Thursday, December 8, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၉)

ဒီအပတ်အစီအစဉ်မှာတော့ လွှတ်တော်ထဲက အင်အားကြီး နှစ်ပါတီအလားအလာနဲ့ပတ်သက်လို့ ယူဆချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးကိစ္စ၊ နိုင်ငံတကာ အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာသောတရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးမေးမြန်းထားကြပါတယ်။ အရင်ဆုံးတင်ပြမယ့်စာကတော့ အမေ့သားများစွာထဲက အဝေးရောက်သားတယောက်ဆိုပြီး စာရေးသားလာတဲ့သူဖြစ်ပါတယ်။ သင်္ဘောသားတဦးပါ အခုလည်း သင်္ဘောပေါ်ကနေ စာရေးလိုက်တာလို့ ဆိုပါတယ်။
မေး။ ပြီးခဲ့တဲ့ အပတ်က ပစိဖိတ် အလယ်နားက ခါရဘတ်တီ ဆိုတဲ့ ကျွန်းလေးမှာ သင်္ဘောကမ်းကပ်တယ်။ ကျွန်းက လူတွေက မြန်မာပြည်ကို မသိဘူး။ ကျွန်တော်က မြေပုံဆွဲပြတော့ I know, I know, Su Kyi’s Country တဲ့ လေ။ အမေ့အတွက်ရော မြန်မာနိုင်ငံသားဖြစ်ရတာရော တကယ် ဂုဏ်ယူမိပါတယ်။ အခုဆိုရင် ကျွန်တော်တောင် ကလေး အဖေ ဖြစ်နေပြီ။ ကျွန်တော့်သားလေးကို အမေလို သတ္တိရှိတဲ့လူတယောက် အရမ်းဖြစ်စေချင်တာပဲ။ တခု မေးချင်ပါတယ် အမေ။

လူမှန်း မသိတတ်ခင် အရွယ်ကတည်းက အဖေကဆုံး၊
အမေလုပ်သူနှင့်လည်း အမြဲတစေ အနီးကပ်နေခွင့်မရ၊
သားတွေကိုလည်း ရင်အုပ်မကွာ စောင့်ရှောက်ခွင့်မရှိ၊
ယောင်္ကျားဖြစ်သူ အသုဘလည်း မမီ
အနေဆင်းရဲ အစားဆင်းရဲ နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊
အသက်ဘေးအန္တရာယ် အကြိမ်ကြိမ်ကြုံ
ယုတ်စွအဆုံး မြေးကိုတောင် ချီခွင့်မရမယ့် အဖွား၊
ဘာတွေ ဘယ်လို ဆိုးရွားဆိုးရွား အပြုံးမပျက်ဘဲ ပြည်သူတွေအတွက် မားမားရပ်ရဲတဲ့ သတ္တိစိတ်ခွန်အားတွေ
အမေဘယ်လို မွေးမြူခဲ့သလဲဆိုတာ နောင်လာ နောင်သားတွေ သိရအောင် ဖြေကြားပေးပါနော်။

ဖြေ။ အဝေးရောက် သင်္ဘောသား အမေ့သားရဲ့ အားတတ်စရာ ပြောချက်တွေအတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်။ တကယ်တော့ သားရဲ့ မေးခွန်းကို သားပဲ ဖြေသွားပြီးပြီလေ။ သားတို့လို ၀ိုင်းဝန်း မေတ္တာပို့နေကြတဲ့ မြန်မာနိုင်ငံသူတွေသာမက ကမ္ဘာပြည်သူတွေကြောင့် အမေ့အတွက် ဒီလောကမှာ ပြုံးစရာတွေ အများကြီးရှိနေပါတယ်။ သင်္ဘောသားဆိုတော့ မိသားစုနဲ့ နေရတဲ့အချိန် နည်းမှာပေါ့။ ကိုယ့်သားလေးကို မှန်မှန်စာရေးပြီး ဖခင်မေတ္တာ အမြဲခံစားနိုင်အောင် လုပ်ပေးဖို့ မမေ့ပါနဲ့။ သားတို့ မိသားစုအားလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ပြီး လွှတ်တော်ထဲဝင်တဲ့အခါ ဖွဲ့စည်းပုံပြင်ရေးဟာ လုပ်ငန်းစဉ်တခုဖြစ်မယ်ဆိုထားတော့ နောက်စာတစောင်ကတော့ အဲဒီ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို ရည်ညွှန်းပြီး ရေးပါတယ်။ ကိုတောက်ထွန်းဆိုတဲ့ သောတရှင်ဖြစ်ပါတယ်။ 

မေး။ အန်တီရဲ့ ပြတ်သားတဲ့ ခြေလှမ်းတွေကို အားပေးထောက်ခံရင်း ကျွန်တော် သိချင်တာလေးရှိလို့  မေးလိုက်ပါရစေ။ အခု အစိုးရ အသုံးပြုနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အပြိုင် အန်အယ်လ်ဒီမှာလဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ရှိတယ်လို့ နားလည်ထားပါတယ်။ အန်တီတို့  အနေနဲ့ ယခုအချိန်အခါ ရွေးကောက်ပွဲများ ပြန်ဝင်မယ်လို့ ပြင်ဆင်ခြင်းနဲ့အတူ အန်အယ်လ်ဒီ အနေနဲ့  ဒီအခြေခံဥပဒေ နှစ်ခုရဲ့ကွာခြားချက်တွေ ကို Analyze လုပ်ထားပါလား ခင်ဗျာ။ ကွာခြားချက် ဘယ်လောက် ရာနှုန်းလောက်ရှိပြီး အဲဒီထဲက ဘယ်လောက်ရာနှုန်းကို ပထမလွတ်တော် သက်တမ်း ထဲ ညှိယူရမယ်လို့  ထင်မြင်ပါသလဲ။ ဒီလို ညှိယူဖို့အတွက် အန်အယ်ဒီအနေနဲ့  လုပ်ငန်းအဖွဲ့  ဖွဲ့စည်း လုပ်ဆောင်ခြင်းရှိနေပါသလား။ လွှတ်တော်ထဲမှာ ဘယ်ကစပြီး ညှိယူမယ်ဆိုတဲ့ ဘယ်လို မဟာဗျူဟာ လေးများ ချထားပါသလဲ။ ပြည်သူလူထုနဲ့ရော တခြားသော ပါတီတွေကိုရော ဘယ်လိုနေရာက ရပ်တည် ထောက်ပံ့စေလိုပါသလဲ ခင်ဗျာ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေရော ပါတီဝင်ချင်ရင် ဘယ်လို လုပ်ရမလဲခင်ဗျ။

ဖြေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပြင်ဆင်သင့်တဲ့ အချက်အလက်တွေကို ပြည်သူတွေကလည်း အဆိုပြုစေချင်ပါတယ်။ ဒါကြောင့် အားလုံးဟာ ဒီဥပဒေကို တတ်နိုင်သလောက် လေ့လာပြီး၊ ကိုယ့်နိုင်ငံ အနာဂတ်ကောင်းမွန်ရေးအတွက် ဘယ်လိုပြုပြင်သင့်တယ်ဆိုတာကို စဉ်းစားခြင်းအားဖြင့် အန်တီတို့ရဲ့ အလုပ်တွေကို အထောက်အကူပြုစေချင်ပါတယ်။ အန်အယ်ဒီအနေနဲ့ ပြင်ဆင်သင့်တယ်ထင်တဲ့ အချက်အလက်တွေကို အခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပြည်သူတွေ ပြုပြင်ပြောင်းလဲစေချင်တဲ့ အချက်အလက်တွေ ညှိပြီး လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ လွှတ်တော်အတွင်းမှာ ဘယ်လို ပုံစံနဲ့ အကောင်းဆုံးလုပ်နိုင်တယ်ဆိုတာက လွှတ်တော်ထဲရောက်မှာ အသေအချာ သိနိုင်မှာပါ။ အခုအခြေအနေမှာတော့ ပထမ ခြေလှမ်းအနေနဲ့ တတ်နိုင်သမျှ အပြန်အလှန်ဆွေးနွေးတိုင်ပင်တာတွေကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ အန်အယ်ဒီ အဖွဲ့ဝင် လျှောက်လွှာကို ၀က်ဆိုဒ်ပေါ်မှာ တင်ဖို့ရန် အန်အယ်ဒီညွှန်ကြားရေးအဖွဲ့က စီစဉ်နေပါတယ်။ အခုတောင် တင်ပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ကိုထိုက်ဆိုတဲ့ သောတရှင်ကလည်း အခြေခံဥပဒေပြင်ရေးကိစ္စကို အခြေခံပြီး ဆွေးနွေးမေးမြန်းထားတာပါ။ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကို ရွေးပြီး ပါတီမှတ်ပုံတင်တာကို သူနားလည်ပါတယ်တဲ့ ဒါဟာ လက်ရှိ အခြေအနေအတွက် လမ်းစဉ်ပါတဲ့၊ သူအမြင်ပေါ့။ ဒါပေမယ့် လွှတ်တော်ထဲက အင်အားကြီးပါတီနှစ်ရပ် ယှဉ်ပြိုင်ရတဲ့အခါ စိုးရိမ်စရာတွေကို သူက ထောက်ပြဆွေးနွေးထားတာပါ။

မေး။ အဲဒီ လက်ရှိ အနေအထားအရပဲ အနာဂတ် မြန်မာပြည်ရဲ့ လွှတ်တော်ထဲမှာ NLD နဲ့ ပြည်ခိုင်ဖြိုး ပါတီ ၂ခုက အင်အားကြီးပါတီ ဖြစ်လာပြီး၊ ပါလီမန်ဟာလည်း ၂ ပါတီ ပါလီမန် (Two-Party Parliamentary) စနစ် ဖြစ်လာမှာပါ။ အုပ်ချုပ်ရေးပိုင်းအရ အစိုးရစနစ်မှာတော့ လူများစု အစိုးရစနစ် (Majoritarian Government) ဖြစ်လာမှာပါ။ ဒါပေမယ့် ရေရှည်အတွက် NLD နဲ့ ပြည်ခိုင်ဖြိုးဟာ နိုင်ငံရေးအရ မူဝါဒကိစ္စမှာ ကြည့်ကြည့်၊ ပြည်သူလူထု ထောက်ခံမှုကိုပဲ ကြည့်ကြည့် လက်ရည် မတူပါဘူး။ NLD က အပြတ်အသက်သာပါတယ်။

အနာဂတ် ပါလီမန်မှာ ၂ ပါတီစနစ် ဖြစ်လာပေမယ့် လက်ရည် မတူတာများလာရင် လက်ရှိ အာဏာ ကိုင်ဆောင်ထားတဲ့ အာဏာရပါတီ ပြည်ခိုင်ဖြိုးဟာ NLD ကို ပြိုင်ဖို့ အာဏာရဖို့အတွက် မဖြစ်မနေ တချို့သော မလုပ်သင့်တဲ့ ကိစ္စတွေကို လုပ်လာနိုင်တာတွေ ရှိလာမှာပါ။ လက်ရည်တူပြီး မူဝါဒနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ အပြိုင်အဆိုင် ဖြစ်လာရင် တိုင်းပြည် တိုးတတ်လာပေမယ့် လက်ရည်မတူရင် မူဝါဒနဲ့ ပြည်သူ့အကျိုးကိုလုပ်ဖို့ မပြိုင်တော့ပဲ အခြားနည်းတွေ ရွေးလာမှာ ဖြစ်ပါ တယ်။
အဲဒီအတွက် NLD ဟာ ပြည်ခိုင်ဖြိုးနဲ့ နိုင်ငံရေး လမ်းကြောင်းအတွက် ဘယ်လို နားလည်မှုတွေ တည်ဆောက်မလဲ ဒါမှမဟုတ် အခြားနည်းလမ်းဖြစ်တဲ့ တတိယမြောက် အင်အားကြီးပါတီ တစ်ခုခု (ဥပမာ ၈၈ မျိုးဆက်များရဲ့ ပါတီ) ဖြစ်လာအောင် အားပေးပြီး ပါတီစုံ ပါလီမန် (Multi-Party Parliamentary) စနစ်နဲ့ လူနည်းစုအစိုးရ (Consensus Government system) စနစ်ကို သွားမလား ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်နဲ့ NLD ရဲ့အနာဂတ် ပါတီလမ်းစဉ်ကို အကြမ်းအားဖြင့် သိရှိ လိုပါတယ် ခင်ဗျာ။

ဖြေ။ ကိုထိုက်ပြောသလို လက်ရည်မတူတာနဲ့ပဲ နိုင်ငံရေးပါတီတခုက မသမာတဲ့နည်းတွေ မတရားတဲ့နည်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်လို့မရတဲ့ စနစ်ထူထောင်နိုင်ဖို့က အဓိကဖြစ်ပါတယ်။ ဒါဟာ ခိုင်မာတဲ့ ဒီမိုကရေစီအဆောက်အဦးတွေ အုပ်ချုပ်ရေးမဏ္ဍိုင် ဥပဒေပြုမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လပ်ပြီး ခိုင်မာသန့်ရှင်းအောင် လုပ်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်လို့ကတော့ လက်ရည်တူတာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မသမာမှုတွေက ရှိနေမှာပါပဲ။ စစ်မှန်တဲ့ တတိယအင်အားစုဆိုတာ ဘယ်ပါတီ ဘယ်အင်အားစုကမှ လုပ်ယူလို့ရတဲ့ အရာမဟုတ်ပါဘူး။ အခြေအနေ လိုအပ်ချက်အရသာ ပေါ်ပေါက်လာနိုင်ပါတယ်။

နောက်စာကတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုညိုမင်းလွင် ပေးပို့ထားတာပါ။ NLD ပါတီ အနာဂတ်နဲ့ပတ်သက်လို့ အကြံပြု မေးမြန်းထားချက်ဖြစ်ပါတယ်။ 

မေး။ NLD ပါတီဟာ အရင်တုန်းက ပါတီကြီး တစ်ခုဖြစ်ခဲ့သလို၊ ယခု မှတ်ပုံတင်ပြီး တရားဝင် နိုင်ငံရေး ဆောင်ရွက်မှုကို ရယူလာတဲ့အခါမှာလည်း ပါတီကြီးတစ်ခုအဖြစ် ရှိမယ်ဆိုတာ၊ ယုံမှားသံသယ မရှိပါ။ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာဆန္ဒနဲ့ ပတ်သက်ပြီး NLD ပါတီနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးလိုပါတယ် ခင်ဗျား။

မေးခွန်းကတော့ -“ NLD ပါတီရဲ့ ဖွဲ့စည်းပုံ ဒါမှမဟုတ် ရှေ့လုပ်ငန်းဆောင်တာများထဲတွင် နိုင်ငံ တကာရေးရာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရေး” ကဏ္ဍလေးတစ်ခု ထည့်သွင်း ဆောင်ရွက်ပေးဖို့ အစီအစဉ်များ ရှိပါသလား ခင်ဗျား၊ ဒီလိုမေးရခြင်းမှာ အင်အားကောင်းတဲ့ ပါတီတစ်ခုအနေနဲ့ လုပ်ဆောင်သင့်ပြီး ပါတီဝင်မျိုးဆက်သစ်များကို မြေတောင်မြှောက်ပေးရာလည်း ရောက်နိုင်လို့ပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအတွက်၊ လူငယ်များစိတ်ဝင်စားမှု အလိုက် ဘာသာစကား မှအစ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေ၊ စစ်ရေး၊ ယဉ်ကျေးမှု စသဖြင့် အဖက်ဖက်မှ နှံစပ်သိကျွမ်းသည့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်လျှင် ၊ ကျွမ်းကျင်သူအတွက်ရော၊ ပါတီအတွက်ရော၊ နိုင်ငံအတွက် ပါ၊ အလွန်မှအသုံးဝင်-အကျိုးရှိမယ်လို့ တွက်ဆမိသောကြောင့် ဖြစ်ပါတယ်။ အန်တီအနေနဲ့ လူငယ် များ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံရေးသမားကောင်းများ ဖြစ်စေလိုသည့် စေတနာအပြည့်ရှိကြောင်း နားလည် ထားပါသဖြင့် ယခုမေးခွန်းကို မေးရခြင်းဖြစ်ပါသည်။

ဖြေ။ အမျိုးသားဒီမိုကရေစီချုပ်အဖွဲ့ချုပ် မူဝါဒထဲမှာ နိုင်ငံခြားရေးဝါဒကို ကဏ္ဍတခုအနေနဲ့ ထည့်သွင်းထားပါတယ်။ အန်အယ်ဒီ လူငယ်တွေတင်မက စိတ်ပါဝင်စားတဲ့အဖွဲ့ဝင်တွေကို နိုင်ငံခြားရေးရာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လေ့ကျင့်မှုတွေ လုပ်လာတာ ဆယ်စုနှစ်တစုလောက် ရှိသွားပါပြီ။ ပါတီအနေနဲ့ ပိုမိုလှုပ်ရှား လုပ်ဆောင်ခွင့်တွေ ရတာနဲ့အမျှ ဒီလုပ်ငန်းတွေကိုလည်း တိုးချဲ့မှာဖြစ်ပါတယ်။

နောက်ဆုံး အခုစာကတော့ ဇင်မင်းဝင်းဆိုပြီး မေးမြန်းထားတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာပြည်ကို ရောက်လာလို့ အားတတ်မိတယ်လို့ အစချီပြီး၊ နိုင်ငံတကာမှာ မြန်မာပြည် ရဲ့သိက္ခာ ပြန်ဆယ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အများကြီးလုပ်ပေးနိုင်မယ် ယူဆပါတယ်လို့ သူ့အမြင်ကို ပြောရင်း မေးမြန်းထားတာပါ။

မေး။ အခုဖြစ်လာတဲ့အပြောင်းအလဲတွေဟာ တစိတ်တပိုင်းအားဖြင့် နိုင်ငံတကာဖိအားကြောင့်ဖြစ်လာတယ်လို့ ယူဆပါတယ်။ အပြောင်းအလဲတွေဖြစ်လာတော့ နိုင်ငံတကာကလည်း တစုံတရာ ပြောင်းလာတယ်ထင်ပါတယ်။
ဒီအပြောင်းအလဲတွေဟာ နိုင်ငံတကာကို ဟန်ပြဖြစ်မှာစိုးပါတယ်။ အာဆီယံ ဥက္ကဌဖြစ်အောင်၊ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ အဆင်ပြေအောင် လုပ်နေတာလား သံသယတော့ရှိပါတယ်။ ဒီတော့ လက်ရှိနိုင်ငံတကာရဲ့ ရပ်တည်ပြောင်းလဲလာတဲ့အနေအထား၊ အစိုးရရဲ့ နိုင်ငံတကာအပေါ် တုန့်ပြန်မှု အမေစုရဲ့ သုံးသပ်ချက်သဘော သိလိုပါတယ်။ 

ဖြေ။ အပြောင်းအလဲဆိုတာ ကိုယ်လိုချင်သလောက် မမြန်တာလည်း ရှိပါတယ်။ တခါတလေ မြန်မြန်ဖြစ်ပြီး မြန်မြန်ပျက်တာတွေလည်း ရှိပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီအင်အားစုတွေနဲ့ နီးနီးကပ်ကပ်တိုင်ပင်ပြီး၊ သတိကြီးစွာ တလှမ်းချင်းတလှမ်းချင်း ဆက်ဆံရေးပြောင်းလဲတဲ့ မူကို ကိုင်တွယ်ထားပါတယ်။ ဘယ်လိုလုပ်ရင် ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြထားပြီး၊ မျှော်လင့်သလို ဖြစ်ပေါ်မလာပါက ပူးပေါင်းဆောင်ရွက်မှု အနေအထားပြောင်းနိုင်အောင် တိုးသာ လျှော့သာတဲ့ နည်းတွေကို သုံးနေပါတယ်။ ဒါကြောင့် အခု တိုးတက်လာတဲ့ ဆက်ဆံရေးကြောင့် ဒီမိုကရေစီလမ်းစဉ် ဆုတ်ယုတ်သွားမယ့် အခြေအနေဖြစ်ပေါ်လာနိုင်မယ်လို့ မယုံကြည်ပါဘူး။ အများမျှော်လင့်တဲ့အတိုင်း ဆက်သွားနိုင်ဖို့ကို အမေတို့ကလည်း ၀ိုင်းဝန်း ကြိုးစားနေမှာဖြစ်ပါတယ်။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: