Sunday, January 1, 2012

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်) - ၎

ဆရာအောင်ဝေ ခေါ် ရဲဘော် ရဲအောင်သည် တောင်ငူခရိုင် အုတ်တွင်းမြို့ဇာတိဖြစ်သည်။ အိမ်မှာ သူ့မိခင်ကြီး ရှိနေသည်။ မကြာခဏ ရန်သူက အိမ်ကိုလာဝိုင်း၍ ခြိမ်းခြောက်တတ်ကြောင်း သတင်းကြားရ၍ အမေ့ကို တခါတည်းဖမ်းပြီး ထောင်ထဲထည့်ထားတာကမှ တော်လိမ့်ဦးမယ်ထင်ကြောင်း ပြောပြနေသည်။

ရဲဘော် ရဲအောင် ကိုကိုးကျွန်း မရောက်မီ အဖမ်းမခံရမီကတည်းက သေနတ်တော့ ကောင်းကောင်း ကိုင်တတ်တယ် တဲ့။ ပုလိပ်တွေ ဘာတွေနှင့် ရင်းနှီးတော့ တောပစ်တွေ တောလည်တွေ သွားဖူးလို့ သေနတ်ကိုင်တတ်တယ် ဟု ပြောသည်။ ပင်လယ်ပြင်ကို လှေနှင့်ဖြတ်၍ ကိုကိုးကျွန်းက ထွက်ပြေးလာတဲ့ကိစ္စ ကျွန်တော်က ထပ်မေးသည်။

“ဒီကိစ္စ စာရေးဖို့ ဥက္ကဋ္ဌ ဇင် က ပြောထားတယ်။ ရေးဖို့တော့ စထားပါပြီ” တဲ့။


သူနှင့်အတူ ထွက်ပြေးလာသည့် မန်းအောင်ကြည်၊ မန်းငြိမ်းမောင်တို့ တိုက်ဖော်တိုက်ဖက်တွေ အသက်ရှင်လျက်ရှိကြောင်း ကြားသိရ၍ သူအတော်ကို ဝမ်းသာအားရ ဖြစ်မိကြောင်း၊ ဖြစ်နိုင်ရင် သူတို့နှင့် ပြန်ဆုံချင်သေးကြောင်း ပြောပြသည်။ သူတို့တတွေ ထွက်ပြေးဖို့ အစီအစဉ်ချပြီး အစပိုင်း လှေစပ်ဖို့ ပျဉ်တွေစု သံချောင်းတွေစုနှင့် ပိပိရိရိ အချိန်ယူလုပ်ခဲ့ရပုံနှင့် လမ်းခရီးတလျှောက် လှေပေါ်မှာစားဖို့ ရိက္ခာစုရသည် တဲ့။ ကန်စွန်းဥ ကအစ ရိက္ခာအဖြစ် စုခဲ့ရပုံတွေ ပြောသည်။

“အဲဒီလောက် ပင်လယ်ပြင်ကြီး ဖြတ်ခဲ့ပြီး ကမ်းခြေရောက် မှ ပြန်အဖမ်းခံရတာလေ” … တဲ့။

မချိတင်ကဲ လေသံနှင့်ပြောပြီး “ဒါနဲ့ ရန်သူ့လက်ထဲက လွတ်အောင် နောက်တချီ ထပ်ကြိုးပမ်းရတာပါ” တဲ့။
အဲဒီမှာ သူပြောပြတာ သတိထား မှတ်မိနေတာ တခုကအစိုးရတပ်က ပြန်ဖမ်းမိ၊ လက်ထိတ်ခတ်ပြီး ရထားပေါ် တင်ခေါ်လာစဉ် သူ့ကို တာဝန်ယူ စောင့်ကြပ်နေသူ စစ်သားနာမည်က အေးမောင်တဲ့။ သူက ရွှေဘိုဘက်က။ ကျနော့်ဘက် လှည့်ပြီး …

“အညာဘက်က၊ ဖြစ်နိုင်ရင် စုံစမ်းကြည့်ဗျာ” တဲ့။ “သူ့မှာ သားသမီး များတယ်။ ရထားပေါ်မှာ စကားပြောလာကြတာ။ ကျွန်တော်တို့ကလည်း ကိုယ့်အကြံနဲ့ကိုယ်ကိုး၊ စကားပြောကောင်းနေတော့ သူက ကျွန်တော်တို့အကြံ ရိပ်မိပုံမရဘူး။

ဒါနဲ့ ကျွန်တော်က သူ့ဆီက G – ၃ ဆွဲလု၊ ရထားပေါ်က ခုန်ချလိုက်တာ ကိုယ့်လူ စစ်သားက သေနတ်ကို မလွှတ်ဘူး။ သေနတ်ရော လူရော လှိမ့်ချလိုက်တာ နှစ်ယောက်လုံး ရထားပေါ်ကကျ လုံးလားထွေးလားနဲ့။ ဖြစ်ချင်တော့ ကျွန်တော့် လက်ထဲ G – ၃ မဂ္ဂဇင်းဘောက် ကျည်ဆံအပြည့်နဲ့ ရလိုက်တယ်” … ဟု ပြောနေရင်း အနားရှိ ရဲဘော်တယောက်၏ G – ၃ သေနတ် (ကျည်ကပ်) မဂ္ဂဇင်းဘောက်ကိုင်ပြပြီး ဆကြည့်ကာ ကျွန်တော့် လက်ထဲထည့်ထည့်ပေးပြီး လေ့လာစေသည်။ ပြီးမှ သူက ပြန်ယူ၍ …

“အဲဒီ ကိုအေးမောင်ဆိုတဲ့ စစ်သားမျက်ခွက်ကို ကျွန်တော်က ရိုက်ချလိုက်တာ သူဘယ်ခံနိုင်တော့မှာလဲ။ ‘အား … အား ’ဆို သူ ဘာမှ ပြန်မလုပ်နိုင်မီ ကျွန်တော် G – ၃ သေနတ် ယူပြေးလာတော့တာပဲ။ ကိုအေးမောင်ဆိုတဲ့ စစ်သားတော့ ဘာဖြစ်သွားလဲ မသိဘူး။ စိတ်တော့ မကောင်းဘူး မလုပ်မဖြစ်လို့ လုပ်လိုက်ရတာ။ သူ့မှာ သားသမီးတွေ များတယ်ဆိုလို့ စာနာစိတ်ထားလိုက်မိတာပါ”။ …

“တောတွေ တောင်တွေထဲ ရှောင်တိမ်း ပုန်းအောင်းနေရင်း တောကောင် ကျားလား မသိဘူး တွေ့နေသေးတယ်။ မတတ်သာရင် သေနတ်နဲ့ ပစ်ဖို့ ပြင်ထားပြီး ကြည့်နေရတယ်။ ကိုယ့်သေနတ်ကို သေချာကြည့်တော့ ဂျမ်း ဖြစ်နေတယ်” … တဲ့။

နောက်တော့ တောတွင်းတနေရာမှာ သေနတ်ကို ဝှက်ထားခဲ့ပြီး ရုပ်ဖျက်၍ လျှို့ဝှက်ခရီးကြမ်းကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရင်း ပါတီကို ရောက်ရှိကြောင်းနှင့် ကျန်းမာရေး ယိုယွင်းလာ၍ ဆေးဝါးကုသမှုတွေ ခံယူရကြောင်းတို့ ပြောပြသည်။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: