ်မှုရှိတာကို နားလည်နိုင်ကြောင်းနဲ့ တိုင်းပြည်ရဲ့လုံခြုံရေးကို ထိခိုက်နိုင်သူတွေက ဘယ်သူတွေ ဖြစ်နိုင်တယ်၊ လွှတ်သင့်သူတွေက ဘယ်သူဖြစ်သင့်တယ်ဆိုတာတွေကို အန်အယ်လ်ဒီနဲ့ အစိုးရ နှစ်ဖက်ညှိနှိုင်းပြီး လိုချင်တဲ့ ရလဒ်အဖြေရလာဖို့ မျှော်လင့်တယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

သတင်း - ဘီဘီစီ
Photos : AP, Getty Images, Reuters


 

No comments: