ဗုဒ္ဓဝါဒီ စစ်စစ်တဦးဟာ ၁။ သရဏဂုံသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်သူ ဖြစ်ရပါမယ်။ ၂။ သံသရာ အယူအဆ၊ သုံးဆယ့်တဘုံ ရှိတယ်ဆိုတဲ့ အယူအဆကို ယုံကြည်သူ ဖြစ်ရပါမယ်။ ၃။ ကမ္မဝါစရ ကုသိုလ်ကံဆိုတဲ့ ကံနဲ့ ကံရဲ့အကျိုး တရားကို ယုံကြည်သူ ဖြစ်ရပါမယ်လို့ ဆရာတော်၊ သံဃာတော်ကြီးများရဲ့ဆုံးမသွန်သင်မှုကို ကြားနာ မှတ်သားခဲ့ရဖူးပါတယ်။
မိမိ၏ ပစ္စက္ခဘဝ ဖြစ်တည်မှုများဟာ ကမ္မဝါစရ ကုသိုလ်ကံရဲ့အကျိုးဆက်နဲ့ စီမံခန့်ခွဲမှုအတိုင်း ဖြစ်တည်ခဲ့ရတာပဲလို့ ယုံကြည်လက်ခံပါရတော့မယ်။ သည်ဘဝ သည်မျှနဲ့ ကျေပါစေတော့လို့ ဆုတောင်းရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၅၃ ခုနှစ်၊ သတ္တမတန်း ကျောင်းသားဘဝကနေ အခု သည်စာလေးရေးတဲ့အချိန်ထိ၊ လောကပါလတရားများ တည်တံ့ရှန်သန် ဖွံ့ဖြိုးစေရေးအတွက် ဖြစ်နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုများ ပေးဆပ်ပြီး မြန်မာ့နိုင်ငံရေး ဘဝအတွက် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလို ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် မိမိဟာ မိမိလူ့ဘဝရဲ့ သုံးပုံတပုံ လောက်ရှိတဲ့အချိန်ကာလကို မြန်မာနိုင်ငံ အကျဉ်းထောင်စနစ်အတွင်းမှာ မြှုပ်နှံစတေးခဲ့ရပါတယ်။
ကြုံခဲ့ဆုံခဲ့ရသူတွေ
မိမိဟာ အကျဉ်းထောင်ထဲ ရောက်တိုင်း ရောက်တိုင်း အသက် ၂ဝ နဲ့ ၆ဝ အကြားက မြို့နေ ပညာတတ် သူငယ်များ၊ သက်လတ်တန်း လူငယ်များနဲ့ လူငယ်များနဲ့ မတွေ့ရ၊ မကြုံရ၊ မဆုံရတဲ့အခါ မရှိပါဘူး။ ၁၉၈၉ ခုနှစ် အတွေ့အကြုံအရဆိုရင် ပါလာတဲ့ ထောင်ကျလာတဲ့ လူငယ်ပိုင်း၊ လူလတ်ပိုင်းထဲမှာ အင်ဂျင်နီယာ၊ ဆရာဝန်၊ တက္ကသိုလ်ဆရာ၊ စာရေး ဆရာနဲ့ ကဗျာဆရာ၊ တပ်မတော်မှ ဗိုလ်ကြီး၊ ရဲအုပ်၊ တိုက်ခိုက်ရေး ရဲမှူး၊ ကျူရှင်ဆရာ၊ ရှေ့နေစတဲ့ အသက်မွေးဝမ်းကျောင်းပေါင်းစုံက ပညာတတ်အလွှာများ ပါဝင်ကြပါတယ်။
သူတို့အများစုဟာ အသင်းအပင်း အဖွဲ့အစည်းနဲ့ နေကျင့် ထိုင်ကျင့် မရှိကြဘူး။ လူထု လုပ်ငန်းများ မလုပ်ဖူးကြပါဘူး။ စီးပွားရေး ကျောင်းထောက်နောက်ခံလည်း မတူကြပါဘူး။ အိမ်ထောင်သည် နည်းပါတယ်။ ကျောင်းသားတွေဆိုရင်လည်း တယောက်တဖွဲ့လောက်ပါပဲ။ ဗကသ၊ မကသ၊ အခသ၊ ခရိုင်၊ ဗလသ၊ အထက်ဗ နဲ့ အောက်ဗ၊ သုံးရောင်ခြယ်၊ အေဘီ၊ မြောက်၊ အရှေ့၊ တောင်၊ အနကလ၊ ကိုကိုကြီး ဗကသ၊ သက်ထွန်း လူ့ဘောင်သစ်၊ ၈၈ မျိုးဆက်၊ ၉၆ မျိုးဆက်။
သူတို့အားလုံးနဲ့ တွေ့တဲ့ဆုံရတဲ့ ထောင်အခြေအနေအလိုက် နှစ်ဦး နှစ်ဖက်စိတ်ဝင်စားတဲ့ကိစ္စများနဲ့ ပတ်သက်ပြီး စကားစမြည် ပြေဖြစ်ကြပါတယ်။ သိချင်လို့မေးကြတဲ့ အကြောင်းအရာများ၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ရှေ့ရေး၊ နောက်ရေးများ၊ လေ့လာရေး၊ ဘာစာအုပ်တွေ ဖတ်ရမလဲ။ ၄ဝ၁ (၁) တိုးမလား၊ မတိုးဘူးလား။ ကျနော်က ဘာမှဆက်လုပ်မှာ မဟုတ်ဘူး။ အချိန်ကုန်တယ်။ (ထိုး) ထွက်မယ်။ ကျနော် ဆက်လုပ်မယ်၊ ထောင်ထဲမှာ အချိန်ကုန်တယ်။ ၄ဝ၁ (ထိုးထွက်မယ်)။ အပြင်မှာ ကြိုက်တာလုပ်မယ် စတဲ့ လောဂျစ်များ ရှိကြပါတယ်။ အကျဉ်းထောင်ထဲမှာ အထိမခံ ရွှေပန်းကန် အဖြစ်ဆုံးကတော့ စားရေး၊ အချင်းချင်း ဆက်ဆံရေး၊ အကျဉ်းထောင်နဲ့ ဆက်ဆံရေး ပြဿနာများပဲ ဖြစ်ပါတယ်။
အမေးခံရဆုံး မေးခွန်း
တွေ့ကြုံဆက်ဆံရသမျှ အကြောင်းအရာ အမျိုးမျိုးအနက် ဒီကနေ့ခေတ်ပည်ာတတ်လူငယ်များ အမေးအမြန်း အခံရဆုံး ပြဿနာနဲ့ မေးခွန်းက ၁။ အဘက၊ ဦးလေးက ထောင်တွေ ခဏခဏကျပြီး ဘယ်လိုအကြောင်းတွေကြောင့် ပြန်ပြန် လုပ်နေတာလည်းဆိုတဲ့ မေးခွန်းကို မေးကြပါတယ်။ ၂။ နောက်မေးခွန်းတခုကတော့ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ ဘယ်လို ပြုပြင်မှု၊ တည်ဆောက်မှုမျိုး လုပ်ရမဆိုတဲ့ မေးခွန်းပါပဲ။ (ပထမ) မေးခွန်းရဲ့အဖြေကတော့ ဒုတိယမေးခွန်းရဲ့ အဖြေပါပဲလို့ ဆိုချင်ပါတယ်။ သူတို့မေးတဲ့မေးခွန်းများကို ဖြေကြားတဲ့အခါ မိမိရဲ့ဘဝဖြစ်စဉ်နဲ့ ဖြတ်သန်းမှုများကို ကျောထောက်နောက်ခံထားပြီး ဖြေကြာခဲ့ပါတယ်။
တန်းရှိတဲ့ နိုင်ငံရေးသမား
မိမိဖြတ်သန်းရတဲ့ ကိုယ်ပိုင်ဘဝ အတွေ့အကြုံများ၊ မိမိဖြတ်သန်းရတဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့ လောကပါလတရား အခြေအနေများကို အကြောင်းပြုပြီး ဖြေကြားတဲ့အဖြေက (ခုလိုပါပဲ)။ တန်းရှိတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်ချင်တယ် ဆိုရင်…
၁။ မိမိရဲ့လူမှုဘဝ Social life and status က နိုင်ငံရေးကို တောင်းဆိုမှုရှိရပါမယ်။ လူ့ရဲ့ လူမှုရေးဘဝက သူ့လူမှုရေး အသိကို ပြဋ္ဌာန်းမြဲ ဓမ္မတာပါပဲ။ ထောင်တခါကျရုံနဲ့ နိုင်ငံရေးသမား မဖြစ်နိုင်ပါဘူး။ ဥဿုံပြည့်စုံနေတဲ့ဘဝက နိုင်ငံရေး လုပ်ဖို့ မတောင်းဆိုပါဘူး။ ‘မခံချင်စိတ်’ က နိုင်ငံရေးယုံကြည်မှု မဟုတ်ပါဘူး။ လူဟာ တခုကောင်း နှစ်ခုကောင်း လုပ်နိုင်ပေမယ့် တသက်လုံးကောင်းအောင် မလုပ်နိုင်တာ အမှန်ပါပဲ။ စွန့်လွှတ်မှု အနစ်နာခံမှု ဆိုတာမှာ ‘ကိန်ဂဏန်း’ မရှိပါဘူး။ နိုင်ငံရေးမှာ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ရပါဘူး။ ပေါ်ပင်နိုင်ငံရေးသမား လုပ်ရတာ လွယ်ပေမယ့် ရာသက်ပန် နိုင်ငံရေးသမား လုပ်ရတာ မလွယ်လှပါဘူး။ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေက နိုင်ငံရေးသမားဘဝကို လုံခြုံမှု မပေးတတ်ပါဘူး။ ကိုယ့်ဘဝရဲ့အသွေးအသားထဲမှာ ‘ယုံကြည်မှု’ ကို မြှုပ်နှံမထားနိုင်ဘူးဆိုရင် တကယ့် နိုင်ငံရေးသမား မဖြစ်နိုင်ပါဘူး။ (ဆရာမောင်ဝံသ- ကျနော်နဲ့ သဘောတူနိုင်ပါသလား)။ ဒါ ပထမ လိုအပ်ချက်ပါ။ (ဝ) ရှိမှ (ဝိ) လုပ်နိုင်မှာပါ။
(ဒုတိယ) လိုအပ်ချက်တော့ ခိုင်မာတဲ့ ယုံကြည်မှု ဒဿနတခု ရှိရပါမယ်။ နိုင်ငံရေးမျိုးဆက်ဆိုတာ သွေးသား တော်စပ်မှု မဟုတ်ပါဘူး။ သမိုင်းခေတ်က သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ ‘သမိုင်းတာဝန်’ ကို သယ်ဆောင်သူ ဖြစ်ရပါမယ်။ ပုဂ္ဂလ လူ၊ ဒဿနနဲ့ သမိုင်းခေတ်ဆိုတာ သံကြိုးကွင်းဆက် တမျိုးပါ။ ပစ္စက္ခခေတ်ကတော့ လစ်ဘရယ် စီမိုကရေစီ ခေတ်ပါပဲ။ နှစ်သက်ရင် ယုံကြည်ပါ။ ဒါပေမယ့် ‘အစမ်းသပ်ခံရပါမယ်’ ။ ‘ပဲ့ပြားပင် ယုံကြည်မှု’ မဖြစ်နိုင်စေဖို့ပါပဲ။
(တတိယ) ချက်ကတော့ ကိုယ့်ကိုယ်စားပြုတဲ့ ယုံကြည်မှု ဒဿနကို အကောင်အထည် ဖော်ပေးနိုင်တဲ့ နိုင်ငံရေးပါတီ တခုခုထဲမှာ ပါဝင်လှုပ်ရှားရပါမယ်။ ‘ဆိုလို’ (solo) တကိုယ်တော် နိုင်ငံရေးသမားဆိုတာ မရှိပါဘူး။ လူထု၊ လူတန်းစား၊ ပါတီ၊ ခေါင်းဆောင်ဆိုတာဟာ သံကြိုးကွင်းဆက် တမျိုးပါပဲ။ သူခိုးဓားပြများမှာတောင် ဂိုဏ်းအုပ်စုရှိတတ်ပါတယ်။ ဘယ်လို ခေတ်ပြိုင် နိုင်ငံရေးမှာမဆို အဖွဲ့အစည်းရှိရပါမယ်။ အဖွဲ့အစည်းက သူ့အဖွဲ့ဝင်များကို လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။ လုပ်ငန်းလက်တွေထဲမှာ လေ့ကျင်ပျိုးထောင်ပေးရပါမယ်။
(စတုထ္ထ လိုအပ်ချက်) အရ နိုင်ငံရေးသမားဆိုတာ အဖွဲ့အစည်းရဲ့ လေ့ကျင့်ပျိုးထောင်မှုကို ရယူရမှာသာမက၊ မိမိကိုယ်ကိုလည်း လေ့ကျင့်ပျိုးထောင်ရပါမယ်။ အတွေးအခေါ်အရ နိုင်ငံရေး (လမ်းစဉ်) အရ၊ စည်းရုံးရေးအရ၊ လုပ်ဟန်အရ၊ မိမိကိုယ်ကို ဘက်စုံတည်ဆောက်ရပါမယ်။ ‘ဓား’ တချောင်းလိုပါပဲ။ (သုံးဖို့ ‘သ’ ရပါမယ်)။
(ပဉ္စမအချက်) ကတော့ သမိုင်းဗဟုသုတ ရှိရပါမယ်။ အထူးသဖြင့် ခေတ်ပြိုင်မြန်မာ့သမိုင်းရဲ့ (ကာလသုံးပါး) ကို သိရပါမယ်။ ‘၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတယ်’ ဆိုတဲ့ ဗဟုသုတလောက်နဲ့တော့ မဖြစ်ပါ။
(ဒါ အကျဉ်းချုပ်ပါ။ အကျယ်ရေးဖို့ ကြိုးစားကြည့်ပါမယ်)
အောင်သာ (ပီသုံးလုံး)
၁၄ ရက် နိုဝင်ဘာလ ၂၀၁၁
ပြည်သူခေတ် ဂျာနယ် အတွဲ ၂၊ အမှတ် ၇၀ မှ …
No comments:
Post a Comment