ဦးရွှေမန်း ပြောသွားတဲ့အချက်ထဲမှာ ရှင်းရှင်းလင်းလင်း နားလည်မိတာကတော့ …
(အကျဉ်းသားထဲကမှ အားလုံးပါဝင်နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားပြီးတော့ လုပ်မယ့်ပုဂ္ဂိုလ်မျိုးကိုတော့ အထူးဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါမယ်လို့ပြောခဲ့တာ ရှိပါတယ်။)
ဖော်ပြပါ စကားရပ်အရဆိုလျှင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ရွှေဝါရောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ၊ နောက်တခါ အခြားအကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရေးလုပ်ဆောင်မှုကြောင့် ဖမ်းထားသူတွေအတွက်ကတော့ ရှင်းတယ်လို့မြင်တယ်။
ဘာလို့လဲဆိုတော့ သူတို့က နဂို စလှုပ်ရှားကထဲက နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့လုပ်လာခဲ့ကြသူတွေ၊ အမြဲလည်း စိတ်ဝင်စားနေဦးမှာပဲ။ သို့သော် တဖက်မှာ လူထုနဲ့ နိုင်ငံတကာ မသိနိုင်တဲ့ လုပ်ရပ်မျိုးတွေဖြစ်တဲ့ အခု အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို သွားရောက်ပြီး လက်ရှိအစိုးရကို ဆန့်ကျင်ရေး မလုပ်ပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အနှောက်အယှက်မပြုပါဘူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင် မလုပ်ပါဘူး ဆိုတဲ့ ခံဝန်ကတိတွေကို တောင်းဆိုတာမျိုး၊ လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေ လုပ်ဦးမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဆိုတဲ့ ကြွေးကြော်တောင်းဆိုမှုတွေက ဆက်လက်ရှင်သန်နေဦးမှာပါပဲ။
စကားကုန်ကုန်ပြောရရင် ကျနော်တို့ အကျဉ်းထောင်အတွင်းက လွတ်မြောက်ခဲ့တုန်းက စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါမယ်လို့ ကတိပေးလွှတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက လွှတ်ပေးခဲ့တဲ့သူတွေကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေးခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ ဆိုတာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားခြင်းပါ။ ၁၀ နှစ်ကျတဲ့ သူတွေက ၄ နှစ်နေပြီးသားဆို ၆ နှစ် ကျန်တယ်။ တကယ်လို့ ပြင်ပမှာ သူတို့က ဆန့်ကျင်ရေးလုပ်မယ်ဆို ကျန်တဲ့ပြစ်မှု ခဏထားဦး၊ ကျန်ရှိပြစ်ဒဏ်နဲ့တင် ထောင်ထဲဆွဲထည့်ထားလို့ရတယ်ဆိုတဲ့ သဘော။ ဒါပေမယ့် နိုင်ငံရေး မလုပ်တော့ပါဘူးတို့၊ ဘာတို့ဆိုတဲ့ အညံ့ခံ ဒူးထောက်ခိုင်းတဲ့ ခံဝန်ကတိတွေကိုတော့ ဘယ်သူမှလည်း မထိုးခဲ့ရသလို ဘယ်သူကိုမှလည်း အထိုးခိုင်းတယ်လို့ မကြားပါ။
အထက်ဖော်ပြပါ ပုဒ်မနဲ့ လွှတ်လိုက်တယ်ဆိုတာကိုတော့ပြောပြီး အဓိပ္ပာယ်ကိုပါ ရွတ်ပြဖူးပါတယ်။ ကျနော်တို့အားလုံးလည်း နားလည်သဘောပေါက်ပါတယ်။ သို့သော် တလောက နောက်ဆုံးလွှတ်လိုက်တဲ့ အသုတ်မှာတုန်းကတော့ လုံးလုံးလွှတ်လိုက်သလိုလိုနဲ့ ထောင်ထွက် ဝရမ်းပေါ်မှာ ပုဒ်မ ၄၀၁ နဲ့ လွှတ်လိုက်တယ်ဆိုတာ ရေးသားဖော်ပြထားကြောင်း တချို့လွတ်မြောက်လာသူတွေကတဆင့် သိရှိရပါတယ်။ ကျနော်ဆိုလိုတာက အခုလွှတ်ပေးမယ့်သူများသည် အစိုးရအဖွဲ့ဝင်လူကြီးများကိုယ်တိုင်က ကတိကဝတ်များပေးပြီး လွှတ်ပေးတာဖြစ်တဲ့အတွက် ရိုးသားဖို့တော့ လိုပါလိမ့်မည်။ မည်သည့်နှောင်ကြိုးများမှ ချည်နှောင်ခြင်းမရှိဘဲ အကြွင်းမဲ့ လွှတ်ပေးဖို့ လိုပါလိမ့်မည်။ သို့မဟုတ်ဘူးဆိုရင် အခုလွှတ်ပေးပြီး နောက်တပတ်လောက်မှာပဲ ကျန်ရှိပြစ်ဒဏ်နဲ့ ထောင်ထဲ ထပ်သွင်းဦးမယ်ဆိုရင်တော့ ကျနော် တင်ပြခဲ့သလိုပဲ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဆိုတဲ့ တောင်းဆိုမှုတွေက ညံနေဦးမှာပါပဲ။
ဦးရွှေမန်း ပြောသွားတဲ့အထဲမှာ နားမလည်တာလား နားမလည်ဟန်ဆောင်တာလားဆိုတာ တခုမေးချင်ပါတယ်။ ဒါဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲပြောပြော ယုံကြည်ချက်အကျဉ်းသားလို့ပဲဆိုဆို ကျနော် သဘောပေါက်သလောက် အဓိပ္ပာယ်ဖွင့်ဆိုရရင် မြန်မာနိုင်ငံက အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ ခင်ဗျားတို့ကို မကျေနပ်လို့ (မကြိုက်လို့၊ မနှစ်သက်လို့၊ အလိုမရှိလို့) နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကြသူတွေ။ အဲဒီလို ဆန့်ကျင်ခြင်းကြောင့် သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ (သို့မဟုတ်) ထိန်းသိမ်းထားသူများကို ဆိုလိုပါတယ်။
ဒီနေရာမှာ အများပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း မသိနိုင်လောက်ဘူးထင်တဲ့ အချက်ရှိနေပါတယ်။ ဒါ ဘာလဲဆိုတော့ စစ်အစိုးရ သက်တမ်းတလျှောက်လုံးမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံရသူ ဘယ်သူမဆို ရာဇဝတ်ပြစ်မှုများနဲ့သာ ပြစ်ဒဏ်စီရင် ဆုံးဖြတ်ပါတယ်။ နိုင်ငံရေးမှုဆိုတာ သတ်မှတ်ထားခြင်း မရှိပါဘူး။ သို့သော် သက်ဆိုင်ရာ နယ်မြေခံအာဏာပိုင်များ၊ ထောက်လှမ်းရေးများ၊ အစိုးရအနေနဲ့ ဘယ်သူ့ကို ဘာ့ကြောင့် ထောင်ချတယ်ဆိုတာ အသေးစိတ် အစီရင်ခံစာ၊ မှတ်တမ်း ရှိပါတယ်။ ( ဆိုလိုတာက သူတို့ကို ဆန့်ကျင်လို့ ခင်ဗျားကို အမြင်ကပ်ပြီး ရာဇဝတ်ပုဒ်မတတ်ပြီး ထောင်ချပစ်လိုက်တာလား၊ ဒီအမှုကတော့ သူ့ဖာသာသူ ရာဇဝတ်ပြစ်မှုကို ကျူးလွန်လို့ အပြစ်ပေးခံရတာလားဆိုတာ မှတ်တမ်းတွေရှိပါတယ်။) သာဓက အနည်းငယ် ပြောပြပါမယ်။
ကျနော့်မြို့က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ကျော်ဟန်။ သူ့ကို ထောင်ချတုန်းက ရာဇဝတ်ပြစ်မှုကြီးနဲ့ လုပ်ကြံထောင်ချတယ်။ အဲဒီ့ပြစ်မှုနဲ့ သူနဲ့ဘယ်လိုမှ မပတ်သက်ဘူးဆိုတာ ဒေသတခုလုံးမှာရှိတဲ့ လူထု အကုန်သိတယ်။ ကျနော့်ကိုလည်း ၁၉၉၀ မှာ ထောင်စချတော့ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ချတယ်။ ဒါပေမယ့် ကျနော်တို့ ထောင်ထဲရောက်တဲ့အခါ ပုဒ်မ ၅(ည)လိုပဲ တိုက်ပိတ်ထားခံခဲ့ရတာပါ။ ရဲဘက် မထည့်ခဲ့ပါဘူး။ သူတို့မှာ မှတ်တမ်းအစစ်အမှန်တွေ ရှိပါတယ်။ ဘယ်လို ရာဇဝတ်မှုကြီးတွေနဲ့ပဲ ပြစ်ဒဏ်ချထားပါစေ။ ဘယ်လိုကြောင့် ထောင်ချလိုက်တယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်။ ဦးရွှေမန်းတို့ ရွေးချယ်နိုင်ပါတယ်။ ရာဇဝတ်မှုကို သူတို့အကြောင်းနဲ့သူတို့ ကျူးလွန်ခဲ့ကြသူများနဲ့ ခွဲခြားနိုင်ပါတယ်။ မသိချင်ယောင်ဆောင် ရောတော့ မချပါနဲ့ဗျာ။
သို့သော် ကျွန်တော့် အတွေ့အကြုံအရ ပြောပြချင်တာလေး တခုတော့ ရှိတယ်။ (မကြိုက် မနှစ်သက်သောသူများလည်း ကလော်တုတ်နိုင်ပါတယ်) ဒီလိုပါ။ ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေတော့ တချို့သော ပါတီဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသူတွေ ထောင်ကျလာတာ ရှိတယ်။ တကယ်က သူတို့ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ချက်တွေကြောင့် ထောင်ကျကြတာ။ (ဥပမာ … ချဲမှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ကျန်တာတွေရောပေါ့) အမှန်က ချဲမှုဆို သူ့ဖာသာသူ တကယ်ချဲရောင်းလုပ်ကိုင်နေလို့ အဖမ်းခံရပြီး ထောင်ကျလာတာ။ မူးယစ်ဆေးဝါးမှု၊ မိန်းမမှု တကယ်ကျူးလွန်လို့ ဖြစ်ကြတာ။ နိုင်ငံရေးလုပ်လို့ အမြင်ကတ်ပြီး ချလိုက်တာမဟုတ်။ စုံစမ်းလိုက်ရင် ပေါ်တယ်။ (ပါတီဝင်ဖြစ်တာ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တာက တခြား) ဒါပေမယ့် ထောင်ထဲရောက်တော့ သူတို့က နိုင်ငံရေးကြောင့် လုပ်ကြံပြီး ထောင်အချခံလိုက်ရတာဆို လုပ်ပါလေရော။ (အဲဒီလိုလုပ်တဲ့သူတွေရှိလို့ စာရင်းတွေက ရှုပ်ကုန်တာ။ ကိုယ့် ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်တာတော့ ကိုယ့်ဖာသာကိုယ်ခံပေါ့) လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေက စလို့ အတိုက်အခံ အဖွဲ့အသီးသီးထံ သတင်းတွေရောက်အောင် ပို့ကြတယ်။
တကယ်က ကျနော် အထက်မှာတင်ပြခဲ့သလိုပဲ တကယ် နိုင်ငံရေးလုပ်လို့၊ လှုပ်ရှားလို့ ဘယ်လိုပဲ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ တတ်နေပါစေ။ သူတို့ဆီမှာ မှတ်တမ်းအပြည့် ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတာ ဒီလိုလူတွေကို ဆိုလိုတာပါ။ အစိုးရမှာ ခွဲခြားနိုင်လောက်အောင် အထောက်အထားတွေ ရှိပါတယ်။ သူ့ဖာသာသူ ပါတီဝင်ပဲပြောပြော၊ ကျောင်းသားပဲပြောပြော သူ့ပြဿနာကြောင့် သူ့ဖာသာသူ ထောင်ကျတာ အစိုးရ လူကြီးမင်းများ ခင်ဗျားတို့ သိပါတယ်။ ခွဲခြားနိုင်ပါတယ်။ မြို့နယ်အသီးသီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက စလို့ ကျောင်းသား၊ အလုပ်သမား၊ ရဟန်းသံဃာတွေ ပြည်သူတွေကို စုံစမ်းလိုက်ရင် သိပါတယ်။
ဦးရွှေမန်း ပြောခဲ့တဲ့စကားကို အနှစ်ပြန်ချုပ်ပါ့မယ်။
(ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ။ ဘာကြောင့် လွှတ်ပေးချင်တာလဲ အကြောင်းအရာဖော်ပြပြီး ပြောပါလို့ ဒီလို ပြောခဲ့တာ ရှိပါတယ်။) ဒါ ဦးရွှေမန်း စကား။
ဘယ်သူ့ကိုလွှတ်ပေးစေချင်တာလဲ။ ကျနော် အထက်မှာဖော်ပြခဲ့သလိုပဲ … …
… မြန်မာနိုင်ငံက အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊ မနှစ်သက်လို့၊ အလိုမရှိလို့) နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကြသူတွေ အဲဒီလို ဆန့်ကျင်ခြင်းကြောင့် သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အမျိုးမျိုးတပ် ထောင်ချထားသူများ … (သို့မဟုတ်) ထိန်းသိမ်းထားသူများကို ဆိုလိုပါတယ်။
ဘာ့ကြောင့် လွှတ်ပေးစေချင်တာလဲ။
သူတို့လည်း တိုင်းပြည်ကို ချစ်မြတ်နိုးသူများ ဖြစ်တယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုး အကျိုးစီးပွားကြောင့် ထောင်ကျခဲ့ကြတာ မဟုတ်ဘူး။ သူတို့မှာ တိုင်းပြည်အတွက် တထောင့် တနေရာကနေ လုပ်ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိကြတယ်။ ယခုအချိန်မှာ သူတို့ကို လွှတ်ပေးလိုက်ခြင်းအတွက် အဆိုးထက် အကောင်းဘက်ကို ပိုများတယ်။ ဦးရွှေမန်းတို့ကသာ ကတိတည်တည် တိုင်းပြည်အတွက် လုပ်ဆောင်ပေးရမယ့်ကိစ္စများကို လုပ်ဆောင်ပေးကြည့်စမ်းပါ။ ဘယ်သူမှ အားအားယားယား မဆူပူဘူး၊ မထကြွဘူး။ ခင်ဗျားတို့မှာ မှတ်တမ်းအစစ်အမှန်တွေ ရှိပါတယ်။
အဲ … ပါတီဝင်ပဲပြောပြော၊ ကျောင်းသားပဲဆိုဆို သူတို့ကိုယ်ရေးကိုယ်တာကြောင့် ပြစ်ဒဏ်စီရင် ထောင်ကျနေသူများကိုတော့ ခင်ဗျားတို့သဘော။ လွှတ်ချင်လွှတ်၊ မလွှတ်ချင်နေ။
ခင်ဗျားတို့မှာ ရွေးချယ်နိုင်တဲ့ မှတ်တမ်းအစစ်တွေရှိတယ်ဆိုတာ သိပါတယ်ဗျာ…။
သာမန် ရာဇဝတ်သားတွေကို နိုင်ငံရေးအကျဉ်းသားတွေဆို ရောတုတ်ပြီးတော့ မလုံးလိုက်ပါနဲ့။ စောင့်ကြည့်နေသူများကလည်း ခံရပါများနေလို့ မချဉ်တော့ပါဘူး နော…။ တကယ်လွှတ်ပေးမယ်ဆိုရင်တော့ ပြောသလိုလုပ်တတ်တဲ့ သူရ ဦးရွှေမန်းဆိုတာ သမိုင်းတွင်နေမှာ မလွဲပါ။
Photo : Getty Images
No comments:
Post a Comment