နဝတ ရဲ့ ၁/၉၀ ကို လက်မှတ်ထိုးအပြီးမှာ ဇာတိမြို့ကလေးကို ပြန်ခဲ့တယ်။ ဘဝ အရ မြို့ကလေးရဲ့ ကျေးလက် အလယ်တန်းကျောင်းကလေးမှာ တွဲဖက်ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းကို ပြုနေခဲ့တယ်။ ကျောင်းပိတ်တဲ့အခါ၊ မြို့ကို အကြောင်းကိစ္စ တခုခုကြောင့်တက်ရတဲ့အခါ ကျောင်းသား ပါတီနိုင်ငံရေးအလုပ်တွေ ဆက်လုပ်ဖြစ်တယ်။ လုပ်သာလုပ်နေရတယ် စိတ်ထဲကတော့ ကသိကအောင့်နဲ့ ပါ။
၁၉၉၀ ရွေးကောက်ပွဲတုန်းက ပါတီဟာ ရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒအမတ်နေရာ အနည်းဆုံးဖြစ်တဲ့ ၃ နေရာသာ မပြိုင်မဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အဓိက ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအောင်နိုင်ရေးကိုသာ ဗဟိုပြု ဝိုင်းရံစည်းရုံးပေးခဲ့တယ်။ ခမောက်လေ ... ခမောက် အပြတ်အသတ်နိုင်ဖို့ပဲ လုပ်ခဲ့တယ်။ ရင်းနှီးရကျိုးနပ်ပါတယ်။ ခမောက် အပြတ်အသတ် နိုင်ခဲ့တယ်။
ခုချိန်မှာ ၁/၉၀ ရဲ့ လောင်းရိပ်အောက်မှာ မြေပေါ် ဒီမိုကရေစီနိုင်ငံရေးအတွက် လုပ်ရ၊ ကိုင်ရတဲ့ကွင်းဟာ အတော့်ကို ကျဉ်းမြောင်းသွားပါတော့တယ်။ အထိမ်းအမှတ်နေ့ကလေးတွေ ကျင်းပရတာတောင် အကန့်အသတ်တွေက များလွန်းနေတယ်။ မြို့ကလေးရဲ့ အထွေထွေအတွင်းရေးမှူး ထောင်က ပြန်လွတ်လာတယ်။ ဥက္ကဋ္ဌက ဗဟိုမှာ တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်နေတယ်။ ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့်က မအူပင် အကျဉ်းထောင်မှာ ကျဆုံးခဲ့ပြီ။
ရွေးကောက်ပွဲအပြီးမှာ ဗိုလ်အောင်ကြီး (UNDP - ပါတီ ခေါင်းဆောင်ကြီး) ဟာ စည်းရုံးရေး ခရီးစဉ်အဖြစ် မြို့ကလေးကို ရောက်ရှိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်က ဥက္ကဋ္ဌ နေရာကို ရယူနိုင်ခဲ့တဲ့ ဗိုလ်အောင်ကြီးဟာ စစ်အုပ်စုအကြိုက် ကွန်မြူနစ်ဆန့်ကျင်ရေး မီးရှူးမီးပန်း အမြောက်ကို ပါတီအတွင်းမှာ အစီအစဉ်ရှိရှိ ဖောက်ခွဲခဲ့သူပါ။ သမိုင်းဝင် တကသ အဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့ရာမှာလည်း ဗိုလ်နေဝင်းပြီးရင် သူဟာ တာဝန်အရှိဆုံးပါ။ အရေးတော်ပုံကြီးဖြစ်မယ့် အကြိုကာလမှာ ဗိုလ်နေဝင်းထံပေးစာများနဲ့ သူ့ကိုယ်သူ သိဒ္ဓိတင်လို့ အရေးတော်ပုံကြီးမှာ ခေါင်းဆောင်လိုလို ဖြစ်ခဲ့သူပါ။ သမိုင်းတွေ၊ အဖြစ်အပျက်တွေမှာ နိုင်ငံရေးအရ နေရာယူတတ်သူပါပဲ။ ဒါပေမယ့် သိပ်တော့ မကြာတတ်ပါဘူး။ ရေပွက်ပမာပါ။ ထားပါလေ။ သူ့အကြောင်းပြောမယ်ဆိုရင် ပေရှည်နေပါတယ်။ သူ့ ခရီးစဉ်နဲ့ မြို့ကလေးရဲ့ အကြောင်းကို ပြောချင်တာပါ။
သူ့ရဲ့ UNDP ပါတီရုံးခွဲမှာ အစည်းအဝေးလုပ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်နဲ့ စည်းရုံးရေးကိစ္စတွေလို့ သိရပါတယ်။ အစည်းအဝေးမှာ ကျောင်းသားလေးတယောက်က သူ့ကို ထမေးပါတယ်။ “ဘဘ ... ဘဘ ပြောခဲ့တယ်လေ၊ ရွေးကောက်ပွဲပြီးလို့ စစ်အုပ်စုက အာဏာလွှဲမပေးရင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြမယ်လို့ ... အဲဒါ ... ခု စစ်တပ်က အာဏာလွှဲမပေးတဲ့အပြင် ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး ဖမ်းနေတယ်လေ ... ဘဘ ဘယ်လိုလုပ်မလဲ” ဆိုပြီး မေးတာပါ။ ဗိုလ်အောင်ကြီးလည်း အာစေးထည့်ထားသလိုဖြစ်နေပြီး ခေတ္တခဏ ကြောင်နေတယ် ပြောပါတယ်။ အစည်းအဝေးကို မြန်မြန်သိမ်းလိုက်တယ် ကြားပါတယ်။ မေးသူက မိမိတို့ ကျောင်းသားပါတီကို ထောက်ခံအားပေးသူ ဖြစ်နေပါတယ်။ ပါတီက ခုလို မေးဖို့ ညွှန်ကြားတာဝန်ပေးလိုက်တာ မဟုတ်ပါ။ သူ့သဘောနဲ့ သူ အစည်းအဝေးသွားတက်ပြီး မေးခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူ့ရဲ့ ဒီမိုကရေစီ အခွင့်အရေးပဲ။ အားလုံးက လက်ခံကြပါတယ်။ မေးသူက ဆယ်တန်းကျောင်းသား ကလေးဖြစ်ပါတယ်။ မျက်လုံးပြူးပြူးကလေးနဲ့မို့ တမြို့လုံးက သူ့ကို ‘ကိုပြူး’ လို့ ခေါ်ကြတယ်။ သူ့နာမည်အရင်းဟာ ပျောက်သလောက်ဖြစ်နေပါတယ်။ ဗိုလ်အောင်ကြီးလည်း သတ်မှတ်ရက်အတိုင်း မနေတော့ဘဲ မြို့ကလေးကနေ အမြန်ဆုံး ပြန်လစ်သွားပါတော့တယ်။
၁၉၉၁ အောက်တိုဘာလမှာ မြို့ကလေးရဲ့ ဦးနီစု ကျေးရွာကနေ အနှစ် နှစ်ဆယ်နီးပါး ကွယ်ပျေက်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး မြစ်ဝကျွန်းပေါ်ဒေသမှာ ပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ မြောင်းမြ အထိ ပုသိမ်နားကပ်ကာ ဆက်တိုက်လိုလို ကျေးရွာဒေသတွေမှာ ကျည်ပြန်ပေါက်တာ ဖြစ်ပါတယ်။
ကျည် စပေါက်ပေါက်ခြင်း မြို့ကလေးက ရဲ ၂၇ ယောက် စီးလာတဲ့ ပဲ့ထောင် RPG နဲ့ အပစ်ခံရပါတယ်။ သေချင်ယောင်ဆောင်နေတဲ့ ဒဏ်ရာရ ရဲတယောက်ကလွဲလို့ ပဲ့ထောင်ပေါ်ပါသူ ရဲအားလုံး သေပါတယ်။ မြို့ကလေးမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ် လုပ်လိုက်ပါတယ်။ ထိုစဉ်က တိုင်းမှူးမြင့်အောင် (ယခု သေဆုံး) ကိုယ်တိုင် လာရောက်ကွပ်ကဲတယ်။ ဗိုလ်ခင်ညွန့်(ယခု စစ်အုပ်စုက ဖမ်းဆီးထဲဆဲ)၊ ဗိုလ်တင်ဦး (ရဟတ်ယာဉ်နှင့် သေဆုံး)၊ ဗိုလ်သန်းရွှေ (ထိုစဉ်က နဝတ၏ ဒု-ဥက္ကဋ္ဌ ) တို့ကိုယ်တိုင် ရောက်လာကြပါတယ်။ စစ်ပွဲကို စစ်အုပ်စုက ကြည်း၊ ရေ၊ လေ နဲ့ တဖက်သတ် တိုက်တာပါ။ မာနယ်ပလောမှာ တိုင်းမှူး ဗိုလ်မောင်လှ ဦးစီးကွပ်ကဲတဲ့ စစ်အုပ်စု တပ်တွေဟာ အကျအဆုံးကြီးစွာနဲ့ ရင်ဆိုင်နေကြရချိန်လည်း ဖြစ်ပါတယ်။
နောက်မှ တဆင့်စကားနဲ့ ကြားသိရတာက မြစ်ဝကျွန်းပေါ်လက်နက်ကိုင်တိုက်ပွဲဟာ အချိန်မတန်မီ ပေါ်သွားခဲ့တဲ့အတွက် လက်ဦးမှုနဲ့ ဟန်ချက်ညီမှုတွေ ဆုံးရှုံးသွားခဲ့တယ်။ ဒါကြောင့်လည်း တဖက်သတ် ချေမှုန်းခံလိုက်ရတယ်လို့ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေစဉ်ကာလမှာ မြို့ကလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ကော်မတီဝင်တွေကို အချုပ်ထဲ ဖမ်းထည့်ပါတယ်။ အချုပ်ခန်း သုံးခန်းရှိတဲ့အနက် အလယ်ခန်းမှာထားတယ် ပြောပါတယ်။ ဘေး နှစ်ခန်းကိုတော့ သောင်းကျန်းသူတွေဆိုပြီး ဖမ်းလာသူတွေကို ထားပါတယ်။ အချုပ်ခန်းထဲထိ လက်ထိပ်တွေ၊ ကြိုးတွေ ဖြည်ပေးမထားပါ။ မူးလာသည် ဖြစ်စေ၊ မကျေနပ်လို့ဖြစ်စေ စိတ်ကြိုက် ထုတ်ထုတ်ရိုက်နှက်ပါတယ်။ ထောက်လှမ်းရေးက ရိုက်လိုက်၊ စစ်သားက ရိုက်လိုက်၊ ရဲက ရိုက်လိုက်နဲ့ပါ။ နှိပ်စက်ခံရလို့ သေဆုံးရသူ အရေအတွက်ဟာ မနည်းဘူးဆိုတာကို တမြို့လုံးက သိနေကြပါတယ်။
အဲဒီ အချိန် မြို့ကလေးရဲ့ ရဲအချုပ်ထဲမှာ အဖမ်းဆီးခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးက ခုဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေအပေါ် သူ့အမြင်ကို ပြောပါတော့တယ်။ တူးတူးခါးခါး မျက်နှာသွေးပျက်ပြောတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီဟာ ခုလို အကြမ်းဖက်မှု လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဘယ်လိုမှ မရနိုင်ဘူး၊ ဒီ နည်းလမ်းနဲ့ ဒီမိုကရေစီရမယ်လို့ ကျနော် မယုံကြည်ဘူး” ...။ နောက်တော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကနေ နှုတ်ထွက်သွားသလား မသိပါ။ စီးပွားရေးပဲလုပ်ပြီး မြို့ကလေးမှာ အတော်ကြာကြာ ပျောက်ပျောက်နေတတ်ပါတယ်။ အချုပ်ထဲမှာ သူပြောခဲ့တဲ့စကားက သူ့ ကြောက်စိတ်နဲ့၊ သွေးပျက်မှုက လာတယ်လို့ မြင်ပါတယ်။
စစ်အာဏာရှင်ဟာ စစ်အာဏာရှင် အလုပ်ကိုလုပ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာ၊ မြို့နယ်တွေမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမ၊ ဆေးဝန်ထမ်းများကို ဖမ်းဆီးထောင်ချပါတယ်။ အနည်းဆုံး ၃ နှစ်အထိ ထောင်ဒဏ်ပေးပါတယ်။ အိမ်ပြန် ကလေးမွေးနေတဲ့ သားသည်မိခင်ကျောင်းဆရာမကိုလည်း သတင်းတွေ ထိန်ချန်မှုဆိုပြီး စွပ်စွဲ ထောင်ဒဏ် အပြစ်ပေးခဲ့တယ်။ အားလုံးနီးပါးဟာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေဖြစ်နေပြီး ဒါဟာ စစ်အုပ်စုရဲ့ မဟာလူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသား လူမျိုးစုများ အချင်းချင်းကြားမှာ ဗမာမုန်းတီးရေးကို စနစ်တကျ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေကနေ ညဘက် မှောင်ရီပျိုးပြမှာ ကလေးတွေ၊ အဖွားအိုတွေ၊ အဖိုးအိုတွေ လှေနဲ့ ရောက်လာကြပါတယ်။ မြို့ကလေးရဲ့ လမ်းမတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်း ဇရပ်တွေမှာ ပြည့်လို့ပါ။ အေးကလည်း အေး၊ စားစရာကလည်း မရှိ အတော့်ကို ကြေကွဲစရာ ... မြင်ကွင်းတွေ။ ချက်ချင်းကို မဝတ က အမိန့်ထုတ်ပြီး အော်လံကြီးတွေနဲ့ လိုက်လံကြေညာပါတော့တယ်။
“ယခု မြို့ပေါ်တွင် တရားမဝင် ရောက်ရှိနေသူများအား မည်သူတဦးတယောက်ကိုမျှ ဧည့်သည်အဖြစ် လက်သင့်ခံ တည်းခိုနေထိုင်ခွင့် မရှိစေရ။ လက်သင့်ခံ တည်းခိုနေထိုင်ခွင့် ပြုထားပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်”
ထိုနေ့၊ ထိုရက်၊ ထိုအချိန်ကာလများဆီက မြို့ကလေး၏ ညတို့သည် အစာငတ်၊ ရေငတ်၊ နေစရာငတ်နေကြသော ကလေးငယ်များ၏ ငိုကြွေးသံတို့ဖြင့် အတိပြီးလျက် ... ။ နာကျင် ညည်းတွားသံများက ည၏ တိတ်ဆိတ်ငြိမ်သက်မှုကို ပမာမခန့်ပြုလျက် ...။ မြို့ကလေးသည် ကြေကွဲစွာ နာကျည်းမှုများဖြင့် လွတ်မြောက်ရေး တိုက်ပွဲစစ်စစ်ကို တမ်းတမ်းမက်မက် ငတ်မွတ်လျက် ... ။ လွမ်းပါတယ် ... မြို့ကလေး ...။
ကမာပုလဲ
၁၆၊ ၁၂၊ ၂၀၁၁။
No comments:
Post a Comment