Sunday, December 11, 2011

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်)


ဆရာ အောင်ဝေနှင့် ဆက်သွယ် လှုပ်ရှားခဲ့ကြစဉ်က။

အပိုင်း (၁)

ရဲဘော် ရဲအောင်နှင့် တွေ့လာခဲ့သူတွေက ပြောပြကြ၍ ကျွန်တော်သူ့အကြောင်း တစုံတရာ သိနှင့်ထား၏။ ကျောင်းဆရာလုပ်ခဲ့ဖူးသူဖြစ်၍ သူ့တပည့်တပန်းများနှင့် သူ့ရင်းနှီးသူတွေက ဆရာအောင်ဝေ ဟူသည့်အခေါ် နှုတ်ကျိုးနေသည့်သဘော ဖြစ်ပုံရသည်။ သူ ကျောင်းဆရာလုပ်ခဲ့သည့် ကျောင်းမှာ တောင်ငူခရိုင် အရှေ့ခြမ်းရှိ စစ်တောင်းမြစ် တဖက်ကမ်းမှ ‘မုန်း’ ဆိုသည့် မြို့လေးမှာပါ။ မုန်းအလယ်တန်းကျောင်းဘေး ကျနော်တို့ ဖြတ်သွားစဉ် “ဒါ ဆရာအောင်ဝေတို့ ကျောင်းပဲ” လို့ ကျွန်တော့်ကို လိုက်ပို့သူက ပြောပြဖူးသည်။ ဆရာအောင်ဝေ ခေါ် ရဲဘော် ရဲအောင်ဟာ တောင်ငူနယ် ထန်းတပင် မုန်းဒေသ ပါတီ၏ လက်နက်ကိုင် စည်းရုံးရေးတပ်မှာ နိုင်ငံရေးမှူးတာဝန် ထမ်းဆောင်နေသည် ဟု ကျွန်တော် ကြိုသိထားနှင့်ပြီးလည်း ဖြစ်သည်။ 

မဆလ စစ်အစိုးရခေတ် ကိုကိုးကျွန်း အကျဉ်းစခန်းမှပင်လယ်ပြင်ကို ဖြတ်၍ ရဲဝံ့စွန့်စား လှေနှင့် ထွက်ပြေးလာသူ ၃ ဦးတွင် ဆရာအောင်ဝေ ခေါ် ရဲဘော် ရဲအောင်လည်း တဦးအပါအဝင် ဖြစ်သည်။ ထို ၃ ဦးမှာ (မန်းအောင်ကြည်၊ မန်းငြိမ်းမောင်နှင့် ဆရာအောင်ဝေတို့ ဖြစ်ကြသည်။) ဆရာအောင်ဝေသည် ပါတီသို့ ၁၉၇ဝ ခုနှစ်တွင် ရောက်ရှိသည်ဟု မှတ်သားမိသည်။ ရန်သူ့လက်မှ လွတ်မြောက်လာပြီး ကျန်းမာရေး ယိုယွင်းလာ၍ ပါတီမှာ ဆေးဝါးကုသမှု ခံယူရကြောင်း သူကိုယ်တိုင် ပြောပြဖူးသည်။ ကျန်းမာရေး ကောင်းမွန်လာသည်နှင့် ခိုင်မာသည့် ယုံကြည်ချက် သန္နိဋ္ဌာန်အတိုင်း လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းများ ပြန်လည်လုပ်ဆောင်တော့သည်။

ထိုအချိန်က မဆလ စစ်အစိုးရသည် ပဲခူးရိုးမရှိ ပါတီဗဟိုအား ဝိုင်းပတ်ချေမန်းရန် သဲကြီးမဲကြီး ထိုးစစ်ဆင်နေသည်။ ထိုအခြေအနေမျိုးမှာပင် ပါတီသည် မြို့ပေါ် UG လုပ်ငန်းများ အရှိန်ပြန်ယူ သက်ဝင်လှုပ်ရှားနိုင်ရန် ကြိုးပမ်းစည်းရုံးနေသည့်ကာလဖြစ်သည်။ ၇ဝ ခုနှစ်လွန် ကာလလောက်မှာဖြစ်မည်။ UG လုပ်ငန်း ပေါ်လစီဆိုင်ရာ စာတမ်းများ မြို့တွေပေါ် ရောက်ရှိလာသည်။ ကျွန်တော်တို့ လူငယ်မျိုးဆက်တွေ ဖတ်ရှုလေ့လာခွင့်ရပြီး တဆင့်ကူး ထပ်ဖြန့်ခဲ့ကြသည်။

ပဲခူးရိုးမရှိ ပါတီဗဟို အနေဖြင့် မြို့ပေါ် UG လုပ်ငန်းများရှေ့တန်းမှ တိုက်ရိုက်ဆက်သွယ် အကောင်အထည်ဖော် လုပ်ဆောင်ရန် ရဲဘော်ရဲအောင်အား သီးခြား အထူးတာဝန်ပေးထားသည်ဟု ကျွန်တာ် နားလည်ထားသည်။ ရဲဘော် ရဲအောင်၏ ဗဟိုသို့ အစီရင်ခံ တင်ပြသော အသံသွင်းတိပ်ခွေ၏ အသံသွင်းချက်တွင် ယခု အခါ ဗမာပြည် အထက်ပိုင်းရော အောက်ပိုင်းပါ အဆက်အသွယ်တွေ ပြန်လည်ရရှိနေပြီဖြစ်ကြောင်းနှင့် ဒေသတစ်ခုစီ၏ အခြေအနေ မိတ်ဆက် တင်ပြချက်များ၊ ရဲဘော် ရဲအောင် စီစဉ်မှုဖြင့်ပြုလုပ်ခဲ့ရသော ရဲဘော်တဦး ပြောပြချက်များတို့ ပါဝင်ခဲ့သည်ကို ကျွန်တော် မှတ်မိနေသည်။

ထိုကာလက မြို့ပေါ်ရှိ ကျွန်တော်တို့အစုအနေဖြင့်လက်နက်ကိုင် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြနေကြ၏။ တောခိုရန် ပါတီ အဆက်အသွယ် လိုနေသည်။ အဓိက လိုအပ်ချက်သည် ပါတီအဆက်အသွယ်ရရေးဖြစ်သဖြင့် တိတိကျကျ ပါတီနှင့် ဆက်မိရေး လူခွဲရှာရန် ဆုံးဖြတ်ထားခဲ့ကြသည်။ ၇၂ ခုနှစ်လောက် ဖြစ်မည်။ ကျွန်တော် ရန်ကုန်မှာရှိနေစဉ် မုံရွာမှ ကြေးနန်းစာတစောင် ရောက်လာ၏။ အိမ်က မိဘ အသည်းအသန်ဖြစ်နေ၍ အမြန်လာရန်ခေါ်သည့် ကြေးနန်း ဖြစ်နေသည်။ ထိုအချိန်က ယနေ့ခေတ်လို တယ်လီဖုန်း တွင်တွင်ကျယ်ကျယ် သုံးနေသည့် ကာလမဟုတ်၍ အရေးပေါ်ချိန် ကြေးနန်းသုံးခြင်း ဖြစ်သည်။ ကြေးနန်းရိုက်သူ အမည်ကြည့်ရုံဖြင့် မိမိအိမ်ကကိစ္စ မဟုတ်၊ ပါတီ အဆက်အသွယ်ကိစ္စ ဖြစ်ရမည်ဟု ကျွန်တော် ချက်ချင်း သဘောပေါက်သည်။ ထို့ကြောင့် ရန်ကုန်မှ သူငယ်ချင်းတယောက်နှင့်အတူ ထွက်လာခဲ့သည်။ မန္တလေးရောက်သည်နှင့် ကြိုတွက်ထားသည့်အတိုင်း အခြေအနေ သိရတော့သည်။

အခြေအနေမှာ လက်နက်ကိုင် တော်လှန်ရေးအတွင်း အရင်ရောက်သွားနှင့်သူတွေက ပြန်လာခေါ်၍ ကျွန်တော်တို့အစုမှ ရဲဘော်တချို့ လိုက်သွားသည်။ ထိုလိုက်သွားကြသည့် အစုတွေထဲမှာ ကျောင်းသားများ အများစု ပါဝင်သည်ဟု သိရသည်။ ဟိုအစု ဒီအစုမှ လူစုံ ပါဝင်ကြသဖြင့်လူများသည်။ ၁၅ ယောက် ၂ဝ နီးပါးအထိ တောခိုကြသည်ဟု သိရ၏။ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်၊ တချို့ ပြန်ပြေး၊ ၁၄ ရက်နှင့် လက်နက်ချသူတွေရှိကြသည်ဟု ကြားရသည်။

ကျွန်တော်တို့အစုမှ လိုက်သွားသည့်ရဲဘော်များသည် နောက်ပိုင်းရှိ မြို့ပေါ်ကျန်နေသည့် ရဲဘော်များကို လတချို့ ကြာသည်အထိ မဆက်သွယ်နိုင်၊ ပြန်မလာနိုင်တော့သည့် အခြေအနေဖြစ်နေတော့သည်။ မျှော်တလင့်လင့် ဖြစ်နေဆဲကာလမှာ ယခု ရဲဘော် ရဲအောင် အစီအစဉ်ဖြင့် ဆက်သားလွှတ် ခေါ်ယူတွေ့ဆုံသည့်သဘော ပြောပြကြသည်။ ရဲဘော် ရဲအောင်နှင့်တွေ့ခဲ့ရပြီးနောက် ဆက်သွယ်ရေး အစီအစဉ်တွေ လုပ်ထားကြောင်း အားတက်ဖွယ်သတင်း ကြားသိရသဖြင့် ကျွန်တော်တို့ အထူးအားရ ဝမ်းသာဖြစ်နေကြ၏။

ကျွန်တော်တို့ မုံရွာရောက်ပြီး ရက်တချို့အတွင်း လမ်းကြောင်းသိထားသည့် ရဲဘော်တယောက်ကို ရှေ့ပြေး အရင်လွှတ်၍ အစီအစဉ်တကျ တသုတ်ပြီးတသုတ် တောခိုကြရန် ကျွန်တော်တို့အဖွဲ့မှ ၆ ယောက် ၇ ယောက်အထိ ပြင်ဆင်ထား၏။ အမျိုးသမီးရဲဘော်ပါ လိုက်လို၍ စဉ်းစားဆုံးဖြတ် ပြင်ဆင်ထားကြသည်။ သို့သော် ပြင်ဆင်ထားသည့်အတိုင်း မဖြစ်၊ ရှေ့ပြေးရဲဘော် ပြန်ရောက်လာသည်။ ရန်သူထိုးစစ် ဝင်နေသည်။ ပေးထားသည့် လမ်းကြောင်းက သွားမရ၊ သတ်မှတ်ထားသည့် ရွာဘက်သို့ ဝင်မရ၊ ရွာသားတချို့ အဖမ်းခံရ၊ တချို့ အသတ်ခံရဖြစ်နေသည်။ အဆက်အသွယ်တွေ ဘာမှမရေရာ၊ အချိန်ကိုက် တွက်လုပ်မရ ဖြစ်နေသည်။ ကျွန်တော်တို့ လူစုခွဲ၍ ပထမအစီအစဉ် ဖျက်လိုက်ရသည်။ အစိုးရဝန်ထမ်းတချို့ ပါဝင်နေ၍ ခွင့်ရက်ရှည်တင်ကာ တောခိုရန်ပြင်ပြီးကာမှ အလုပ်ပြန်ဝင်ရသဖြင့် အဆင်မပြေမှု ပြဿနာ အနည်းအကျဉ်း ဖြစ်ရသေးသည်။ ကျွန်တော်သည်လည်း ရန်ကုန်မပြန်သေးဘဲ အညာက ရွာမှာပဲ ဝင်ခိုနေသည်။ 

တလ နှစ်လလောက်အကြာ ကျွန်တော်တို့ ရွာသို့မန္တလေးမှ ကိုချစ်ဆွေ ရောက်လာသည်။ (အရှေ့မြောက်မှာ ရဲဘော်ခင်မောင် ဟုခေါ်သူ၊ ကွယ်လွန်) သူနှင့်အတူ အမြန်လိုက်ခဲ့ရန် ခိုင်းလိုက်ကြ၍ လာခေါ်ခြင်းဖြစ်သည်။ မန္တလေးရောက်သည်နှင့် ကိုယ့်လူတွေ ပြင်ဆင်ထားသည့်အတိုင်း အညာဖျင်ကြမ်းစောင်တွေ ပိုက်၍ ကျွန်တော်တယောက်တည်း ညနေရထားဖြင့် ဖြူးမြို့ဘက်သို့ ခရီးထွက်ခဲ့သည်။ ဖြူးဘူတာရောက်ချိန်တွင် မိုးမလင်းသေး၊ ညအချိန်ဖြစ်နေသည်။ ဘူတာမှာ ညအိပ်ရသည်။ ချိန်းထားသည့်နေရာ ကားဂိတ်တခုမှာ ဖြူးမြို့ခံလူက ထွက်မတွေ့၍ စိတ် ကသိကအောက် ဖြစ်ရသေးသည်။ စုံစမ်းရှာဖွေတော့မ ဖြူးမြို့ခံ ဦးရင်မောင်ကို သူ့အိမ်မှာ တွေ့ရတော့သည်။ တခါမျှ မမြင်ဖူး၊ မတွေ့ဖူးသော ပုဂ္ဂိုလ်၊ လူကြီးပိုင်းဖြစ်နေ၍ လျှို့ဝှက်ရေး ပိပိရိရိ လုပ်နိုင်ကိုင်နိုင်မည့်သူဟု ယုံကြည်အားတက်မိသည်။ ထိုစဉ်က ဖြူးမြို့တမြို့လုံး ဘယ်နေရာသွားသွား အစိုးရတပ် စစ်သားတွေချည်းပဲ တွေ့နေရသည်။ စစ်ရေးထိုးစစ်တွေ အဆက်မပြတ် ဆင်နေသည့်သဘော ဖော်ပြနေသည်။ ဖြူးမြို့ခံ ဦးရင်မောင်အိမ်မှာ သူ့ မိသားစုနှင့်အတူ ထမင်းစားသည်။

ဦးရင်မောင်က …

“ကျွန်တော်တို့ အုတ်ဖြတ်ကို ကားနဲ့ သွားရမယ်။ ချိန်းတဲ့ရက်အတိုင်း တွေ့ချင်မှတွေ့တာ သိပ်တော့မသေချာဘူး။ ကားနဲ့သွားရာမှာ လမ်းမှာစစ်ဆေးနေရင် ကျွန်တော်နဲ့ မသိသလိုနေနော်၊ ကိုယ့်ကိစ္စကိုယ့်ဘာသာ ဖြေရှင်းရမယ်။ ကျွန်တော်ကလည်း ဆရာအောင်ဝေကိစ္စမို့ လုပ်ပေးနေတာ။ ဒါမျိုးက အန္တရာယ်များတယ်၊ သတိထားပါ” … ဟု ပြောပြနေ၍ ကျွန်တော် အတော်လန့်သွားသည်။
အိနြေ္ဒမပျက် မင်သတ်နေရသော်လည်း သူတပါး အားကိုးစိတ်တွေ လျော့ပါးကာ စိုးရိမ်ထိတ်လန့်စိတ်တွေ တကိုယ်လုံး စီးဝင်သွားသည်။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: