ငှက်ကလေးတွေ
သူတို့မွေးဖွားရာ
မိခင် သိုက်မြုံကို
စွန့်ခွာပျံသန်းသွားသလိုမျိုး ...
မိုးကောင်းကင်ကြီးက
လွတ်လပ်ကျယ်ပြောတယ်။
လှေကလေး တစင်းလို
ကမ်းက ခွာတဲ့အခါ
ပင်လယ်ဆီပဲ သွားသွား
ဦးတည်ရာအတိုင်းပဲ မျောမျော
ဘဝသမုဒ္ဒရာရဲ့ နက်ရှိုင်းမှုအဆုံးမှာ
အရိုးရှင်းဆုံး အမည်နာမကို
ရှာဖွေတွေ့ရှိနိုင်လိမ့်မယ် ...။
ဝေဒနာ မျက်လုံးနဲ့
လောကကြီးကို
စာနာ ကြည့်မြင်တတ်သောအခါ
ပန်းပွင့်ကလေးတွေက မီးလျှံတွေဖြစ်
ရေပြင်လွှာက
သောက အပူလှိုင်းကို တံလှပ်ထင်တယ် ... ။
ဒီအတိုင်းပဲ ထားလိုက်မယ်ဆို
တခါက ဆိုတဲ့ စကားဟာ
အပြင်းစား အဆိပ်ထက် ပိုလို့ပြင်း
လူသူ မယုံကြည်တော့တဲ့ ယဇ်ပလ္လင်ထက်မှာ
ကြေကြေကွဲကွဲ အသက်ငင်နေမယ် ... ။
ကိုယ်က ပိုးမယ်ဆိုပြီး
ဒီတံပိုးကို ကိုယ်တိုင်တင်ခဲ့တာ
ကိုယ်ပေးခဲ့တဲ့ အိပ်မက်တွေအပေါ်
ကိုယ်ကိုယ်တိုင် မယုံကြည် စွန့်ခွာရဲခဲ့ရင်
သေချာပါတယ်
ညတာဟာ ဆက်ပြီးရှည်
နံနက်ခင်းဟာ
အလင်းလည်း မသစ်
အမိုက်တိုက်တွေက
ပိုလို့ သည်းထန် ရှင်သန်နေဦးမယ် ... ။
ခေတ်က
ဘူတာရုံကလေးလို
ထိုင်စောင့်နေမှာ မဟုတ်ဘူး
တောင်ပြိုသလို
တိုက်စားသွားတော့မှာ ...
မယုံရင်
သတ္တိရှိရှိ လွမ်းကြည့်လိုက် ။ ။
ကမာပုလဲ
၂၊ ၁၊ ၂၀၁၂။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment