Wednesday, January 4, 2012

တရုန်းရုန်း တဝုန်းဝုန်းလူတွေ များနေလို့ကတော့ (မောင်ဝံသ)

“ထူးဆန်းအံ့ဖွယ်ကိစ္စတစ်ခု တစ်ခုပေါ်လာတိုင်း ဣနြေ္ဒမရလောက်အောင် တရုန်းရုန်း တဝုန်းဝုန်း ပြေးလွှားနေကြတဲ့ လူတွေများနေလို့ကတော့ ကျွန်တော်တို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ဝေးနေဦးမှာပဲဗျ။ အဲဒီလိုနိုင်ငံမျိုးကို ဆင်ခြင်ဉာဏ်ရင့်သန်ပြီး အရာရာကို ယထာဘူတကျကျ တွေးနိုင်စွမ်းရှိတဲ့ ပြည်သူများကသာ တည်ဆောက်နိုင်မှာဖြစ်တယ်ဗျ။ အဲသလိုဖြစ်ဖို့အတွက် ဖြစ်ရပ်မှန် လုပ်ရပ်မှန်တွေကို ပြည်သူအများ သိရှိလေ့လာနိုင်အောင် …”
 
အခုရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းမီဒီယာတွေအားလုံးလိုလိုကို လွှမ်းမိုးထားတဲ့ သတင်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်အနိစ္စရောက်သွားတဲ့သတင်း ဖြစ်တယ်ဗျ။

ဒီမိုကရေစီသူရဲကောင်း ဟာဗဲလ်

ဒီနေရာမှာ ထူးခြားတဲ့တိုက်ဆိုင်မှုလို့ဆိုနိုင်တဲ့ အဖြစ်အပျက်နှစ်ခုကို ကျွန်တော် သတိပြုမိခဲ့တယ်ဗျ။ အဲဒါကတော့ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံး အာဏာရှင်လို့ အများကသိထားကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီနဲ့ သူ့နိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် ဒုက္ခအမျိုးမျိုးခံပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အပြင် ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက်လည်း ရှေ့တန်းကနေ ပြီး စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့တဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း ဒီမိုကရေစီသူရဲကောင်း ဗက်ကလပ်ဟာဗဲလ်တို့ဟာ တစ်ဦးနဲ့တစ်ဦး ရက်သိပ်မခြားဘဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်သွားခဲ့ကြတဲ့အချက် ဖြစ်တယ်ဗျ။

အဲသလို တစ်ဦးနဲ့တစ်ဦး အခြေခံသဘာဝချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပုံရတဲ့ ခေါင်းဆောင်နှစ်ဦး တစ်ချိန်တည်း တစ်ပြိုင်တည်းနီးပါး ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြတာဖြစ်တဲ့အတွက် ကမ္ဘာတစ်လွှားက ပြည်သူတွေဟာ နိုင်ငံတကာ ရုပ်သံဌာနတွေက ထုတ်လွှင့်ပြသနေတဲ့ ခေါင်းဆောင်နှစ်ဦး ကွယ်လွန်အနိစ္စရောက်သွားတဲ့ သတင်းကို ရှေ့ဆင့်နောက်ဆင့် ကြည့်ရှုနားထောင်ခဲ့ကြရတယ်။
ဟာဗဲလ်ကွယ်လွန်သွားခြင်းအတွက် ချက်နိုင်ငံက ပြည်သူတွေသာမက ဒီမိုကရေစီဘက်တော်သား ကမ္ဘာ ပြည်သူအားလုံးက ဝမ်းနည်းပူဆွေးနေကြတာ မဆန်းဘူးဗျ။

အဏုမြူစီမံကိန်းနဲ့ ငွေညှစ်ဖို့ ကြိုးစားသူ

ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအီနဲ့ပတ်သက်ပြီး ကမ္ဘာပြည်သူတွေ သိထားကြတာကတော့ တစ်မျိုးဗျ။ ရှေးဟောင်း ပဒေသရာဇ်ခေတ်ကပုံစံမျိုး ဖခင်ဖြစ်သူဆီက အာဏာဆက်ခံရယူခဲ့သူဖြစ်တဲ့ ကင်ဂျုံအီဟာ ဂျော့အော်ဝဲလ် ရေးတဲ့ ၁၉၈၄ ဝတ္ထုထဲက Big Brother အစ်ကိုကြီးလို သူ့ပြည်သူတွေအပေါ် ကျင့်သုံးခဲ့သူလို့ အဆိုရှိတယ်။ နိုင်ငံရဲ့ ထိပ်တန်းရာထူးကြီးတွေမှာ သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ သူ့လူယုံတော်တွေကိုသာ တွေ့ရမှာ ဖြစ်တယ်။ ပြည်သူ သန်းပေါင်းများစွာ အငတ်ဘေးဆိုက်စေခဲ့တဲ့ စီးပွားရေးမူဝါဒတွေကို ချမှတ်ကျင့်သုံးခဲ့သူ ဖြစ်တယ်။ အဲဒီအမှားကို ထေမိစေဖို့အတွက် အဏုမြူစီမံကိန်းကို လီဗာအဖြစ် အသုံးပြုပြီး ဖအေတူ မအေကွဲ ညီအစ်ကို တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဆီက ငွေညှစ်ဖို့ အမြဲကြိုးစားနေတဲ့သူဖြစ်တယ် စတဲ့ ရစရာမရှိလောက်တဲ့ သတင်းဆိုးတွေနဲ့သာ ပြည့်နှက်နေခဲ့သူဖြစ်တယ်ဗျ။ 

ရှိုက်ကြီးတငင် ငိုနေကြသူတွေ

ဒါပေမယ့် ကျွန်တော်တို့ မျက်စိလည်စရာဖြစ်ရတာက ကင်ဂျုံအီ သေဆုံးသွားတာကို မြောက်ကိုရီးယားပြည်သူတွေက ယူကျုံးမရ အပူလုံးကြွနေကြတဲ့ အဖြစ်ပဲဗျ။ သိကြတဲ့အတိုင်း မြောက်ကိုရီးယားနိုင်ငံဆိုတာ နိုင်ငံတကာ စံနှုန်းအရပြောရင် သတင်းလွတ်လပ်ခွင့် လုံးဝ မရှိတဲ့နိုင်ငံဆိုတော့လည်း အစိုးရရုပ်/သံက ထုတ်လွှင့်သမျှပဲ ကြည့်ရ မြင်ရတာပဲလားတော့ မသိဘူးပေါ့ဗျာ။ ကင်ဂျုံအီ ကွယ်လွန်သွားမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံထဲကလာတဲ့ သတင်းမှန်သမျှမှာတော့ ရှိုက်ကြီးတငင် ဝမ်းပန်းတနည်း ငိုကြွေးနေတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ ပုံတွေချည်းပဲဗျ။ အဲဒီတော့ ပြင်ပကမ္ဘာက ကျွန်တော်တို့အနေနဲ့ ကင်ဂျုံအီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရင်တုန်းကသိထားတဲ့ သတင်းတွေဟာ အမှားတွေချည်းပဲလား။ ဒါမှမဟုတ် မြောက်ကိုရီးယား အစိုးရရုပ်/သံက ငိုနေတဲ့ သူ့နိုင်ငံသားတွေရဲ့ပုံတွေကိုချည်း ရွေးပြီး ထုတ်လွှင့်ပေးနေတာတာလား။ ဒါမှမဟုတ် မြောက်ကိုရီးယားနိုင်ငံသား အများစုကြီးက သူတို့ ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ လူမှုဒုက္ခအဝဝဟာ သူတို့ခေါင်းဆောင်ကြောင့် မဟုတ်ဘူး။ အမေရိကန်နဲ့ တောင်ကိုရီးယားဦးဆောင်တဲ့ သူကို နိုင်ငံကိုရန်လိုတဲ့ နိုင်ငံတွေကြောင့်သာဖြစ်တယ်လို့ တကယ်ပဲ ရိုးရိုးသားသား ယုံကြည်နေကြတာလား စသဖြင့် သို့လော သို့လော တွေးတောစဉ်းစားစရာ တွေ ဖြစ်လာခဲ့တယ်ဗျ။

ပူဆွေးငိုကြွေးကြတာ အမှန်ပါတဲ့

ကျွန်တော့်စိတ်ထဲ အဲဒီကိစ္စကိုသိချင်လွန်းလို့ ဘေဂျင်းမှာအခြေစိုက်တဲ့ မိတ်ဆွေ ပြင်သစ်အမျိုးသမီး သတင်းထောက် တစ်ယောက်ကို အီးမေးလ်နဲ့လှမ်းမေးကြည့်တော့ သူက ပြန်ဖြေပါတယ်။ မြောက်ကိုရီးယားကို သူ အကြိမ်ကြိမ် ရောက်ဖူးတယ်။ သေချာလေ့လာဖူးတယ်။ မြောက်ကိုရီးယား ပြည်သူအများစုကြီးဟာ သူတို့ဆီက ဝါဒဖြန့် ရေဒီယို၊ ရုပ်သံနဲ့ စာနယ်ဇင်းတွေကလွဲလို့ ပြည်ပ သတင်းတွေကို ဘာမှ နားမထောင်ရ၊ မကြည့်ရ၊ မဖတ်ရပါဘူးတဲ့။ အဲဒါကြောင့် သူတို့တိုင်းပြည် ဆင်းရဲငတ်မွတ်နေတာဟာ အမေရိကန်နဲ့ တောင်ကိုရီးယား မျိုးမစစ်တွေ အပါအဝင် ခေတ်သစ်နယ်ချဲ့ နိုင်ငံတွေကြောင့် ဖြစ်တယ်လို့ပဲ သေချာစွဲမြဲယုံကြည်နေကြတာ အမှန်ပါလို့ ဖြေပါတယ်။ (ကျွန်တော် အဲဒီစကားလုံးမျိုးတွေနဲ့ ဆင်တူယိုးမှား မြန်မာလို ပြောသံဆိုသံတွေကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း အကြိမ်ကြိမ် ကြားဖူးသလိုလိုပဲဗျ။) 

ဒါဆိုရင် ပညာတတ်တွေ၊ နိုင်ငံခြားမှာ ပညာသင်ဖူးသူတွေ မရှိတော့ဘူးလား၊ သူတို့ကကော အမှန်အတိုင်း မသိမမြင်ဘူးလားလို့ ကျွန်တော်က ထပ်မေးတော့ “မြောက်ကိုရီးယားမှာ ပညာတတ်တွေရှိပါတယ်။ အခြေအနေကို အမှန်အတိုင်း သိသူ မြင်သူတွေ ရှိပါတယ်။ သို့ပေမယ့် နည်းနည်းလေးမှ ပါးစပ်မဟရဲကြပါဘူး” တဲ့။ တရုတ်ပြည်မှာတောင် အစိုးရနဲ့ ပါတီကို ဆန့်ကျင်ကြောင်း ဝေဖန်ပြောဆိုသူတွေ အတော်များများ ရှိတယ်၊ မြောက်ကိုရီးယားမှာတော့ ဆောရီးပါပဲ တဲ့။ 

သဘာဝတရားကတောင် ဝမ်းနည်းသတဲ့ 

ဤအတောအတွင်း အင်တာနက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်ဗျ။ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်တဲ့သတင်းပါ။ ကင်ဂျုံအီကွယ်လွန်သွားချိန်မှာ နှင်းမုန်တိုင်းတစ်ခု ရုတ်တရက် ကျရောက်လာပြီး သူ့မွေးရပ်မြေအနီး ‘ပိတ်တူး’ လို့ခေါ်တဲ့ တောင်က မီးတောင်ဟောင်း ရေကန်တစ်ခုထဲက ရေခဲတွေကို မိုးကြိုးထိမှန်ခဲ့ကြောင်း၊ ရေခဲကွဲတဲ့အသံဟာ ကျယ်လောင်လွန်းလို့ ကမ္ဘာကြီးရော ကောင်းကင်ဘုံပါ တုန်ခါသွားတယ်လို့ ထင်ရကြောင်း၊ နှင်းမုန်တိုင်း ရုတ်တရက် စဲသွားပြီးတဲ့နောက် အဲဒီတောင်ပေါ်က ကျောက်တုံးတစ်တုံးပေါ်မှာ ရေးထွင်းထားတဲ့ ‘မြင့်မြတ်သော တော်လှန်ရေးတောင် ... ပိတ်တူး ... ကင်ဂျုံအီ’ ဆိုတဲ့စာသားတွေဟာ တစ်နေ့လုံး လင်းလက်တောက်ပနေခဲ့ကြောင်း၊ ဒီအခြေအနေတွေကိုကြည့်ရင် ‘ချစ်စွာသော ခေါင်းဆောင်ကြီး’ ကွယ်လွန်သွားတဲ့အပေါ် သဘာဝတရားကတောင် ကြေကွဲဝမ်းနည်းနေပုံရကြောင်း အဲဒီသတင်းမှာ ဖော်ပြထားတယ်ဗျ။

အံ့ဖွယ်သရဲဖြစ်ရပ်တွေ

ကင်ဂျုံအီ နိုင်ငံကို အုပ်စိုးနေစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှာ သူရဲ့ပုံရိပ်ကို ဝင်းလက်ပြိုးပြက်စေခဲ့တဲ့ အံ့ဖွယ်သရဲဖြစ်ရပ်တွေ သို့မဟုတ် အံ့အားသင့်စရာလုပ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ အဲဒီသတင်းကိုပေးပို့တဲ့ ဘီဘီစီ သတင်းထောက်က ရေးထားတယ်ဗျ။ ဒါတွေဟာ အမှန်တကယ်လည်းဖြစ်နိုင်သလို ခေါင်းဆောင်ကြီးအပေါ် ပြည်သူတွေအကြား ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပေါ်ထွန်းလာအောင် သူ့ဘေးနားက လူတွေရဲ့ ကြိုးပမ်းမှုလည်းဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ထားတယ်ဗျ။

အဲဒီတော့ တစ်ဖက်က လှည့်တွေးကြည့်တဲ့အခါ မြောက်ကိုရီးယားအာဏာရအသိုင်းအဝိုင်းဟာ သူတို့ရဲ့ ဝင်ရိုး ဗဟိုချက်ဖြစ်တဲ့ ခေါင်းဆောင်ကြီးအပေါ် ‘ဂမ္ဘီရ’ နည်းလမ်းတွေသုံးပြီး ကြိုးစားခဲ့ကြလေသလားလို့ တွေးစရာတစ်ခု ရှိလာတယ်ဗျ။ ကျွန်တော် အတွေးလွန်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်ပေါ့ဗျာ။

လွှမ်းမိုးမခံသင့်ပါ

ဘာပဲဖြစ်ဖြစ် အဲဒီ ထူးဆန်းအံ့ဖွယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ သာမန်ပုထုဇဉ် လူသားတွေ မမြင်နိုင်၊ မကြားနိုင်၊ မသိနိုင်ပေမယ့် အဲဒီထူးဆန်းအံ့ဖွယ်ကိစ္စတွေဟာ ရှိချင်လည်း ရှိနေနိုင်တယ်။ ဒါပေမယ့် ဒါတွေဟာ ရှိတယ်ဆိုရင်တောင် လူတစ်သိန်းတစ်ယောက် တစ်သန်းတစ်ယောက်တောင် ကြုံလေ့ရှိတဲ့အဖြစ်မျိုး မဟုတ်ဘူး။ ဒါကြောင့် အဲသလိုကိစ္စမျိုးတွေက ကျွန်တော်တို့ရဲ့ ‘နေ့စဉ်လူမှုဘဝ ဖြတ်သန်းမှုတွေ’ ကျွန်တော်တို့ရဲ့ တွေးခေါ်ကြံစည်လုပ်ကိုင်မှုတွေအပေါ် မလွှမ်းမိုးသင့်ဘူး။ အဲဒါတွေရဲ့ လွှမ်းမိုးမှုကိုခံနေတဲ့ လူတစ်ယောက် မိသားစုတစ်စုဟာ ဘယ်တော့မှ အထက်တန်းကျတဲ့ဘဝကို ရောက်မှာမဟုတ်တာ သေချာတဲ့အပြင် အဲသလိုလူမျိုးတွေ များပြားနေတဲ့ တိုင်းပြည်တစ်ခုဟာလည်း အမြဲအောက်တန်းနောက်တန်း ကျနေမှာပဲ ဖြစ်တယ်ဗျာ။

ဖြစ်ရပ်အမှန်တွေကို သိရှိနိုင်ဖို့

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့လူမျိုးကလည်း အဲသလို ထူးထူးဆန်းဆန်း သတင်းတစ်ခု ထွက်လာပြီဆိုရင် ဟုတ်နိုင်၏ မဟုတ်နိုင်၏ စဉ်းစားတာက နောက်၊ ပြေးပြီး ကိုးကွယ်ဆည်းကပ် ပူဇော်ပသလိုက်ကြတာက အရင်ဖြစ်တယ်ဗျ။ တောက်တဲ့တစ်ကောင် သိန်းပေါင်း တစ်သောင်း ငါးထောင်ဆိုလည်း ယုံလိုက်ချင်ကြတာပဲ။ ဆင်ဖြူတော်ဆိုရင်လည်း ပြေးပြီး ကန်တော့လိုက်ကြပြန်ရော။ ကွယ်လွန်သူ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းဆိုရင် အဲဒီကိစ္စကို ယူကျုံးမရ မကြာခဏ ပြောလေ့ရှိတယ်။ “လူတွေကကွာ၊ တိရစ္ဆာန်ကို ဘာကြောင့် ကန်တော့ကြရတာလဲကွာ တဲ့၊ အထူးအဆန်းမို့ သွားကြည့်တာတော့ ကြည့်ပါ။ ဘာကြောင့် ထိုင်ကန်တော့ နေကြတာလဲကွာ။ လုပ်ကြပါဦး၊ ပြောကြပါဦး” တဲ့။ မကြာသေးခင်ကတောင် ဗုဒ္ဓမြတ်စွယ်တော်ပုံ ဟိုမှာပေါ်တယ် ဒီမှာပေါ်တယ် ဆိုပြီး အတော်ကလေး တရုန်းရုန်းဖြစ်သွားခဲ့ကြသေးတယ် မဟုတ်လားဗျ။

ထူးဆန်းအံ့ဖွယ်ကိစ္စတစ်ခု တစ်ခုပေါ်လာတိုင်း ဣနြေ္ဒမရလောက်အောင် တရုန်းရုန်း တဝုန်းဝုန်း ပြေးလွှားနေကြတဲ့ လူတွေများနေလို့ကတော့ ကျွန်တော်တို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ဝေးနေဦးမှာပဲဗျ။ အဲဒီလိုနိုင်ငံမျိုးကို ဆင်ခြင်ဉာဏ်ရင့်သန်ပြီး အရာရာကို ယထာဘူတကျကျ တွေးနိုင်စွမ်းရှိတဲ့ ပြည်သူများကသာ တည်ဆောက်နိုင်မှာဖြစ်တယ်ဗျ။ အဲသလိုဖြစ်ဖို့အတွက် ဖြစ်ရပ်မှန် လုပ်ရပ်မှန်တွေကို ပြည်သူအများ သိရှိလေ့လာနိုင်အောင် ကျွန်တော်တို့ သတင်းမီဒီယာသမားတွေက အခက်အခဲ အမျိုးမျိုးကြားက ရှာဖွေစုဆောင်း တင်ဆက်နေခြင်း ဖြစ်ကြောင်းပါ။ အမြင်မတော်တာ အကြားမတော်တာတွေ ရှိလာရင်လည်း လူမိုက်လုပ်၍ ဖော်ထုတ်နေခြင်းဖြစ်ကြောင်းပါဗျာ။

၂၇၊ ၁၂၊ ၂၀၁၁
maungwuntha@gmail.com

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
သူ့ရဲ့ ဖေ့ဘွတ်က ကူးယူဖော်ပြပါတယ်။


 

No comments: