“၂၃ နှစ်လုံးလုံး အခိုင်အမြဲစွဲကိုင်လာခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွှတ်ပေးရေးနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ မူကိုပြောမနေတော့ဘဲ လက်ရှိ အခြေခံဥပဒေဘောင်ထဲက ကျင်းပမယ့် ရွေးကောက်ပွဲကိုဝင်ရောက်ဖို့အတွက် ပါတီကို တရားဝင်မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ …”
တလောက အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဝန်ကြီးက “ကျွန်တော်တို့ စုံမခုန်ဘူး။ ရပ်လည်းမနေဘူး။ ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့် သွားနေတယ်” လို့ ပြောခဲ့တာကို ကြားလိုက်ရတယ်။
ဒုံးပျံလွှတ်သလို
ကြားကြားချင်းပဲ ဒီစကားကို သဘောကျသွားတယ်။ ဟုတ်တယ်။ စုံခုန်ရင် အကျမတော်တဲ့အခါ မှောက်လျက်သား ကျသွားနိုင်တယ်။ လမ်းသွားတယ်ဆိုတာ ခြေထောက်ကို တစ်လှမ်းချင်းလှမ်းပြီး သွားရတာပဲ။ တစ်လှမ်းချ တစ်လှမ်းကြွ လုပ်ရတယ်။ မြန်ချင်လို့ ပြေးရင်လည်း တစ်လှမ်းချ တစ်လှမ်းကြွပဲ ပြေးရတယ်။ စုံခုန် ပြီးပြေးလို့မဖြစ်ဘူး။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ဂျာနယ်တွေထဲမှာ ဒုံးပျံလွှတ်သလို ရှူးခနဲ ဒိုင်းခနဲ ထောင်တက်သွားတာတွေကို တွေ့နေရတော့ တွေးကြည့်ရုံနဲ့တင် ရင်ထဲမှာလှိုက်လှိုက်ပြီး မောလာလို့ ဒီစာကို ထရေးလိုက်ရတာဖြစ်တယ်။
ပထမဆုံး ဒုံးပျံ
ပထမဆုံး ရေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်လိုက်တဲ့ ဒုံးပျံအကြောင်းပါ။ ၁၈-၁၁-၂၀၁၁ နေ့က ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ပါတီကို မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့အခါ နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကန့်ကွက်သူမရှိ တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ ဒီကိစ္စဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ကိစ္စဖြစ်လို့ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ပြည်သူတစ်ရပ် လုံးပါးစပ်ဟောင်းလောင်းဖြစ်အောင် အံ့အားသင့်သွားကြတယ်ဆိုတာကတော့ ‘သတင်း’ ဖြစ်နေတာကြောင့် ရေးပြလိုက်ပါရစေ။
၃၆၀ ဒီဂရီပြည့်အောင်လှည့်
သတင်းဆိုတာမှ တော်ရုံသတင်း မဟုတ်ဘူးခင်ဗျ။ ၂၃ နှစ်လုံးလုံး အခိုင်အမြဲစွဲကိုင်လာခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွှတ်ပေးရေးနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ မူကိုပြောမနေတော့ဘဲ လက်ရှိ အခြေခံဥပဒေဘောင်ထဲက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ဖို့အတွက် ပါတီကို တရားဝင်မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ ၃၆၀ ဒီဂရီပြည့်အောင် လှည့်ပြောင်းလိုက်တဲ့ အပြောင်းအလဲကြီး ဖြစ်တယ်။ တကယ်ကို မိုးမြေသိမ့်သိမ့် တုန်သွားစေလောက်တဲ့ ဧရာမ သတင်းကြီး ဖြစ်တယ်။ မနှစ်က ဒီအချိန် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်စအချိန်နဲ့တောင် နည်းနည်းလေးမှမတူတော့တဲ့ အပြောင်းအလဲဖြစ်တယ်။
အောင်နိုင်ရေးသီချင်းတွေ ဆိုကြဖို့
မနှစ်က ဒီအချိန်မှာ ရွှေဂုံတိုင် ကြေညာစာတမ်းတို့၊ ဒုတိယပင်လုံ ညီလာခံတို့ဆိုတဲ့ အသံတွေညံနေအောင် ကြားနေရသေးတယ်။ အခုတော့ ဒါတွေလည်း မပြောတော့ဘူး။ ဘယ်သူတွေ ဘယ်နေရာက ရွေးကောက်ပွဲဝင်မယ်။ လွှတ်တော်ထဲရောက်ရင် ဘာလုပ်မယ်၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘယ်လိုသီချင်းတွေစပ်ပြီး ဘယ်အဆိုတော်တွေက ဆိုကြမယ်ဆိုတဲ့အသံတွေပဲ နေ့စဉ်ရက်ဆက် ကြားနေရတယ်။ ဒီပြောင်းလဲမှုတွေကိုကြည့်ပြီး လူတွေအားလုံး ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြတယ်။ သတင်းသမားဆိုတာ သတင်းကိုဖြစ်တဲ့အတိုင်း၊ မြင်ရတွေ့ရတဲ့အတိုင်း ရေးရတဲ့ဝတ္တရားရှိတာကြောင့် ပြောင်းတာတွေကိုလည်း ပြောင်းတဲ့အတိုင်း ရေးလိုက်တာဖြစ်တယ်။ မှားမှန် ကောင်းဆိုးဆိုတာကတော့ ပြည်သူတွေနဲ့သမိုင်းက အဆုံးအဖြတ်ပေးရမယ့်ကိစ္စ ဖြစ်တယ်။
ဒုတိယ ဒုံးပျံ
ဒုတိယအကြိမ် ဒုံးပျံလွှတ်သလို ရှူးခနဲ ဒိုင်းခနဲဖြစ်သွားတာကတော့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော် တင်းတင်းမာမာဆက်ဆံတဲ့ ပေါ်လစီတွေကို ရုတ်တရက် ချက်ချင်း ၃၆၀ ဒီဂရီ လှည့်ပြောင်းပြီးသွားတဲ့ကိစ္စဖြစ်တယ်။ အမေရိကန်ဆိုရင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုယ်တိုင် ရောက်ချလာတယ်။ ဗြိတိန်က ဝန်ကြီးတစ်ဦးနဲ့ နော်ဝေက ဝန်ကြီးတစ်ဦးလည်း ရောက်လာကြတယ်။ အကူအညီတွေ ပေးမယ်၊ ချေးငွေတွေပေးမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုတဲ့ အသံတွေလည်း မစားရ ဝခမန်း ကြားလာရတယ်။ လွန်ခဲ့တဲ့ သုံးလေးလလောက်အထိတောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမယ်ပြောရင် ဘယ်သူမှယုံမှာ မဟုတ်ဘူး။ အပြောင်းအလဲတွေက သိပ်ကို မြန်လွန်းတာကိုး။ ဒါကြောင့် ဒုံးပျံလွှတ်သလိုပဲလို့ ပြောခဲ့တာဖြစ်တယ်။
ဖျတ်ခနဲမြင်ရတဲ့ ရုပ်ပုံလွှာ
သမ္မတကြီးဦးသိန်းစိန်တို့ အစိုးရဘက်ကတော့ ဒုံးပျံတစ်စင်း၊ နှစ်စင်း မကဘူး။ ဒုံးပျံတွေ တစ်စင်းပြီးတစ်စင်း ရှေ့စဉ်နောက်ဆက် အဆက်မပြတ်ကို လွှင့်တင်ခဲ့တာကို တွေ့ရတယ်။ တစ်တိုင်းတစ်ပြည်လုံး ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေလောက်တဲ့ ဒုံးပျံကတော့ သမ္မတကြီးဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့စဉ် လွှတ်ခဲ့တဲ့ ဒုံးပျံဖြစ်တယ်။ အဲဒီသတင်းကို ရုပ်မြင်သံကြားက ထုတ်လွှင့်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးချိတ်ထားတာကို နောက်ခံထားပြီး သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်တွဲရပ်နေတာကို ဖျတ်ခနဲ ပြသွားတယ်။ အမှတ်မထင် မြင်လိုက်ရတာဆိုတော့ ကြည့်နေသူအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံသလိုတောင် ဖြစ်သွားကြတယ်။ နောက်တော့ ရင်ထဲက လှိုက်လှိုက်ပြီး ဝမ်းသာလုံးကြီးဆို့တက်လာအောင် ဝမ်းသာပီတိတွေ ဖြစ်သွားကြတယ်။ ဖုန်းရှိတဲ့ ဆွေမျိုးမိတ်သင်္ဂဟအားလုံးဆီကို ဖုန်းလှမ်းဆက်ကြတယ်။
ရေခဲတုံးကြီး အရည်ပျော်သလို
အဲဒီနောက်တော့ ရေခဲတုံးကြီး အရည်ပျော်ကျသွားသလို မနားတမ်းဆက်ပြီး စီးဆင်းပါတော့တယ်။ မတူတာတွေထားပြီး တူတာတွေကို လက်တွဲလုပ်ဆောင်သွားမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့လည်း အတူတကွ လက်တွဲလုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေသွားမယ်။ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် လုပ်ဆောင်သွားမယ်။ စတုတ္ထမဏ္ဍိုင်ကို ကြံ့ခိုင်အောင်ဆောင်ရွက်မယ်။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို အမြဲတမ်း ဦးထိပ်ထားသွားမယ်ဆိုတဲ့ စကားသံတွေ နေ့စဉ်ရက်ဆက် ကြားလာရတယ်။ ဂျာနယ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ပလူပျံသလို ဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးလုပ်ခွင့်ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတယ်။ အရင်က မျက်နှာဖုံးမှာ မင်းသမီး၊ မင်းသားဓာတ်ပုံ တွေထည့်နေကျ ဂျာနယ်တွေကတောင် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ထွက်လာကြတယ်။
ရေအား ပိုရှိ ပိုသွက်
သိပ်မကြာမီကာလတွေတုန်းက စာပေစိစစ်ရေးက တစ်ပုဒ်လုံးဖြုတ်ခိုင်းလို့ သိမ်းထားရတဲ့ ဂျာနယ်ဆောင်းပါးတွေကို အခုပြန်ပေးလိုက်တော့ တစ်လုံးတစ်ပါဒမှမဖြုတ်ဘဲ ခွင့်ပြုလိုက်တာကြောင့် ရေးအားပိုရှိလာပြီး လက်ပိုသွက်လာတယ်။ ဂျာနယ်တွေ စထုတ်ခွင့်ရကတည်းက ဝယ်ဖတ်လာခဲ့တာ အခုမှပဲ ပိုက်ဆံကုန်ရကျိုးနပ်တယ်လို့ သဘောထားနိုင်တော့တယ်။ ဒါတောင် ဒီမိုကရေစီပန်းတိုင်ကို ရောက်သေးတာ မဟုတ်ဘူး။ အဝေးကြီးလိုသေးတယ်။ အခုမှ လမ်းကြောင်းပေါ် ခြေချမိရုံရှိသေးတာ။ သူများနိုင်ငံတွေနောက်မှာ အများကြီးပြတ်ကျန်နေရစ်ခဲ့တာဆိုတော့ အခုလို ဒုံးပျံရဲ့အမြန်နှုန်းနဲ့သွားမှ တော်ရုံကျမှာ မဟုတ်လား။ အပေါင်းလက္ခဏာပြတဲ့ ဒုံးပျံလွှတ်တင်မှုမျိုးတွေကို ပြည်သူလူထုက အားရဝမ်းသာကြိုဆိုပြီး အစိုးရကို ချီးကျူးထောပနာပြုကြတာဟာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မကြားဖူး၊ မကြုံဖူးတဲ့ ဧရာမသတင်းထူးကြီး ဖြစ်တယ်။
အနှုတ်လက္ခဏာပြတာတွေ
ပြည်သူတွေက အပေါင်းလက္ခဏာဒုံးပျံတွေကို ကြိုဆိုပေမယ့် အနှုတ်လက္ခဏာပြ ဒုံးပျံတွေကိုတော့ မကြိုက်ဘူး ခင်ဗျ။ အပေါင်းလက္ခဏာဆောင်တာတွေက ခုအချိန်မှာ အရိပ်အယောင်ကို မြင်တွေ့ရုံ မြင်တွေ့နေရသေးတာ။ တစ်ခုမှလက်တွေ့ အကျိုးကျေးဇူး မခံစားရသေးဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ၊ ချေးငွေတွေဆိုတာတွေက ပါးစပ်ပြောပဲ ရှိသေးတာ။ ဘယ်တော့ဘယ်ခါ ရောက်လာမယ်ဆိုတာ မသိရသေးဘူး။ အနှုတ်လက္ခဏာပြ ဒုံးပျံတွေရဲ့ အရှိန်အဟုန်ကတော့ အခုကို တော်တော်ရိုက်ခတ်နေပြီဆိုတာ တွေ့ရတယ်။ မီးရထားခတွေက ၁၀ ဆ တက်သွားပြီး စာပို့ခတွေကလည်း ငါးဆတက်သွားတယ်။ ပြည်တွင်းစာ တစ်စောင်ပို့ရင် တံဆိပ်ခေါင်း ၂၀ ဖိုး ကပ်ရရာက အခု ၁၀၀ ဖိုး ကပ်ရတယ်။ အမေရိကန်ကို စာတစ်စောင်ပို့ရင် အရင်က သုံးဆယ်ကျတယ်၊ အခု ငါးရာ ကုန်ကျတယ်။ ၁၆ ဆကျော် တက်သွားတယ်။
ဈေးတက်စီးပွားရေး
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးရဲ့ ရည်ရွယ်ချက်က အပြိုင်အဆိုင် ဈေးကွက်ဝင်ဖို့ ကြိုးစားရင်း ဈေးလျော့တာတွေ၊ ဒစ်စကောင့်တွေ၊ သူ့ထက်ငါဦးအောင် လုပ်ကြတာကြောင့် စားသုံးသူတွေအတွက် ဈေးနှုန်း သက်သက်သာသာ ဝယ်ယူနိုင်ဖို့ ဖြစ်တယ်။ အခုလတ်တလော မြင်တွေ့နေရတာကတော့ ‘ဈေးကွက်စီးပွားရေး’ မဟုတ်ဘဲ ‘ဈေးတက်စီးပွားရေး’ သာဖြစ်တယ်။ ဈေးတက်တဲ့သတင်းတွေပဲ တစ်မျိုးပြီးတစ်မျိုး ဖတ်နေရတယ်။ ရေခွန်၊ အမှိုက်ခွန် တိုးမယ်ဆိုတဲ့ သတင်းဂျာနယ်တစ်စောင်မှာဖတ်ပြီးလို့ နောက်ဂျာနယ်တစ်စောင် ကောက်ဖတ်လိုက်တော့ မီတာခတွေလည်း တက်ဦးမယ်တဲ့။ အစိုးရကဏ္ဍက ဈေးနှုန်းတွေ အဆပေါင်းများစွာတက်သလို ပုဂ္ဂလိကကဏ္ဍက ဈေးနှုန်းတွေကလည်း ‘ခေါင်ခိုက်အောင်’ မြင့်တယ်လို့ ဆိုရလောက်အောင် မြင့်တက်နေတယ်။
အာပတ်သင့်တယ်
ဒုံးပျံနှုန်းနဲ့ မြင့်တက်နေတဲ့ ဈေးနှုန်းတွေအကြောင်း ညည်းညူကြတဲ့ သာမန်ပြည်သူတွေရဲ့အသံတွေဟာ သတင်းသမားတိုင်းရဲ့နားတွေထဲ မခံနိုင်အောင် ဝင်ရောက်နေကြတယ်။ ပြည်သူလူထုရဲ့အသံနဲ့ ပြည်သူလူထုရဲ့ အခြေအနေမှန်ကို ထင်ဟပ်ဖော်ကျူးရတဲ့ သတင်းသမားများအနေနဲ့ ဒီသတင်းမျိုးတွေကို လျစ်လျူရှုထားရင် တာဝန်မကျေရာကျတယ်။ သတင်းသမား ‘အာပတ်’ သင့်တယ်။ ဒါကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေကို အားရပါးရဖော်ပြသလို အနှုတ်လက္ခဏာဆောင်တဲ့ သတင်းတွေကိုလည်း မရေးချင်ပေမယ့် ရေးကြရတယ်။ မရေးချင်လို့ ဖုံးဖုံးဖိဖိလုပ်ထားရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရသလို ဖြစ်သွားနိုင်လို့ပါ။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment