Sunday, December 18, 2011

ကဗျာဖတ်နေတဲ့ ခေတ် ခေတ်ဖတ်နေတဲ့ ကဗျာ (လက်ျာဝင်း)

အနက်ရောင်
အနက်ကြီးထဲက ချဉ်ခြင်းပါ၊
ကိုယ့်အကြောင်းကိုယ်
အကုန်အစင်
ပြောခွင့်ရချင်တာပါပဲ၊

ဘာဖြစ်မယ်မှန်းမသိ
စားရ
ဘယ်ရောက်မယ်မှန်းမသိ
လျှောက်ရ
ဘာတတ်မယ်မှန်းမသိ
သင်ရ
အလုံးစုံ ဂမ္ဘီရ

အတုတွေများပြီး
အစစ်က နည်းလွန်းတော့
အတုက အစစ်ဖြစ်ပြီး
အစစ်က အတုဖြစ်သွားရဲ့၊


ပြီးခဲ့သမျှဟာ
ဓာတ်ငွေ့ကုန် မီးခြစ်လို
ဘဝနှင့် နံရံများ
အကြိမ်ကြိမ် မီးခတ်မှုက
ဘဝသာပွန်းပဲကျ
ခုထိ မီးတောက်မရသေး၊

မြန်မာပြည်မှာ
ကဗျာရေးတာ တခုတည်းနဲ့တော့
မိုးလေမမြင်
စိတ်ကြီးမဝင်သင့်ပါဘူး၊
ဆံပင်ရှည်ထားကြ
ကြုံရာကျပန်း ကူးကြ
ကိုယ်တိုင်
ကဗျာဆရာ မဖြစ်လည်း
ဘာအရေးလဲ
ဒီမှာ
ကဗျာဆရာတွေ ပေါမှပေါ
အကုန်ဝယ်ပြီး
ပုလင်းထဲထည့်ထားလိုက်
ခံစားမှုမပါတဲ့ ကဗျာအော်ပရာ
ပညာတတ်ဇာတ်ရုံမှာ
တင်ဆက်နေပါတယ်၊
ပညာတတ်ကြိမ်လုံးနဲ့
တအုံးအုံး အရိုက်ခံရပြီးတဲ့နောက်
ပညာတတ်အော်လံ
ကျွတ်ကျွတ်ညံနေပါရော၊

ကဗျာမှ မမြင်ဖူးပါပဲ
ဘယ့်နှယ်
ကဗျာကို ငြီးငွေ့ရသလဲ၊
ကဗျာကိစ္စ
ပြီးသွားတော့လည်း
ဆရာကိစ္စ
ဆက်ကြတာပေါ့၊

ထိုအရသာမှာ
သင်မပျင်းခဲ့ပါက
အဲဒါ
သင့် အနုပညာပါပဲ၊

စစ်အေးခေတ်ကို
ဘာလင်တံတိုင်းက အုတ်တွေနဲ့
မြှုပ်နှံ သင်္ဂြိုလ်ခဲ့ပြီတဲ့၊

ပညာခေတ်ကြီးပါ
ဂလိုဘယ်ခေတ်ကြီးပါ
အိုင်တီခေတ်ကြီးပါ
ပညာရွှေအိုး လူမခိုး တဲ့
ခွေးသူခိုးနဲ့တွေ့တော့
သွားရော …
အတွေးအခေါ်တွေ မလိုအပ်တော့ရင်
စာအုပ်တွေ မီးပုံရှို့ကြစို့ရဲ့၊
မွှေနှောက်တာချင်း အတူတူ
တယောက်က အမှိုက်ပုံ
တယောက်က အင်တာနက်
သူဋ္ဌေးလည်း သင်္ဘောအစီး ၁၀၀ မှောက်
သူတောင်းစားလည်း ခွက်ပျောက်ပေါ့၊

ပစ္စည်းရှိတာ ဂုဏ်ရှိသတဲ့
ငါတို့ဖြင့်
တဘဝစာ မျက်နှာငယ်ရ
ဟိုကောင်တွေ
ဂုဏ်ကျက်သရေ
ဖိတ်ဖိတ်လက်နေချေပေါ့၊
တတိယလှိုင်းမှာ
ရေနစ်သူနစ်
ငွေနစ်သူနစ်လေပေါ့၊

အဒမ်စမစ်ရဲ့
မမြင်ရတဲ့လက်ကို
မြင်ရပြီ၊
ဖူကူယာမရဲ့
သမိုင်းနိဂုံး
ဆုံးပြီ၊
၁၉၃၀ ကလို
ပင်လယ်ဟာ
သူ့သားကောင်တွေကို
ပါးစပ်ဖြဲကြိုတယ်၊

နွေးထွေးပွေ့ဖက်လိုက်ကြပါ
၁၈၄၈ တစ္ဆေကြီးဟာ
ဂဠုန်တောင်ပံနဲ့ ပြန်လာမယ်၊

အခုတကျီကျီ မြည်နေတာ
နာနာဘာဝတွေအကြောင်း
မဟုတ်ပါဘူး၊
နာနာဘာဝတွေထက်
ပိုကြောက်စရာကောင်းတဲ့
လူတွေအကြောင်းပါ၊

ပိတောက်ရောင်ဟာသများ
အမှတ်တမဲ့ သူရဲကောင်းများ
instant အာဇာနည်များ
သည်းခံပါများ
တကျီကျီမြည်လို့
မီးရှူးမီးပန်းတွေက
မျက်စိစူးလှရဲ့၊

ဝန်းကျင်စိမ်းစိမ်း
ငွေစိမ်းစိမ်း
ယိမ်းကကြ
ပိုက်ဆံစုတ်စုတ်
လူစုတ်စုတ်
ထွေးရှုပ်ကြ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးထက်
ကိုယ်ကျင့်ထိန်းသိမ်းရေးက
ပိုအရေးကြီးပါတယ်၊
သင်တို့ ဖြန့်ထွက်တွေးမှုမှာ
ငါတို့နေရာလေးကျန်ခဲ့တယ်၊

ဟစ်တလာကို ကန့်ကွက်ဖို့
ချာချီဖြစ်ဖို့ မလိုဘူး
သူဖုန်းစားမျှလောက်ကလည်း
ဆဲရေးခွင့်ရှိပါတယ်၊

ကလေးတယောက်ဘေးက
ကွက်လပ်ဟာ
ဘယ်လောက်ကြာဦးမှာလဲ
အမေတယောက်ရဲ့
ရင်ခွင်ဟာ
ဘယ်လောက် ဟာ ဦးမှာလဲ
လှေခါးထစ်က
ရေနစ်နေတဲ့ လရောင်ကို
သေရည်မပါဘဲ
မြည်းခဲ့ရတဲ့ ညတွေ …
ပြောစရာ အသစ်အဆန်းဆိုလို့
ညက အိပ်မက်ပဲ
ကျန်တော့တဲ့ မနက်တွေ …

အချစ်ရေ
ငါရေးခွင့်မရှိခဲ့တဲ့
ဒိုင်ယာရီများပေါ်
မင်နီတွေ
နစ်နေအောင်
သွန်လောင်းလိုက်စမ်းပ
မှတ်တမ်းဟာ
ဝိညာဉ်မှာ
သေရာပါခဲ့ပြီ၊
ပြဿာဒ်သာလောင်မယ်ဆို
ဦးဆုံးအမှိုက်စ
ငါ ဖြစ်ချင်လှရဲ့ကွယ်၊

ရှင်ဘုရင်တွေ
နယ်ချဲ့အလိုတော်ရိတွေ
ဖက်ဆစ်စကားပြန်တွေ
လက်ညှိုးထောင် ခေါင်းညိတ်တွေ
တိုက်ပုံနက်တွေ
ဆိုင်ကယ်သရဲတွေ
ဘဝ မရှိသူတွေ
ဝ မရှိသူတွေ
အရှင်မွေး နေ့ချင်းကြီးတွေ
အသေမွေး နေ့ချင်း ချတွေ

ယုံ၊ မယုံကြား
စက္ကန့်ဝက်သာ ခြားသူတွေ
မစင် စစ်၊ မစစ်
ကိုယ်တိုင် လျှာဖြင့်စစ်သူတွေ
ကာလမဲ့ ပြဇာတ်မှာ
အကုန်ပါဝင်ကြလို့ပေါ့၊

အခု
သင့်ကို မိုးထားတဲ့ ဓားက
ဟွန်းကလွဲလို့ အကုန်မြည်တယ်
စိတ်ကလွဲလို့ အကုန်ကောင်းတယ်၊

သူတို့က
၄၀ မှာ ဘဝစသတဲ့
ငါတို့က ဘဝဆုံးနေပြီ
ဆီဦးထောပတ်ဝေး
ငါးပိရည်လေးနဲ့ပဲ
သွေးနားထင်ရောက်ခဲ့ရ၊

နဖားကြိုးက
ရွှေနဲ့ပဲ
နန်းခတ်ထား ခတ်ထား
လှည်းတံပိုးမှာ
စိန်ပဲစီထား စီထား
နွားဟာ နွားပဲ၊
ဒီတော့ကာ
ကိုယ့်လည်ပင်းနင်းမယ့်
ဘိနပ်ကြိုး
ကိုယ်ကူမထိုးပေးမိဖို့ပဲ
သတိရှိ၊

အရေးကြီးတာက
နေရာအနှံ့ ရှိပေမယ့်
ဘယ်သူမှ မမြင်နိုင်တဲ့
လေလို
လိုအပ်တဲ့အခါ
မုန်တိုင်းထန်ပစ်လိုက်ဖို့နဲ့
ဘယ်နေရာမှာပဲ
အရွက်ကြွေကျကျ
ရေတံခွန်အဖြစ်
ပေါက်ရောက်
စီးဆင်းလိုက်ကြဖို့သာပါ ။ ။

လက်ျာဝင်း
၇. ၁. ၁၁

ပန်းချီ ဦးခင်မောင်ရင် ရဲ့ ပန်းချီကားကို ယူသုံးပါတယ်။

No comments: