မင်္ဂလာသုတ် ကျောကုန်းပုပ်
အဖိုးက အတန်းကျောင်းမနေခင် ဘုန်းကြီးကျောင်းနေတယ်။ အဖိုးတို့ကိုသင်တဲ့ ဘုန်းကြီးက အညာသား။ ရွာသားတချို့က သူ့ကို (ပလန်ကိုင်း) လို့ ခေါ်တယ်။ ပလန်ကိုင်းဆိုတာ အဖိုးတို့ ကရင်လိုဆိုရင်တော့ ပုလင်းကွဲပေါ့။ အဖိုးတို့လည်း သူ့ကို “ပလန်ကိုင်း” လို့ပဲ ခေါ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးက အားကြီးပဲရိုက်တာကိုး။ ပုလင်းကွဲလိုပဲ ရှတာပေါ့။ အဖိုးတို့ မင်္ဂလသုတ်ကိုတက်တော့ 'မင်္ဂလသုတ် ကျောကုန်းပုပ်' ဆိုသလို ရေရေလည်လည် အရိုက်ခံရတာ။ ရိုက်တာမှ ကြိမ်တုတ်နဲ့ကို ရိုက်တာ။ သူက စာချပေးရင် ပီအောင်ဖတ်။ မပီရင် ဆော်ပြီ။ တို့ကလည်း ကရင်တွေကိုးကွ။ ပါဠိတွေကို ပီအောင် မဖတ်တတ်ဘူး။ ဘုန်းကြီးက မပီပီအောင် ဖတ်ခိုင်းတယ်။ မပီရင် ချတာပဲ။
မင်္ဂလသုတ်တက်တဲ့အချိန်က တော်တော်အရိုက်ခံရတယ်။ အဖိုးတို့အားလုံး ကျောင်းသားအားလုံး ၂ဝ လောက်ရှိမယ်။ တို့ ညီအကိုဝမ်းကွဲတွေလည်း ပါတယ်။ အားလုံးထဲမှာ အဖိုးက အငယ်ဆုံးပဲ။ အဖိုးငယ်ငယ်က တော်တော်စိတ်ဆတ်တယ်။ ဘုန်းကြီးရိုက်တော့ အဘွားကို ပြန်ပြောတာပေါ့။
“မတတ်နိုင်တော့ဘူး အဘွားရေ။ ဒီမှာကြည့်စမ်းပါဦး။ တင်ပါးတွေ ကျောကုန်းတွေရိုက်ထားတာ။ မင်္ဂလသုတ် ကျောကုန်းပုတ်ဆိုသလိုပဲ။ ကျနော် မနေချင်တော့ဘူး”
အဘွားက “ကျောင်းမနေရင် စာဘယ်လိုတတ်မလဲ”
“ကျောင်းနေတော့လည်း ဘုန်းကြီးရိုက်တာ အရမ်းပဲ။ ကြာရင် ကျနော် ဘုန်းကြီးကို ရိုက်မိမယ်”
အဖွားက “နင် ငရဲကြီးမယ်။ နင် အဲဒီလိုမလုပ်နဲ့” လို့ ဆူတာပေါ့။
အဖိုးစိတ်ထဲမှာတော့ ဒီဘုန်းကြီးနဲ့ ငါနဲ့တော့ မဖြစ်ဘူး။ ဒီလိုသာ ရိုက်နေရင် တကြိမ်ကြိမ်တော့ ဘုန်းကြီး ငါနဲ့ ပြဿနာဖြစ်တော့မှာပဲလို့ တွေးတာ။ အရိုက်ခံရတာကများတော့ အဖိုးကတို့ညီအကိုဖြစ်တဲ့ ဖားကွန်းတို့၊ ဗလစိန်၊ မောင်သန်း၊ လှမောင်၊ ငကောင်း တို့ကို ပြောတယ်။ သူတို့က အဖိုးထက် အသက်ကြီးတယ်။ အကောင်တွေလည်း ထွားတယ်။
“ဘုန်းကြီးက တို့ကို ဒီလိုချည်းပဲ ရိုက်နေရင် ဘယ့်နဲ့လုပ်မလဲ ။ ငါတော့ မခံနိုင်တော့ဘူး”
“အေးကွ။ တို့လည်း တို့အမေကိုပြောတယ်။ မရဘူးကွ။ နင်တို့ ကျောင်းမထွက်နဲ့။ ကျောင်းနေ။ ကျောင်းနေမှ စာတတ်မှာလို့ပြောတယ်။ ဘုန်းကြီးကို တို့က စိတ်ဆိုးတယ်ပြောတော့ ဟာ စိတ်မဆိုးနဲ့။ စိတ်ဆိုးရင် ငရဲကြီးမယ်” လို့ ပြောတယ်။
“အေးကွ။ ငါ့ကိုလည်း အဘွားက ဒီလိုပဲပြောတယ်။ ဒါပေမယ့် ငါတော့ မခံနိုင်တော့ဘူး”
“မင်းမခံနိုင်ရင် မင်း ဘယ်လိုလုပ်မလဲ”
“ငါ ဘုန်းကြီးကို ရိုက်ချင်တယ်။ မင်းတို့ ဘုန်းကြီး ခြေထောက်ကိုဆွဲပြီး လှဲပေး။ ငါ ချမယ်။ ကျောင်းမှာ မောင်းတုတ်ရှိတယ်။ မောင်းထုတဲ့ မောင်းတုတ်က အဝတ်နဲ့ပတ်ထားတာ အဲဒါနဲ့ ငါ ထုမယ်”
အဖိုး အကိုတယောက်က “ဟေ့ကောင် မလုပ်နဲ့။ မင်း ဒီလိုမလုပ်နဲ့”
“ဟာကွာ။ မလုပ်နဲ့ဆိုရင် ငါ ဘယ်ကိုပြေးရမလဲ မသိဘူးကွ။ ငါ ကျောင်းမနေချင်တော့ဘူး”
“ဒို့လည်း မနေချင်ဘူး။ မနေလို့လည်း မဖြစ်ဘူး”
“ဘာပဲဖြစ်ဖြစ် မင်းတို့ငါ့ကို ဆွဲထားပေး။ ငါ ရိုက်မယ်”
အဖိုး ဘယ်လိုပဲပြောပြော သူတို့က ကြောက်တယ်။ ညှိလို့ မရဘူး။ ကျောင်းတက်လို့ မင်္ဂလသုတ်လည်းတက်ရော ဘုန်းကြီးက ချတော့တာပဲ။ မရတဲ့လူ အကုန်လုံးကို ရိုက်တာ။ တဘုန်းဘုန်းနဲ့။
ပီအောင်ဆိုလို့ သင်ပေမယ့်။ ဘယ်ပီမလဲ။ ကရင်တွေဆိုတော့ အသံက ဝဲတာပေါ့။
မင်္ဂလသုတ်ဆိုရင် အဖိုး မှတ်မိသေးတယ်။ ယံမင်္ဂလံ ဒွါဒသဟိ၊ ယံမင်္ဂလံဆိုရင် အဖိုးတို့က “ယာမင်္ဂလံ” ဒါဆိုရင် ချပြီ။
ဘုန်းကြီးက အသေအချာတော့ သင်တယ်။ စိတ်မရှည်တာ တခုပဲ။ ခဏခဏ ရိုက်တယ်။ ဒွါဒသဟိဆိုရင် အဲဒါကိုလည်း မပီဘူး။ “ဒ ဒ” နဲ့ဖြစ်နေတာ။ အဲဒါဆို ချပြီ။ ကျောင်းမှာ မောင်ဌေးအောင် ဆိုတဲ့ ဗမာကျောင်းသားက အဖိုးထက် ဗလကြီးတယ်။ သူ့ကိုချတာ “ဖောက် ဖောက်” နဲ့ လိမ့်နေတာပဲ။
အဲဒီမနက်က အဖိုးကလည်း စိတ်ကတိုနေတာ။ ဘုန်းကြီးကို ချချင်နေတာကိုး။ ဌေးအောင် အလှည့်ပြီးလို့ အဖိုးအလှည့်ရောက်ရော ထုံးစံအတိုင်း မပီဘူး။ မပီတော့ ချပြီပေါ့။ ဘုန်းကြီးကြိမ်ကို မြှောက်လိုက်တာနဲ့ အဖိုးက ကျောင်းပေါ်ကနေ ပြေးဆင်းတော့တာပဲ။
အဖိုး ကျောင်းပေါ်က ဆင်းပြေးတော့ ဘုန်းကြီးက စိတ်တိုတာပေါ့။ ကျောင်းပေါ်ကနေ ကြိမ်လုံးကြီးဆွဲပြီး အဖိုးနောက်ကို လိုက်လာတယ်။ ကျောင်းရှေ့မှာက ခြံစည်းရိုးတိုင်တွေရှိတယ်။ အဖိုးလည်း ခြံစည်းရိုးတိုင်ကို ဆွဲထုတ်ပြီးတော့ “သတ္တိရှိရင် လာခဲ့” ဆိုပြီး ဘုန်းကြီးကိုခေါ်တော့ ဘုန်းကြီးက ကြိမ်လုံးဆွဲပြီး လာတာပဲ။
“လာလေ လာ။ နင် ခေါင်းကွဲအောင် ငါရိုက်မယ်” အဖိုးက ဘုန်းကြီးကို ဒီလိုပြောတာ။
အဖိုး ဒီလိုပြောတော့ ဘုန်းကြီးက အံ့သြနေတယ်။ အဖိုးအနားကို မကပ်ရဲဘူး။ ကြောင်ပြီးတော့ မတ်တတ်ကြီးရပ်ပြီး ကြည့်နေတယ်။ အစ်ကိုဝမ်းကွဲတွေနဲ့ ကျောင်းသားတွေကလည်း ကျောင်းပေါ်ကနေ လှမ်းကြည့်နေကြတာပေါ့။ နည်းနည်းကြာတော့ ဘုန်းကြီးက လှည့်ပြန်သွားတယ်။ ဘုန်းကြီးပြန်သွားတော့မှ အဖိုးက ခြံစည်းရိုးတိုင်ကို သူ့နေရာမှာ ပြန်စိုက်ထားလိုက်တယ်။ ဘုန်းကြီးကတော့ ကျောင်းပေါ် ပြန်ရောက်သွားပြီ။ အဖိုးကတော့ ဘယ်သွားလို့သွားရမှန်း မသိဘူး။
အိမ်လည်း ပြန်မရဲဘူး။ အိမ်ပြန်ရင်တော့ အရိုက်ခံတော့မှာပဲ။
မရိုက်ရင်လည်း အဘွားက ဘုန်းကြီးဆီ လာပြန်အပ်ဦးမှာပဲ။
တယောက်ထဲ ဘုန်းကြီးကျောင်းရှေ့က သစ်ပင်အောက်မှာ ထိုင်ပြီးတော့ စိတ်ညစ်နေတာပေါ့။ အစ်ကိုတွေကလည်း ကျောင်းမလွှတ်သေးဘူး။ သူတို့က ကျောင်းမှာပဲ။
အဲဒီအချိန်မှာ “မင်းတို့ကောင်တွေ ငါ ဒီလောက်သင်တာ မပီဘူး” ဘုန်းကြီးအသံကို အကျယ်ကြီးပဲ ကြားရတယ်။ ကြိမ်လုံးသံလည်း တဘုန်းဘုန်းပဲ။ ဘုန်းကြီး စိတ်တိုနေပြီ။ အဖိုး အစ်ကိုတွေ သူငယ်ချင်းတွေ အရိုက်ခံရတော့ စိတ်လည်း မကောင်းဘူး။
ဒီဘုန်းကြီး ငါတက်ရိုက်ရင် ဘယ့်နှယ့်နေမလဲ။ ဒီလိုလည်း အဖိုးက တွေးလိုက်သေးတယ်။
နောက်တော့ မလုပ်တော့ပါဘူးလေဆိုပြီ ထပြီးထွက်လာတယ်။
တခါပြန်ပြီး ရွာလယ်က သစ်ပင်အောက်မှာ ထိုင်စဉ်းစားတယ်။ ငါ ဘယ်သွားမလဲပေါ့။
ဟိုဘက်ရွာမှာ အဖိုး အဒေါ်အထွေးတယောက်ရှိတယ်။
သူ့ဆီကိုသွားဖို့ အဖိုး အကြံရသွားတယ်။
သူနေတာက ငှက်ကျရွာနဲ့ ရေကွင်းကုန်းရွာကြားမှာ နေတယ်။
အဖိုး အဒေါ်ဆီသွားတာပေါ့။ ဟိုလည်းရောက်ရော အဒေါ်က ဆီးမေးတော့တာပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment