Sunday, December 11, 2011

ပြည်သူတွေ ပါဝင်ရမယ့် နိုင်ငံရေးတစ်ခေတ်ဆန်းပြီ (မောင်ဝံသ)

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်က ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးစနစ်တစ်ခုက မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်တွေ့အရ မြန်မာပြည်သူလူထုအများစုကြီးကို နိုင်ငံရေးနယ်ပယ်အပြင်ဘက်မှာ ခေါက်ထားခဲ့ခြင်းကြောင့်သာ မြန်မာပြည်သူတွေနဲ့ နိုင်ငံရေးဟာ ‘ကြားလေသွေး’ ဝေးနေခဲ့ကြရတာ ဖြစ်တယ်ဗျ။ ဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် အဲဒီကာလတစ်လျှောက်လုံးနီးပါးမှာ မြန်မာပြည်သူတွေဟာ နိုင်ငံရေးအရ …”

ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကို ရရာလက်နက် မီးကျိုးမောင်းပျက်တွေနဲ့ ခုခံတော်လှန်ခဲ့တဲ့ လယ်သမားခေါင်းဆောင်ကြီး ဆရာစံ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရမှု ၈၀ နှစ်မြောက် အခမ်းအနားကို ဆရာစံရဲ့ ဂဠုန်တော်လှန်ရေး အခြေစိုက်ခဲ့ရာ သာယာဝတီမြို့မှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး ပါတီတွေက ကြီးမှူးပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိခဲ့ရတယ်ဗျ။

အဲသလိုပဲ ကိုလိုနီခေတ်မှာ မြန်မာပြည်သူတွကို ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သူ၊ အဲဒီတုန်းက ဗြိတိသျှနိုင်ငံသား မြန်မာပြည် ဘုရင်ခံကို ‘ကရက်ဒေါက် ဂက်တောက်’ ဆိုတဲ့ မောင်းထုတ်တဲ့စကားနဲ့အတူ နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောပြောခဲ့သူ ဆရာတော် ဦးဥတ္တမရဲ့မွေးနေ့နှစ်လည် အမှတ်တရ အခမ်းအနားများကိုလည်း ရန်ကုန်မှာရော၊ ရခိုင်ပြည်နယ်မှာပါ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တယ်ဗျာ။ အဲသလိုပဲ ရှစ်လေးလုံး အမှတ်တရပွဲ၊ နိုင်ငံရေး ခေါင်းဆောင်များ ပူဇော်ကန်တော့ပွဲ၊ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ မွေးနေ့ပွဲ၊ အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲ စတဲ့ နိုင်ငံရေးနဲ့ဆက်နွှယ်နေတဲ့ လှုပ်ရှားမှုတွေ အခုတလောမှာ ခပ်စိတ်စိတ် ပေါ်ထွက်လာနေခဲ့တာ အားလုံးအသိ ဖြစ်တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ် ပါတီဝင်ဟောင်းတချို့ စည်းရုံးစီစဉ်တဲ့ လမ်းလျှောက် ချီတက်ပွဲနဲ့ လယ်သမားတချို့ရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေလည်း မကြာသေးမီ လပိုင်းအတွင်း ပေါ်ပေါက်ခဲ့တယ်ဗျ။ 

လွတ်ငြိမ်းချမ်းသာခွင့်

အားလုံးသိကြတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲရဲ့ရလဒ်အဖြစ် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ပဲခေါ်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပဲခေါ်ခေါ် သမ္မတလက်မှတ် ရေးထိုးထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကြောင့် အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ကြတာ နှစ်ကြိမ်ရှိသွားပြီဖြစ်တယ်ဗျ။ ပထမဆုံးအကြိမ်မှာ ပြစ်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်တယ်ဆိုတဲ့ ဖော်ပြချက်ကြောင့် ပြည်သူတွေမှာ ခဲလေသမျှ သဲရေကျ ဖြစ်သွားခဲ့ကြရပေမယ့် ဒုတိယအကြိမ်မှာ နာမည်ကြီးတချို့ အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ နှစ်ရာကျော်ပါလာတဲ့အချက်နဲ့ မကြာခင် နောက်ထပ် လွှတ်ပေးဖို့ရှိပါသေးတယ်ဆိုတဲ့ နိုင်ငံတော်အစိုးရ တာဝန်ရှိသူတချို့ရဲ့ ပြောစကားတွေကြောင့် ပြည်သူတွေဟာ တတိယအကြိမ် လွှတ်ပေးမှုကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြတယ်ဗျ။ ဒုတိယအကြိမ်တုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပန်ကြားမေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ အကျဉ်းသားတွေ ပြန်လွတ်လာခဲ့တာမို့ တတိယအကြိမ်အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ လူအခွင့်အရေးကော်မရှင်ရဲ့ ဒုတိယအကြိမ် ပန်ကြားချက်ထွက်ပေါ်လာခဲ့ပြီး နောက်တစ်နေ့ကစလို့ တစ်ဟုန်ထိုး လင်းလက်တောက်ပလာခဲ့တယ်ဗျ။ 

မေးခွန်းထုတ်လာကြပြီ

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အဲဒီပန်ကြားချက် ထွက်ပေါ်လာခဲ့တာ အခုဆိုရင် ရက်သတ္တသုံးပတ်လောက်ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် ပြည်သူအားလုံး မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ တတိယအကြိမ် အကျဉ်းသားလွတ်မြောက်မှုက ပေါ်ထွက်မလာသေးဘူးဗျ။ ဒီအခြေအနေကြောင့် ပြည်သူတွေအကြား အားမလို အားမရဖြစ်တဲ့ လေသံတွေ ပေါ်ထွက်လာနေပြီး တချို့ဆိုရင် သမ္မတကြီး ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီ ကတိကဝတ်များအပေါ် မေးခွန်းထုတ်မှုတွေတောင် ပြန်လုပ်လာခဲ့ကြတယ်ဗျ။ 

အတည်မပြုနိုင်တဲ့ သတင်းတွေ

ဒီအချိန်မှာ အကျဉ်းသားတွေကို တတိယအကြိမ် ပြန်လွှတ်ပေးရေးကိစ္စနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ သတင်းတွေလည်း အမျိုးမျိုးကြားနေရတယ်ဗျ။ အဲဒီသတင်းတွေထဲမှာ လွှတ်ခါနီးမှ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ယန္တရားဖြစ်တဲ့ ‘ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ’ ဆီက အတည်ပြုချက်မရလို့ မလွှတ်သေးတာဆိုတဲ့ သတင်းမျိုးလည်း ပါတယ်ဗျ။ ဒီသတင်းက တရားဝင်ထွက်ပေါ်လာတဲ့ သတင်းမဟုတ်ပေမယ့် ဖြစ်ချင်လည်း ဖြစ်နိုင်တာမို့ ကျွန်တော်တို့လို ပြည်သူတွေရဲ့ နား၊ မျက်စိ၊ ပါးစပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးထားတဲ့ စတုတ္ထမဏ္ဍိုင်သားတွေအတွက်တော့ လုံးလုံးလျားလျား လျစ်လျူရှုလို့မရနိုင်တဲ့ သတင်းမျိုးဖြစ်တာကြောင့် ဖြစ်နိုင်ချေကို တွက်ချက်ရာမှာ ထည့်သွင်း စဉ်းစားခဲ့ကြရတယ်ဗျာ။ 

အကြံပေးအဖွဲ့ဝင်ရဲ့စကား

အဲသလို ကျွန်တော်တို့ အပါအဝင် ပြည်သူတွေက သို့လော သို့လော စဉ်းစားနေကြချိန်မှာ နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးက “အခုတလော နိုင်ငံရေးလှုပ်ရှားမှုကလေးတွေ ဟိုနေရာ ဒီနေရာမှာ ပေါ်လာတာမျိုးလေးတွေ ရှိနေတော့ အကျဉ်းသားများ တတိယအကြိမ် လွှတ်ပေးရေးကိစ္စကို လူကြီးတွေက သေသေချာချာ စဉ်းစားဆုံးဖြတ်နေကြ တယ်နဲ့ တူပါတယ်” ဆိုတဲ့စကားကို ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတော့ ကျွန်တော့်ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ အကျဉ်းသားတွေ တတိယအကြိမ် ပြန်လည်လွတ်မြောက်လာရေး နှောင့်နှေးကြန့်ကြာနေရတဲ့ကိစ္စ ဆက်များ ဆက်စပ်နေသလားလို့ စဉ်းစားစရာတွေ ဖြစ်လာတယ်ဗျ။

