Tuesday, January 17, 2012

ယုံတော်မူ တမ်းချင်း (ငြိမ်းဝေ)

ဒေဝီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
တစ ... တစ။

‘ဘဝဆိုတာ
လှပစွာ ဆင်းရဲခြင်း’ တဲ့လား။

မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေဝီတပါးလို မင်းထိုင်ခဲ့။


‘မျဉ်းဖြောင့်မှာ
အရောင်ရှိတယ်’ ဆိုတဲ့ စကား
မင်းနဲ့တွေ့မှ
ငါ ပိုပြီး ခံစားလို့ ရခဲ့။


‘အင်ဒါဆင်း’ ရဲ့ ရေသူမ
ကျမပါမောင်။
ကျမ
‘ကဏ္ဍက လိုပေါ့
မီးလို လေလိုကျင့် ငါ့မြင်း
မင်းသခင်ကိုသယ်
ဒါမှ ကမ္ဘာကိုကယ်တင်မယ့်
ဒီကြီးမြတ်တဲ့အမှုမှာ
မင်းဝေစုပါမယ်’

ကဏ္ဍက ဇာတ်မဟာ
အနော်မာ တဖက်ကမ်းမှာဆုံးတော့
မင်း ပြုံးရင်း ငိုတတ်ခဲ့ပြီနော် ...။

‘ဒေဝီရယ်
ဘယ်လိုအကျိုးရှိမယ် မသိရတဲ့
ကြေကွဲဖွယ် နိမ့်ကျကျလမ်း
လိုက်ချင်လိုက်မယ်’ ဆိုတဲ့
ငါ့ရဲ့ ကဗျာရွတ်သံ
မင်း ဘယ်လို ခံနိုင်ရည် ရှိခဲ့ပါလိမ့်။

‘ကျမနဲ့မောင်
ခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်’ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။

ဒေဝီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
မင်းခြေဖဝါးက
သွေးစက်စက် ကျရသမျှ
မင်းမျက်ရည် ကျရသမျှ
.............................
..............................
ယုံတော်မူစမ်းတော့ မောင့်ဒေဝီ။ ။

ငြိမ်းဝေ 

ဒီကဗျာ ရေးခဲ့တာ အခုဆိုရင် ၁၉ နှစ် ပြည့်ခဲ့ပါပြီ။ ကဗျာသရုပ်ဖော်ပုံက ကျနော် ဝယ်ယူသိမ်းထားခဲ့တဲ့ နော်ဝေးပန်းချီဆရာ အက်ဗတ်မွန့်ခ်ရဲ့ ပုံနှိပ်ပန်းချီကားလေး ဖြစ်ပါတယ်။ မဒေဝီ ကိုယ်စား နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ ပန်းချီကားလေးပါ။ 

(သူ့ဖေ့ဘုတ်က ကူးယူဖော်ပြပါတယ်၊ ခွင့်ပြုချက်ပေး မပေး မသိပါရသေးပါ)



No comments: