Tuesday, January 3, 2012

ကျွန်တော်နှင့် ဆောင်းအိပ်မက်များ (မောင်ဝံသ)

အလုပ်လေးတွေ များနေတာနဲ့ ဆောင်းပါးတွေ မတင်ဖြစ်ခဲ့ပါ။ ယခု ၂ ဇန်နဝါရီမှာ ထွက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဆိုတာကို နားထောင်ပြီး လုံးဝ မပျော်နိုင်ဘဲ စိတ်ပျက်နေမိပါတယ်။ ဒါနဲ့ပဲ ပြီးခဲ့တဲ့ အပတ်က True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အောက်ပါ ဆောင်းပါးကို တင်ဖြစ်သွားပါတယ်။


အခုရက်ပိုင်း ညနေ နေဝင်သွားပြီဆိုရင် နည်းနည်းလေး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ညသန်းခေါင်ကျော်လောက်ဆိုရင် သိသိသာသာအေးလာလို့ တစ်နွေလုံး တစ်မိုးလုံး ပစ်ထားခဲ့တဲ့ စောင်ကို အိပ်ချင်မူးတူးနဲ့ ဖမ်းဆွဲပြီး ခြုံရတဲ့ညတွေ ဆက်တိုက်လိုကို ကြုံလာရတော့မှ သြော် ဆောင်းတောင် ရောက်လာပြန်ပြီကောရယ်လို့ သတိပြုမိတော့တယ်ဗျ။

ကြက်သီးဖြန်းရုံလောက် အအေးဓာတ်ကို သယ်ဆောင်လာတဲ့ မြောက်ပြန်လေနဲ့အတူ ဆောင်းညတွေ ရောက်လာပြီဆိုတာနဲ့ တစ်တွဲတည်းပါလာတာကတော့ “ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်” ဆိုရိုးစကား မှန်ကန်ကြောင်း ထပ်တလဲလဲ သက်သေပြနေတဲ့ ဟိုရောက် ဒီရောက် အိပ်မက်တွေပဲဖြစ်တယ်ဗျာ။ 

အပေါ်ရောက်လိုက် အောက်ပြန်ကျလိုက်

အခုရက်ပိုင်းအတွင်း ညတိုင်းလိုလို အဲဒီ ဂယောက်ဂယက် ဟိုရောက်ဒီရောက် အိပ်မက်တွေက ကျွန်တော့်ရဲ့ အိပ်စက်ခြင်းကို စိုးမိုးထားကြတယ်ဗျ။ အိပ်မက်တွေက ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ကြပေမယ့် အားလုံးမှာတူညီတဲ့ တစ်ခုတည်းသောအချက်ကတော့ ရိုလာကိုစတာ စီးရသလို ဗြုန်းခနဲ အပေါ်ရောက်သွားလိုက်၊ ဗြုန်းခနဲ အောက်ပြန် ရောက်လိုက်။ အခုပဲ ပျော်လိုက်ရ၊ ချက်ချင်းပဲ ဝမ်းနည်းကြေကွဲလိုက်ရ။ အဲသလို ဆန့်ကျင်ဖက် ခံစားမှုတွေ ရောနှော လုံးထွေးနေတာ ဖြစ်တယ်ဗျ။ အဲဒီဆောင်းအိပ်မက်တွေက ကျွန်တော့်ရဲ့ဆောင်းညတွေကို သိမ်းပိုက်ထားကြတယ်ဗျာ။

မသိစိတ်ရဲ့ တုံ့ပြန်မှုတစ်မျိုး

အိပ်မက်ဆိုတာ လက်တွေ့ဘဝမှာ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေအပေါ် မသိစိတ်ရဲ့ တုံ့ပြန်မှုပုံသဏ္ဌာန် တစ်မျိုးဖြစ်တယ်ဆိုတဲ့ စိတ်သရုပ်ခွဲပညာရှင်တွေရဲ့ ရေးသားချက်ကို ဖတ်ဖူးထားတော့ ကျွန်တော် အခုတစ်လော မက်နေတဲ့ ဆောင်းအိပ်မက်တွေဟာ အဲသလိုမျိုး ဖြစ်လေမလားလို့လည်း တွေးနေမိတယ်ဗျ။

တောင့်တမျှော်လင့်နေတဲ့ အရာနှစ်ခု

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေပါ လတ်တလောမှာ ပြင်းပြင်းပြပြ လိုလားတောင့်တ စောင့်မျှော်နေကြတဲ့အရာနှစ်ခုက ယုံကြည်ချက်ကြောင့် အကျဉ်းချထားခြင်းခံနေကြရတဲ့ အကျဉ်းသားအားလုံး အမြန်ဆုံးနဲ့ ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာကြရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အရေးအကြီးဆုံးသော ကနဦး ဝန်းကျင်အနေအထားအဖြစ် တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ ရပ်စဲတိတ်ဆိတ်သွားရေးပဲ ဖြစ်တယ်ဗျ။

မြစ်ဆုံရေကာတာ ကိစ္စ

စတုတ္ထမဏ္ဍိုင်ကို အလေးထားကြရမယ်ဆိုတဲ့ သမ္မတကြီးရဲ့စကားကို အားကိုးအားထားပြုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့်ရဲ့ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေဟာ အဲဒီကိစ္စနှစ်ခုနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ ကျွန်တော် တစ်ထစ်ချယုံနေမိတယ်ဗျာ။ တကယ်တော့ ပြောရရင် ကျွန်တော့်ရဲ့ ဆောင်းအိပ်မက်တွေဟာ မိုးနှောင်းကာလကတည်းက ပြောက်တိပြောက်ကျား စတင်နေခဲ့တာဖြစ်တယ်ဗျ။ တိတိကျကျပြောရရင် ဧရာဝတီ မြစ်ဆုံရေကာတာသတင်းနဲ့အတူ သန္ဓေတည်နေခဲ့တာဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ဆန္ဒကို မဆန့်ကျင်ပါဘူးလို့ ဝန်ကြီးတစ်ပါးက ပြောလိုက်၊ နောက်ဝန်ကြီးတစ်ပါးက ဘယ်သူတွေပဲကန့်ကွက်ပါစေ အဲဒီစီမံကိန်းကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်။ အဲဒီဝန်ကြီးကပဲ ဒီကိစ္စအတွက် လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ခံယူပါမယ်လို့ ပြောလိုက်နဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ရိုလာကိုစတာစီးရသလို အပေါ်ရောက်သွားလိုက်၊ အောက်ပြန်ကျသွားလိုက်။ အိပ်မက်ထဲမှာလည်း ကျွန်တော်ဟာ ထီပေါက်လိုက်၊ လက်မှတ်ပျောက်သွားလိုက် ပြန်ရှာတွေ့လိုက်၊ နောက်တစ်ခါ ပြန်ပျောက်သွားလိုက်နဲ့ နောက်ဆုံး သမ္မတကြီးရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာတော့မှပဲ ကျွန်တော့်ရဲ့ညတွေထဲက ဧရာဝတီ ခြောက်အိပ်မက်လည်း ထွက်သွားတော့တယ်ဗျာ။ 

ရတနာသိုက်မြေပုံ တစ်ခြမ်းပဲရသလို

ဧရာဝတီအိပ်မက်ထွက်သွားပေမယ့် ယုံကြည်ချက်အကျဉ်းသားအိပ်မက်နဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေက ကျန်နေခဲ့သေးတာ ဖြစ်တယ်ဗျ။ အကျဉ်းသားကိစ္စမှာလည်း အရပ်သားအစိုးရတက်လာပြီး မကြာမီမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံကောက်ရတဲ့ အိပ်မက်။ ပြစ်ဒဏ်တစ်နှစ်ပဲ လျှော့ပေါ့ပေးလိုက်တယ်ဆိုတဲ့ အမိန့်ထွက်လာတော့ ကျွန်တော့်အိပ်မက်က ကျွန်တော် ကောက်ရတဲ့ ရတနာသိုက်မြေပုံက တစ်ခြမ်းပဲဖြစ်နေတဲ့ အိပ်မက်။ ဒုတိယတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထွက်လာပြန်တော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရှိတဲ့ ဂူနားရောက်လာပေမယ့် ဂူဝကို ရှာမတွေ့တဲ့ အိပ်မက်၊ လွတ်လာတဲ့အထဲ ယုံကြည်ချက်အကျဉ်းသား နှစ်ရာလောက်ပါလာတယ် ကြားရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရဲ့ သဲလွန်စ ရွှေမန်ကျည်းသီးတစ်တောင့် ကောက်ရတဲ့အိပ်မက်။ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုတိယအကြိမ် မေတ္တာရပ်ခံချက် ထွက်လာတော့ ကျွန်တော့် အိပ်မက်က ဂူဝနားရောက်နေပါလျက် ဂူဝပျောက်နေတဲ့ အိပ်မက်။ နောက်တစ်နေ့မှာ ယုံကြည်ချက်အကျဉ်းသားတချို့ (လေးငါးယောက်) ရဲ့ ထောင်အပြောင်းအရွှေ့သတင်းကြားရတော့ ကျွန်တော့် အိပ်မက်က ရတနာသိုက်ရှိတဲ့ ဂူကြီးနဲ့ ပြန်ဝေးသွားပြန်တဲ့ အိပ်မက်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူဆိုတာ မရှိပါဘူးဆိုတဲ့စကားမျိုးတွေ ကြားလိုက်ရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံ ကျပျောက်သွားတဲ့အိပ်မက်။

ထီလက်မှတ် ပျောက်ပျောက်သွားသလို

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်အိပ်မက်တွေကလည်း အဲသလိုပဲဗျ။ မီဒီယာတွေထဲမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်နေပြီဆိုတဲ့သတင်းနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲဆိုတဲ့ သတင်းတွေ တစ်လှည့်စီ ထွက်ပေါ်နေတဲ့ တစ်ချိန်တည်းမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေကလည်း ထီပေါက်လိုက်၊ လက်မှတ်ပျောက်လိုက်၊ ပြန်ကောက်ရလိုက်၊ ပြန်ပျောက်လိုက်နဲ့ ကျွန်တော်ဟာ အိပ်မက်ကပေးတဲ့ နှလုံးရောဂါရနေသူဖြစ်နေပြီဗျ။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်ဖို့ သမ္မတကြီးက ကာကွယ်ရေးဦးစီးချုပ်ထံ ညွှန်ကြားချက်ပေးပို့လိုက်ပြီဆိုတဲ့ သတင်းကြောင့် ဒီတစ်ခါတော့ ထီဆုငွေ တကယ်ရတော့မယ်ဆိုတဲ့ အိပ်မက်မက်ခဲ့ပေမယ့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲပဲဆိုတဲ့ ကေအိုင်အေ တာဝန်ရှိသူတွေရဲ့ပြောစကားတွေ ကြားနေရပြန်တော့ ကျွန်တော့်အိပ်မက်ထဲက ထီဆုငွေပုံကြီးဟာ တံလျှပ်လို ထိမရ ကိုင်မရ ဖြစ်နေရပြန်တယ်ဗျာ။ ဒီကြားထဲ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ငြိမ်းချမ်းရေးရဖို့ နောက်ထပ် ၃ နှစ်တောင် စောင့်ရလိမ့်ဦးမယ်လို့ ပြောလိုက်ပြန်တော့ သြော် ... ငါတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ သောကမျက်ရည်တွေ နောက်ထပ် အနည်းဆုံး ၃ နှစ်တော့ ဆက်ကျရဦးမယ့်သဘောပါလားလို့ တွေးမိပြီး ကျွန်တော့်အိပ်မက်တွေလည်း ဝင်္ကပါထဲမှာ တဝဲလည်လည် ဖြစ်ခဲ့ရပြန်တယ်ဗျာ။ 

ဆောင်းအိပ်မက်တွေ မလိုချင်

ရှင်းရှင်းပြောရရင် ကျွန်တော့်ရဲ့ လူ့ဘဝသက်တမ်းတစ်ခုလုံးနီးပါး ကာလအတွင်း ပြည်သူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက် ရောင်ခြည်တန်းတွေ မြင်နေကြရတာဖြစ်တဲ့ ဒီကနေ့ကာလမှာ ကျွန်တော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေ မက်မနေချင်တော့ဘူးဗျာ။ ပြည်သူတွေ အဲဒီမျှော်လင့်ချက် ရောင်ခြည်တန်းကလေးတွေ မြင်လာရအောင်လုပ်ပေးခဲ့တဲ့ အစိုးရတစ်ရပ်ကို တချို့က မယုံသင်္ကာပြောနေကြတဲ့ စကားတွေကိုလည်း ကျွန်တော် မကြားချင်တော့ဘူးဗျ။ လက်ရှိအစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ‘မဟာသေနင်္ဂဗျူဟာ’ တစ်ရပ်ကို ချမှတ်ကျင့်သုံးနေတာသာ ဖြစ်တယ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဒီချုပ်ကို သူတို့တရားဝင် (Legitimate) ဖြစ်ဖို့အတွက်သာ အသုံးချနေတာ ဖြစ်တယ်၊ လက်ရှိအစိုးရဟာ သူ့အရင်က စစ်အစိုးရ အဆက်ဆက်လိုပဲ နိုင်ငံရေးသမားတွေကို ခါးခါးသီးသီးမုန်းတီးတဲ့ အစိုးရ ဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံတွေအဖြစ် သဘောထားတဲ့ အစိုးရဖြစ်တယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်လည်း အမြင်သဘောထား မပြောင်းဘဲ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ရှိတဲ့ ခွဲထွက်ရေး ဝါဒီသောင်းကျန်းသူတွေအဖြစ် ဆက်လက်ရှုမြင်နေတဲ့ အစိုးရဖြစ်တယ်စတဲ့ ပြည်တွင်း ပြည်ပ လူတချို့ရဲ့ စကားတွေကို ကျွန်တော့်မှာ လက်လည်း မခံချင်၊ ပိုင်ပိုင်နိုင်နိုင် ငြင်းလည်း မငြင်းနိုင်ဖြစ်နေရတယ်ဗျာ။

မျက်စောင်းထိုးမခံရအောင်

ပြီးခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့က NLD ရုံးချုပ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)က သူ့ဟောပြောမှုအဆုံးမှာ “သမ္မတကြီး ဦးသိန်းစိန် သက်တော်ရာကျော် ရှည်ပါစေ” လို့ ဟစ်ကြွေးခဲ့တယ်ဗျ။ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်သားအားလုံး မျက်စောင်းထိုးမခံရဘဲ လက်ရှိအစိုးရကို အားရပါးရ ထောက်ခံကြိုဆိုနိုင်ကြဖို့ အရေးအတွက် ဆောင်ကြဉ်းပေးပါလို့ သမ္မတကြီးနဲ့တကွ နိုင်ငံ့ခေါင်းဆောင်အားလုံးကို မေတ္တာရပ်ခံလိုက်ပါရစေဗျာ။

မှန်တာပြောသစ္စာ/မောင်ဝံသ
၂၀၊ ၁၂၊ ၁၁ 

၂၀ ဒီဇင်ဘာ ဗိုလ်အောင်ကျော်နေ့က အထက်ပါဆောင်းပါးကို ရေးခဲ့တာပါ။ ၂ ဇန်နဝါရီလည်းကျရော အားလုံး သိတော်မူတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ မျက်စောင်းဒဏ်ကို ကောင်းကောင်းခံဖို့သာ ပြင်ထားပါတယ်။ 


 

No comments: