ကျနော် ပြည်ပကိုထွက်မလာခင် … ဇာတိမြို့ရေနံချောင်းကနေ … ရန်ကုန်ကို ဆင်းလာဖြစ်တယ် … ကိစ္စတခုနဲ့ပါ … အဲဒီတုန်းက အခြေအနေက … ပြည်တွင်းမှာရပ်တည်လို့ မရလောက်အောင် … ဦးတည်နေပြီ… ထောင်ထဲကို နောက်တခေါက် ထပ်ဝင်ဖို့ရာကလည်း … မျက်စက ခပ်ပစ်ပစ် … …
ရန်ကုန်ရောက်လို့ … သိပ်မကြာဘူး … ပြသနာကစတက်တော့တယ် … ဘယ်နေရာမှ တည်းလို့မရဘူး ... ကျနော် တည်းခိုရာအိမ်တိုင်းကိုလိုက်ပြီး … ထောက်လှမ်းရေးများက … ဒုက္ခလိုက်ပေးတယ် … ဘယ်လိုလုပ်သလဲဆိုတော့ … ညဘက်သန်းခေါင်ကျော်လောက် … ရဲတွေ … ရဝတတွေနဲ့ ဧည့်စာရင်း အမြဲလာစစ်တယ် … ဖမ်းတာလည်း မဟုတ်ပြန်ဘူး… အဲဒီ့အိမ်က မခွာမခြင်း ညတိုင်း ဧည့်စာရင်းလာစစ်တာ … ကြာတော့ … အိမ်ရှင်တွေက ကြောက်လာတယ် … အလိုက်သိသိပဲ … ခွာပေးပါတယ် … တည်းခိုအိမ် တလုံးပြီးတလုံး ပြောင်းလာလိုက်တာ … နောက်ဆုံး တည်းစရာနေစရာ မရှိတော့လို့ … တည်းခိုခန်းမှာ သွားတည်းတယ် … နှစ်ရက်ပဲ တည်းရသေးတယ် … တည်းခိုခန်းက မန်နေဂျာက … ဆက်တည်းခိုခွင့် မပေးတော့လို့ … တော်တော်ကို ရွာလည်တာ … ဒါနဲ့ အဲဒီ့အကြောင်း … ကျနော်က ... ယခု ထောင်ထဲရောက်နေတဲ့ … ၈၈ ကျောင်းသားခေါင်းဆောင် … ကိုကိုကြီးဆီ လှမ်းအကြောင်းကြားတော့ … ကိုကိုကြီးက … သတင်းတပ်ဖွဲ့က အရာရှိတချို့နဲ့ အချေအတင်ဖြစ်ပါလေရော …
ဒီလိုနဲ့ တနေ့ … ကိုပေါ်(မင်းကိုနိုင်) ရယ်၊ ကိုကိုကြီးရယ်၊ ကိုသန်းတင်ရယ် ရောက်လာတယ် … (အရင်ရက်က ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာ ရောက်လာပြီး … ငွေတွေ လာပေးသွားတယ်) … ကျနော်တို့ရဲဘော်တွေ ဝေးသွားတာ တော်တော်ကြာသွားပြီလေ … ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ် … …ထောင်ထဲက အကြောင်းတွေ … စုံလို့ပေါ့ … ကိုပေါ်နဲ့ ကျနော်နဲ့က အခုမှ ဆုံဖြစ်တာ … သူက ကျနော့်ကို ဆေးရုံကဆင်းရင် … ကျန်းမာရေး အထူးဂရုစိုက်ဖို့ ပြောတယ် … ကျနော်တို့ လုပ်စရာတွေ ရှိသေးတယ်တဲ့ … ကိုကိုကြီးကတော့ ရယ်စရာတွေပြောရင်း ဖြေသိမ့်လို့ … ကျနော်က ကုတင်ပေါ်က မထနိုင်ဘူး … ကိုပေါ်က ကုတင်ဘေးနားမှာ … …
ကျနော်တို့အားလုံး အရာရာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာကို ... သူက … အားမာန်တွေနဲ့ ရင်ဆိုင်ဖို့ပြောတယ် … အမှန်ပြောရရင် အဲဒီအချိန်မှာ … စိတ်အားငယ်နေမိတာ အမှန်ပဲ … ပထမတကြိမ် … အဲဒီရောဂါဖြစ်တာ … အောက်ပိုင်းသေမလို ဖြစ်သွားတယ် … အားလုံးက မစိုးရိမ်ဖို့အကြောင်း ဝိုင်းအားပေးကြတယ် … … အဲဒီအချိန်မှာ … ကိုပေါ်က တခုခုကို တွေတွေကြီး စဉ်းစားရင်းက …
“ကျနော်တို့ပေးရတဲ့ အရင်းနှီးတွေက များတယ်ဗျာ” … … ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တဲ့စကားကြောင့် အားလုံးက သူ့ဆီကို အာရုံရောက်သွားကြတယ်။
“… ဘယ်တတ်နိုင်မလဲလေ … ကိုယ်ယုံကြည်တဲ့လမ်းကို ကိုယ်ရွေးချယ်ခဲ့တာပဲ … … ကျနော်တို့အားလုံးမှာ လူငယ်ဘဝ မကြုံဖူးကြဘူးနော်”
သူ ပြောလိုက်တဲ့စကားက ကျနော်ရင်ကို တုန်ခါသွားတယ် … … ကျနော်တို့အားလုံးမှာ လူငယ်ဘဝ မရှိဘူးတဲ့ … … သိပ်မှန်တာပေါ့ဗျာ … ကျနော်တို့ရဲ့ လူငယ်ဘဝတွေဟာ … အုတ်ရိုးအတွင်းမှာ ကုန်ဆုံးသွားကြတာကိုး … … လူငယ်ဘဝ အရသာကို ကျနော်တို့ မခံစားဖူးဘူး … … … လူငယ်တွေရဲ့ ပျော်ရွှင်ခံစားကြတဲ့ စိတ်ခံစားမှုတွေကို … ကျနော်တို့ သိပ်မသိဘူး … … ကျနော့်ရင်တွေ မွန်းကြပ်သွားတယ် … … ဘဝဆိုတာဘာလဲ … မေးခွန်းတွေက ခေါင်းထဲမှာ အစီအရီ … … ပြီးတော့ … သူက ဆက်ပြောတယ်….
“ကျနော် ယုံကြည်တာကတော့ … နိုင်ငံရေးလုပ်တယ်ဆိုတာ … ပေးဆပ်ဖို့သက်သက်ပဲဗျ … ရယူဖို့ မဟုတ်ဘူး”
… … … … … သူပြောခဲ့တဲ့စကားတွေက … ခုထိ ကျနော့်ရင်ထဲမှာ ကပ်တွယ်ငြိနေဆဲ … … နောက်ဆုံး ကျနော့်ရောဂါ သက်သာလာတော့ … ကျနော် ဆုံးဖြတ်လိုက်ပြီ … တိုင်းပြည်က ခွာတော့မယ် … (လိပ်ပြာက မသန့်ဘူး) ကိုပေါ်ပြောခဲ့တဲ့ စကားက … ကျနော့်အတွေးကို လာရိုက်ခတ်ပြန်တယ် … နိုင်ငံရေးလုပ်တယ်ဆိုတာ … ပေးဆပ်ဖို့သက်သက်ပဲ … ရယူဖို့ မဟုတ်ဘူးတဲ့ … သေချာတာတခုကတော့ … ကျနော် ခင်ဗျားတို့လောက် မပေးဆပ်ရဲတော့တာ ... အမှန်ပါပဲဗျာ … …
နောက်ဆုံး ရောဂါ တော်တော်ရှင်းရှင်းဖြစ်သွားပြီး လမ်းလည်း ကောင်းကောင်းလျှောက်လို့ရသွားတော့ … ဆေးရုံက ဆင်းခွင့်ရပြီ … အဲဒီနေ့မှာ … သူတို့ တော်တော်များများ ရောက်လာကြတယ် … … ကိုပေါ်.. ကိုကိုကြီး … ကိုမင်းဇေယျာ၊ ကိုဌေးကြွယ် အဲဒီနေ့က တော်တော်စုံတယ် … ကျနော်တို့အားလုံး … ဘားလမ်း မွတ်စလင်ဆေးရုံ အောက်ခြေက … လမ်းဘေးလက်ဘက်ရည်ဆိုင်က … ခုံပုစားပွဲလေးမှာ ... ဝိုင်းထိုင်ရင်း … စကားတွေ ဖောင်ဖွဲ့ခဲ့ကြတယ် … … ပတ်ပတ်လည်မှာလည်း … ထောက်လှမ်းရေးတွေက အပြည့် … … ကျနော် စိတ်ထဲမှာ မကောင်းဘူး … မှိုင်နေတယ် … ကိုမင်းဇေယျာက ကျနော့်ကိုကြည့်ပြီး မေးတယ် … …
“မင်း … ပြန်နေမကောင်းဖြစ်နေလား … … … …”
“ကောင်းပါတယ် … ကျနော် တခုခုအတွက် စဉ်းစားနေတာပါ …”
အမှန်တကယ်က … ကျနော် ညနေ ၅ နာရီမှာ … အမိမြေက စွန့်ခွာတော့မယ် … သူတို့ကို အသိမပေးခဲ့ဘူး … ဘာလို့လဲဆိုတော့ … တခုခုဖြစ်လာရင် … သွား ငြိနေမှာစိုးလို့ … လက်မှတ်ပါ ဖြတ်ပြီးသွားပြီ … … အားလုံး ပျော်ပျော်ပါးပါးနဲ့ လမ်းခွဲခဲ့ကြတယ် … ကျနော် သူတို့ရဲ့ကျောပြင်ကိုကြည့်ရင်း ဝမ်းနည်းသလို ခံစားလိုက်ရတယ် …
‘ကျနော်တို့တတွေ … ဒီလို ဘယ်တော့များမှ … ပြန်ဆုံနိုင်မှာပါလိမ့် …’ … ကျနော်တို့တတွေဟာ ပျော်စရာကောင်းလှတဲ့ … လူငယ်ဘဝတွေကို အစတေးခံရင်း … ပျော်စရာမကောင်းတဲ့ ... နိုင်ငံရေးလောကကြီးကို ကျေကျေနပ်နပ်ကြီး ဖြတ်ကျော်ခဲ့ကြတယ်။ လုံခြုံ အေးချမ်း ပျော်ရွှင်စရာဘဝတွေ ဘယ်တော့ရနိုင်မလဲဟင်။
ဒါပေမယ့် … အခုနေ အခုချိန်အခါမတော့ … လိပ်ပြာ သိပ်မလုံလှဘူးဗျ … … … ကျနော်က ကမ္ဘာ့ ဟိုက်ပါ ပါဝါ… အမေရိကန်မြေပေါ်မှာ … အန္တရာယ်ကင်းကင်းနဲ့ … မွေ့ရာပေါ်မှာ အိပ်နေတဲ့အချိန် … ခင်ဗျားတို့တတွေက … အေးစက်လှတဲ့ … သံမံတလင်း ... အခင်းပေါ်မှာ … အကာကွယ်မဲ့ ... သံတိုင်ကြားက … လေထုကို ကာကွယ်ရင်း … အနာဂတ်မြန်မာပြည်ကို ပုံဖော်နေမယ်ဆိုတာ … ပြောနိုင်ပါတယ်လေ….။
ကိုပေါ် ရေ … ခင်ဗျား အပါအဝင် … နိုင်ငံရေးအကျဉ်းသားတွေ … ဒေါ်စုခြံဝန်းထဲက … ကုလားထိုင်တွေပေါ်မှာထိုင်ရင်း … ရုပ်ရှင်ဂီတက ... အနုပညာရှင်တွေနဲ့ … ပြုံးပျော် … ကြည်နူးနေကြတဲ့ မြင်ကွင်းတွေလို … facebook အပါအဝင် မီဒီယာ လောကကြီးတခုလုံးကို သမိုင်းတွင်စေမယ့် … ဓာတ်ပုံတွေ … ဗွီဒီယိုတွေ ကြည့်ချင်လိုက်တာဗျာ …
“နိုင်ငံရေးလုပ်တယ်ဆိုတာ … ပေးဆပ်ဖို့ … ရယူဖို့ မဟုတ်ဘူးတဲ့ ...”
အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း
2 comments:
Ko Maung Maung One, we recognize him as open minded and justice lover for initiating of Northern AB massacre, but he is visibly silent after meeting with Ko Zaganar.
Ko Maung Maung One, we recognize him as open minded and justice lover for initiating of Northern AB massacre, but he is visibly silent after meeting with Ko Zaganar.
Post a Comment