ပြည်သူ့အစိုးရ ဆိုတာ

အားလုံးသိကြတဲ့အတိုင်း ဒီမိုကရေစီစနစ်ဆိုတာ “ပြည်သူတွေအတွက် နိုင်ငံတော်အာဏာကို ပြည်သူတွေကိုယ်တိုင် ကိုင်တွယ်စီမံ ခန့်ခွဲအသုံးပြုတဲ့ ပြည်သူ့အစိုးရစနစ် For the people, By the people, Of the people” ဖြစ်တယ်ဗျာ။ တစ်နည်းပြောရရင် ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံရဲ့ အရေးအရာအားလုံးမှာ ပြည်သူတွေက တာဝန်သိစိတ်အပြည့် နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ ပူပေါင်းပါဝင်ဆောင်ရွက်တဲ့ စနစ်ဖြစ်တယ်ဗျာ။ ဒါကြောင့် ဒီမိုကရေစီနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ နိုင်ငံ့အရေးပဲခေါ်ခေါ် နိုင်ငံရေးပဲခေါ်ခေါ် နိုင်ငံရဲ့အရေးကိစ္စအားလုံးမှာ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလုပ်ဆောင်လာအောင် စည်းရုံးဖျောင်းဖျ နှိုးဆွလှုံ့ဆော်ရေးပဲ ဖြစ်တယ်ဗျ။ ပြည်သူတွေမှာ အဲဒီအသိမျိုးမရှိရင်တောင် အဲဒီလို လုပ်ဆောင်လာတာမျိုးတွေအပေါ် စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိဘူးဗျ။

နိုင်ငံရေးနဲ့ဝေးခဲ့ခြင်း အကြောင်း

အဲဒီအသိ အဲဒီအလေ့အထမျိုးဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အသစ်အဆန်း မဟုတ်ဘူးဗျ။ အများကြီး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးပြီး အများကြီး ကျင့်သုံးလုပ်ဆောင်ခဲ့ဖူးတဲ့ အသိနဲ့ အလေ့အထတွေ ဖြစ်တယ်ဗျာ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်က ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးစနစ်တစ်ခုက မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်တွေ့အရ မြန်မာပြည်သူလူထုအများစုကြီးကို နိုင်ငံရေးနယ်ပယ်အပြင်ဘက်မှာ ခေါက်ထားခဲ့ခြင်းကြောင့်သာ မြန်မာပြည်သူတွေနဲ့ နိုင်ငံရေးဟာ ‘ကြားလေသွေး’ ဝေးနေခဲ့ကြရတာ ဖြစ်တယ်ဗျ။ ဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် အဲဒီကာလတစ်လျှောက်လုံးနီးပါးမှာ မြန်မာပြည်သူတွေဟာ နိုင်ငံရေးအရ ထုံထိုင်းလေးလံထိုင်းမှိုင်းနေခဲ့ကြပြီး ယိမ်းတိုက်ထားတဲ့ ကြွေးကြော်သံတွေ၊ အသက်မပါတဲ့ လက်သီးလက်မောင်းတန်းမှုတွေထဲမှာ ရုပ်သေးရုပ်များသဖွယ် လှုပ်ရှားရှင်သန်ရင်း အစိုးရနဲ့ပြည်သူ တဦးအပေါ်တဦး မယုံကြည် မလေးစားကြရာမှ ကျွန်တော်တို့နိုင်ငံ ရေစုန်မျောလုနီးပါး အခြေစိုက်ခဲ့ရတာ အားလုံးသိတယ်ဗျ။

အခုအချိန်မှာတော့ အဲဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အစိုးရကရော နိုင်ငံရေးသမားများကပါ ကြိုးစားနေကြပြီ ဖြစ်တယ်ဗျ။ ပြည်သူတစ်ရပ်လုံးက နိုးကြားတက်ကြွမှုအပြည့်နဲ့ ပူးပေါင်းပါဝင်လှုပ်ရှားမှသာ ဆိုက်ရောက်နိုင်မှာဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်သို့ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်တယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ငှက်မသိတော့ ဆက်ရက် ချိုးထင်၊ အချက်မသိတော့ သမက် သူခိုးထင် ဆိုသလို စိုးရိမ်ပူပန်နေရမယ့် အရာမဟုတ်ဘဲ ကြိုဆိုအားပေးကူညီရမယ့်အရာတွေသာ ဖြစ်ကြောင်းပါဗျာ။

မောင်ဝံသ
၀၆၊ ၁၂၊ ၁၁

The Messenger မက်ဆင်ဂျာ ဂျာနယ် ယခုပတ်ထုတ် Vol 2, No.30 မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။


 

No comments: