Wednesday, January 18, 2012

ပုံပြီး ယုံတာ မကောင်းဘူး (လူထုစိန်ဝင်း)

“လောလောဆယ်ကတော့ လွမ်းရတာရှည်ခဲ့လို့ အတိုးချပြီး ချစ်ပြနေကြတာပါ။ ဒီလို အမြဲတမ်းဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားနဲ့။ စောစောကပြောခဲ့သလိုပဲ မြန်မာတွေ ဒါလောက်မညံ့ဘူး။ လမ်းချော်သွားရင် ချော်သွားတဲ့အလျောက် သတိပေးကြမှာ။ စိတ်ချသာနေ။ သတိပေးနေတဲ့ကြားက လမ်းမှားကြီးအတိုင်း ဆက်လိုက်ပြီး “ငါ့သမီးလိမ္မာလှ၊ ယောက်မ မြင်းစီးထွက်” လုပ်ရင်တော့ အချစ်ကြီးခဲ့သလောက် အမုန်းလည်း ကြီးတတ်တယ်။ အောင့်အည်းသီးခံပြီး ဆက်ချစ်နေမယ် မထင်နဲ့…”

ဖတ်သင့်ဖတ်ထိုက်တဲ့ စာမှန်သမျှ ဖတ်ပုံရတဲ့ မိတ်ဆွေရင်းတယောက်ရောက်လာပြီး စကားပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သားအဖရဲ့ဓာတ်ပုံတွေကို အပတ်တိုင်း အဖုံးတင်ပြီး ဂျာနယ်ရောင်းကောင်းအောင် လုပ်နေကြတာတွေ မြင်မကောင်းရှုမကောင်း ဖြစ်နေရကြောင်း ညည်းပြော ပြောပါတယ်။

ချစ်လို့ရောင်းတာ မှတ်ပါ

ခုတလော လာသမျှလူတိုင်း ဒီအကြောင်းကို ပြောကြတယ်။ လမ်းဘေးက မင်းသား မင်းသမီးတွေရဲ့ ဓာတ်ပုံတွေနဲ့ ပိုစတာတွေ ရောင်းတဲ့ဆိုင်တွေမှာလည်း၊ ဗိုလ်ချုပ်တို့သားအဖပုံတွေ ပလူပျံဖြစ်နေတယ်လို့ ပြောကြတယ်။ အများက မသင့်တော်ဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ ဒါမျိုးက တားဆီးပိတ်ပင်ရမယ့်ကိစ္စမှမဟုတ်တာ။ ဘယ်သူကိုမှ မထိခိုက်ရင် လွတ်လွတ်လပ်လပ် လုပ်စားကြပါစေ။ ဝယ်သူရှိလို့ ရောင်းသူရှိတာ ဈေးကွက်သဘာဝပဲ။ လူတွေက ချစ်လို့ဝယ်ကြတာ ဖြစ်သလို ရောင်းသူတွေကလည်း ချစ်လို့ရောင်းကြတာပါ။ မချစ်မနှစ်သက်သူပုံကို ဘယ်သူမှ တင်မရောင်းဘူး။ လူတွေကကလည်း အလကားပေးတောင် မယူဘူး။ ချစ်လို့ဝယ်ကြ ရောင်းကြတာလို့သာ မှတ်ပါ။

အတိုးချပြီး ချစ်ကြတာ

ဈေးကွက်အထဲမှာလတ်တလော ပလူပျံဖြစ်နေရတာကလည်း နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်တားဆီးလုပ်ထားတဲ့အတွက် လုံးဝ မြင်ကွင်းကပျောက်သွားရာက အခုလို ဗြုန်းစားကြီးဖွင့်ပေးလိုက်လို့ အတိုးချပြီး ချစ်လိုက်ကြတာကြောင့်ပါ။ ဗိုလ်ချုပ်ဆိုတာကလည်း ရိုးသားဖြူစင်တဲ့နေရာ၊ ဖြောင့်မတ်တည်ကြည်တဲ့နေရာ၊ ကိုယ်ကျိုးမကြည့်တဲ့နေရာ၊ စွန့်လွှတ် စွန့်စားတဲ့နေရာ၊ ဘယ်နေရာကကြည့်ကြည့် အပြစ်ရှာမရအောင် သန့်ရှင်းတဲ့သူ မဟုတ်လား။ မသေခင်ကတည်းက အချစ်ခံရတဲ့ နိုင်ငံရေးသမားဆိုတာ ကမ္ဘာမှာတောင် တော်တော်ရှားတာ။ တိုင်းပြည်အတွက် သူ အသက်ပေးသွားခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပေမယ့် လူတွေက သူ့ကို ချစ်ခင်မြတ်နိုးစိတ်နဲ့ လွမ်းဆွတ်တမ်းတသ နေကြဆဲဖြစ်တယ်။

အဖေတူသမီး

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖေတူသမီး။ သူ့အဖေလိုပဲ ရိုးသားပွင့်လင်းတယ်။ ကိုယ်ကျိုးစွန့်ပြီး အများအကျိုး လုပ်တယ်။ ပြည်သူ့အရှေ့က မားမားရပ်ပြီး ပြည်သူတွေအတွက်ပဲလုပ်တယ်။ ဒီတော့ ပြည်သူတွေက သူ့အဖေကို ချစ်သလို သူ့ကိုလည်း ချစ်ကြတယ်။ သူပြောသမျှလက်ခံပြီး သူ ဦးဆောင်တဲ့ အနောက်ကိုလိုက်တယ်။ ဗိုလ်ချုပ်တုန်းကလည်း ဒီအတိုင်းပဲ။ ဗိုလ်ချုပ်က ဂျပန်တွေခေါ်လာတော့လည်း လက်ခံကြိုဆိုလိုက်ကြတယ်။ ဗိုလ်ချုပ်က ဂျပန်တွေကို တော်လှန်ကြဆိုတော့လည်း တော်လှန်ကြတယ်။ ချစ်တော့လည်း ပုံပြီးယုံလိုက်ကြတာကိုး။

ရှင်ကြီးဝမ်းလည်း ဝင်ဖူး

ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တော့လည်း အဲ့ဒီလိုဖြစ်နေတာပဲ။ အဲဒီလိုဖြစ်တာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်လို့ပါလို့တော့ မထင်နဲ့။ မြန်မာတွေက နိုင်ငံရေးမှာ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးလို့ နောကျေနေပြီ။ ဒါလောက် မညံ့ပါဘူး။ တိုင်းပြည်အတွက် သူ စွန့်လွှတ်အနစ်နာခံခဲ့တာတွေနဲ့ သူ့လုပ်ဆောင်ချက်တွေကြောင့် သူ့ကိုချစ်ကြ ယုံကြတာ။ အဲ့ဒါကြောင့် သူ့ဓာတ်ပုံတွေ၊ ပိုစတာတွေ နေရာတကာမှာ ဖွေးဖွေးလှုပ်ဖြစ်နေတာ။

ယောက်မ မြင်းစီးထွက်

ယုံလို့ပုံကြပေမယ့် ပုံပြီးယုံတာ မကောင်းမှန်း၊ အန္တရာယ်ရှိမှန်း လူတွေမသိတာ မဟုတ်ဘူး။ သိကြပါတယ်။ လောလောဆယ်ကတော့ လွမ်းရတာရှည်ခဲ့လို့ အတိုးချပြီး ချစ်ပြနေကြတာပါ။ ဒီလို အမြဲတမ်းဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားနဲ့။ စောစောကပြောခဲ့သလိုပဲ မြန်မာတွေ ဒါလောက်မညံ့ဘူး။ လမ်းချော်သွားရင် ချော်သွားတဲ့အလျောက် သတိပေးကြမှာ။ စိတ်ချသာနေ။ သတိပေးနေတဲ့ကြားက လမ်းမှားကြီးအတိုင်း ဆက်လိုက်ပြီး “ငါ့သမီးလိမ္မာလှ၊ ယောက်မ မြင်းစီးထွက်” လုပ်ရင်တော့ အချစ်ကြီးခဲ့သလောက် အမုန်းလည်း ကြီးတတ်တယ်။ အောင့်အည်းသီးခံပြီး ဆက်ချစ်နေမယ် မထင်နဲ့။

စပျစ်သီး ချဉ်တယ်

ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် ပြန်ပြန်ပြောနေကြရတဲ့ (၁၉၄၈-၁၉၆၂) ပါလီမန်ဒီမိုကရေစီခေတ်မှာ အစပိုင်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေအဖြစ် ထွက်လာကြပေမယ့် နောက်ဆုံးကြတော့ ပြည်သူ့ချဉ်ဖတ်အဖြစ် နိဂုံးချုပ်သွားကြရတဲ့ နိုင်ငံရေးသမားတွေ နည်းနည်းနောနော မဟုတ်ပါဘူး။ တချို့ အကြိမ်ကြိမ် ပြန်ထဖို့ ကြိုးစားပေမယ့် လူထုက လုံးလုံး လက်မခံတော့လို့ စပျစ်သီးဆိုတာ မကောင်းဘူး။ ချဉ်တယ်ဖြစ်သွားကြတော့တယ်။ ဒီဘက် နှစ် ၅၀ ကာလအတွင်းမှာလည်း ပြည်သူတွေက ဒဏ်ခတ်လို့ မြောင်းအထဲကကို တက်မလာနိုင်တော့သူတွေ အများကြီးရှိတယ်။

ငါ၊ ငါ၊ ငါ

ဖြစ်တတ်တဲ့ လူ့သဘာကိုကြည့်ပြီး မြှောက်စားလွန်းရင် မကောင်းဘူးလို့ စိုးရိမ်စိတ်နဲ့ ပြောသူတွေက ပြောကြတယ်။ မှန်ပါတယ်။ လက်ခုပ်သံတွေကို သာယာတတ်တာ ပုထုဇဉ်တို့ရဲ့သဘာဝမို့ သြဘာသံတွေအကြားမှာ မျောပါသွားနိုင်ပါတယ်။ ငါလုပ်သမျှ မှန်တယ်။ ငါ့နောက်မှာ လူတွေရှိတယ်။ ငါ့ကို အားလုံးထောက်ခံကြတယ်။ ငါက သူတို့ကောင်းဖို့ လုပ်ပေးနေတာ ဖြစ်တယ်။ စသည်ဖြင့် ငါ . ငါ . ငါ . ဆိုတဲ့ ငါစွဲတွေ ကြီးမားလာနိုင်ပါတယ်။ အဲ့ဒီငါစွဲတွေကြောင့် သတိပေးထောက်ပြတဲ့စကားတွေကို နားဝင်မချို ရှိတတ်ပါတယ်။ အဲဒါ သိပ်အန္တရာယ်ကြီးပါတယ်။

ကင်းသမား

ငါစွဲသိပ်လွန်ကဲလာတဲ့အခါ ဘာမဆို ငါမှသိတယ်။ ငါမှတတ်တယ်။ ငါမှလုပ်နိုင်တယ်ဆိုတဲ့ စိတ်ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီစိတ် ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် ဘယ်သူ့ကိုမှ မယုံကြည် စိတ်မချနိုင်တဲ့စိတ်လည်း ဖြစ်လာတော့တာကြောင့် ကိုယ့်ဟာကို တစ်ယောက်တည်း စဉ်းစား၊ တစ်ယောက်တည်း ဆုံးဖြတ်တဲ့ အကျင့်ဖြစ်သွားလေ့ ရှိတယ်။ အဲ့ဒီလိုနဲ့ အာဏာရှင်တွေပေါ် ပေါက်လာတာ ဖြစ်တယ်။ ဒါတွေကိုတားဆီးဖို့အတွက် သတင်းမီဒီယာတွေက တာဝန်ယူကြရတယ်။ အာဏာရှိသူတွေ ငါတကော မကောနိုင်အောင် စောင့်ကြည့်ဝေဖန်ကြရတယ်။ ဒါကြောင့် သတင်းသမားတွေကို “ကင်းသမား” (Watch dog) လို့ခေါ် ကြတာဖြစ်တယ်။

ကြက်ခိုးတဲ့ ကင်းသမားမဖြစ်ဖို့

ကင်းသမားက အမြဲနိုးကြားတက်ကြွနေရင် ရပ်ကွက်မှာ သူခိုး၊ သူဝှက် ကင်းတယ်။ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်တယ်။ ကင်းသမားတွေ ကိုယ်တိုင်က ကြက်ခိုးပြီးချက်စားတဲ့ ကင်းသမားမျိုးဖြစ်နေရင်တော့ ရပ်ကွက်တခုလုံး ပြောင်သွားမှာ သေချာတယ်။ အဲ့ဒါကြောင့် စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ဖို့လည်း အထူးဂရုစိုက်ကြဖို့လိုကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။

ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၂၊ အမှတ် ၇၇ မှ …


 

No comments: