Sunday, December 18, 2011

အရေးတော်ပုံကြီး ... လူများ၊ အဖြစ်အပျက်များ (၅) - ကမာပုလဲ

ရှေ့မှာ ၁/၉၀ ကို လက်မှတ်ထိုးအပြီး ကျောင်းသားပါတီတခုရဲ့ ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားမှုဘဝကို အနည်းအကျဉ်းမျှ မိတ်ဆက်ခဲ့ပါတယ်။ လက်မှတ်ထိုးတုန်းက ပါတီ ဆက်လက်ရှင်သန်နိုင်သမျှ ရှင်သန်ရေးကို စဉ်းစားပြီး နည်းပရိယာယ်အရ လက်မှတ်ထိုးခဲ့ကြတယ်။ သေနင်္ဂဗျူဟာ အရ မှားခဲ့တယ်။ ဒါကို ၁/၉၀ လက်မှတ်ထိုးအပြီး ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုဘဝက လက်တွေ့ကျကျ ပြောပြလိုက်တာပါပဲ။
နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ၁/၉၀ အောက်မှာ လှုပ်မရအောင် အနေအထားမျိုးနဲ့ ရင်ဆိုင်ရတယ်။ ဒါ့အပြင် လက်မှတ်ထိုးလိုက်တာဟာ နိုင်ငံရေးမှာ ခံစစ်အနေအထားကနေ အသက်ငင်နေတဲ့ နဝတ စစ်အုပ်စုကို ကျားသေ အသက်သွင်းလိုက်သမျိုးဖြစ်သွားတယ်။ လက်မှတ်ထိုးထားလည်း ဖမ်းဆီးမှုတွေ၊ ထောင်တွင်း သတ်ဖြတ်မှုတွေက ရပ်မသွားပါဘူး။ ပိုဆိုးတာက နိုင်ငံရေးပါတီတွေကို အကြောင်းအမျိုးမျိုးပြ၊ အမိန့် ဒီဂရီတွေ အမျိုးမျိုးထုတ်ပြီး အဓမ္မ ဖိအားပေး ဖျက်သိမ်းမှုတွေ လုပ်လာပါတော့တယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ ပါတီပေါင်း ၂၀၀ ကျော်ကနေ ၁၀ ပါတီသာကျန်သည်အထိ ဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုခေါင်းဆောင်ပိုင်းမှာလည်း ထောက်လှမ်းရေးက ဖိအားပေး ဖမ်းဆီးစစ်မေးတာတွေ ခံရပါတယ်။ နယ် ရုံးခွဲတွေကိုလည်း ဆိုင်ရာ မဝတတွေက ထောက်လှမ်းရေး၊ ရဲ၊ သတင်းပေးတွေနဲ့ စနစ်တကျ ဖိအားပေးခဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာ အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ကျောင်းသားနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို စနစ်တကျ ချေမှုန်းဖို့ လက်ရဲ၊ ဇက်ရဲ လုပ်လာတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ရန်ကုန်မြို့ကို ဗဟိုပြုပြီး ပါတီရဲ့ ဗဟိုခေါင်းဆောင်ပိုင်းက ရဲဘော်တွေကို ဖမ်းဆီးပါတယ်။ တွဲဖက် အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ရဲဘော် အံ့ဇော်ကို မြို့ကလေးက မိခင်အိမ်မှာ ညဘက် လာရောက်ဖမ်းဆီးပါတယ်။ မြို့မှာ တာဝန်ကျနေတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးအုန်းမြင့် ဦးဆောင်ပြီး ရဲနဲ့ ရှာဖွေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ခဏလောက် လိုက်ခဲ့ပါ။ မေးစရာလေးတွေရှိလို့ဆိုပြီး ဖြစ်တယ်။

ရဲဘော် အံ့ဇော်ကို မြို့ရဲ့ ရဲအချုပ်မှာ ချုပ်နှောင်ထားပြီး တနေ့လုံး ထောက်လှမ်းရေးက ခေါ်ဆောင် စစ်ဆေးတာ ခံရပါတယ်။ အထက်တန်းကျောင်းသားကလေးတွေက အံ့ဇော်ကို အချုပ်ဝင်စာ သွားတွေ့၊ တွေ့ခွင့်ပေး မပေးကို ရဲက ယတိပြတ် မပြောလို့ အချုပ်ရှေ့မှာ အဖြူအစိမ်းဝတ် ကျောင်းသားတွေ အုပ်စုလိုက် ညနေစောင်းတဲ့အထိ စောင့်နေကြပါတယ်။ ဒါကို ရဲက အစိုးရိမ် လွန်လာပါတယ်။ မြို့သူ၊ မြို့သားတွေကလည်း ကျောင်းသားတွေ ရဲစခန်းကို ဆန္ဒပြနေသလို ထင်ကြ၊ ပြောကြနဲ့ ရင်ခုန်စရာပါ။ နောက်တော့ ရဲတချို့ထွက်လာပါတယ်။ ရဲဘော်အံ့ဇော်ကို ထောက်လှမ်းရေးက မေးစရာရှိလို့ ခေါ်ထားတာ ဖြစ်ကြောင်း။ မေးပြီးရင် ပြန်လွတ်မယ် ထင်ကြောင်း။ ခုတော့ သူ့ကို တွေ့ခွင့်မပေးနိုင်သေးကြောင်း ပြောလာပါတယ်။ ဒါနဲ့ပဲ ကျောင်းသားတွေကို ကြေလည်အောင် ဆွေးနွေးပြီး အိမ်ပြန်ဖို့ ပြောရပါတယ်။ သူတို့ရှေ့မှာလည်း ရဲကို မေးပါတယ်။ အံ့ဇော်ကို ဘာပုဒ်မ၊ ဘာအမှုနဲ့ ဖမ်းသလဲဆိုတာ တိတိကျကျ သိချင်တယ်ပေါ့။ ဆိုတော့ ရဲက ကျနော်တို့ စုံစမ်းမေးပေးပါမယ် ပြောပါတယ်။ ကျောင်းသားတွေလည်း မကျေမနပ်နဲ့ ပြန်သွားကြပါတယ်။

ရဲဘော် အံ့ဇော်ကို ဖမ်းဆီးထိမ်းသိမ်းထားတာ တပတ်လောက်ကြာတော့ သူ့မိခင်နဲ့ ပေးတွေ့ပါတယ်။ အဝတ်အစားနဲ့ စားစရာတွေ ပေးခွင့်ရပါတယ်။ ဘာမှု၊ ဘာပုဒ်မလဲမေးတော့ သူလည်း သေချာမသိဘူးတဲ့။ ဖမ်းဖမ်းချင်း နှစ်ရက်၊ သုံးရက်ထိ အစာ မကျွေးဘူး တဲ့။ တိုက်တဲ့ရေကလည်း သောက်ပြီးတဲ့အခါ အားပြတ်သလို ခံစားရတယ် ပြောပါတယ်။ ဘေးမှာ ရဲက အနီးကပ် စောင့်ကြပ်နားထောင်နေလို့ အခြေအနေကို သိပ်မပြောဖြစ်ဘူး ပြောပါတယ်။ အဓိကကတော့ မိမိကို မြို့ကလေးကနေ တခြားထွက်မသွားဖို့ မှာပါတယ်။

တလလောက်ကြာတော့ အံ့ဇော်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီတော့မှ အကြောင်းစုံကို ပြောဖြစ်ကြတယ်။ ပါတီက ဗဟိုရဲဘော်တွေကို စတင်ဖမ်းဆီးချိန်မှာ လွတ်မြောက်နယ်မြေကို ရဲဘော်အချို့ ရောက်ရှိလွတ်မြောက်သွားပါတယ်။ အားလုံးသိတဲ့အတိုင်း ကျောင်းသားတပ်မတော် တပ်ရင်းတွေ အခြေစိုက်ရာ နယ်မြေတွေကို ဖြစ်တယ်။ ၈၈၈၈ ကတည်းကလည်း တိုက်ပွဲဝင် ရဲဘော်၊ ရဲဘက်တွေ ဖြစ်ကြတယ်။ ဒီတော့ အဆက်အသွယ် အဆက်အစပ်တွေ ရှိခဲ့ကြတယ်။

အတွေးအခေါ်အရ၊ နိုင်ငံရေး ယုံကြည်မှုအရလည်း တူခဲ့ကြသူတွေဖြစ်တယ်။ စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို သေသည်အထိ ဖက်တွယ်ထားမှာမို့ ဒီမိုကရေစီဘက်ကို အခွင့်ရရင် ရသလို အပြတ်ချေမှုန်းမှာ ဖြစ်တယ်။ လက်နက်ကိုင် အကြမ်းဖက် ဖိနှိပ်နေတာကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်မှ ဒီမိုကရေစီကို ရနိုင်မယ်။ နိုင်ငံရေး ယဉ်ကျေးမှုအရ၊ ဖြစ်တည်နေတဲ့ နိုင်ငံရေးလေထုအရ ပါတီတွေ တည်ထောင်ခွင့်ရှိလို့ ပါတီထောင်ပြီး ကျောင်းသားတွေ ဒီမိုကရေစီ နိုင်ငံရေး လုပ်ခဲ့တာ ဖြစ်တယ်။ လူထုရင်ထဲမှာ အနီးဆုံးနေနိုင်ခွင့်လည်း ဖြစ်တယ်။

ရဲဘော်အံ့ဇော်ကို အဓိက စစ်မေးချက်ကတော့ လက်နက်ကိုင်တော်လှန်ရေး လုပ်မလုပ်ကို အတွေးအခေါ်အရ၊ ဆက်စပ်မှုတွေအရ စစ်မေးတာ ဖြစ်တယ်ဆိုတာ သူလွတ်လာပြီး ပြန်ပြောပြလို့ သိရပါတယ်။ စိတ်ဓာတ် စစ်ဆင်ရေးအရ အံ့ဇော်ကို အခန်းတခုထဲမှာ နေ့လည်ဘက် တယောက်တည်း ထားတယ်ပြောပါတယ်။ ဘယ်သူ တဦးတယောက်မျှ မရှိဘူးလို့ ပြောပါတယ်။ ကက်ဆက်ကနေ သီချင်း ဖွင့်ပေးပါတယ်။ တပုဒ်တည်းကို ထပ်ခါ ထပ်ခါ ဖွင့်တာဖြစ်ပါတယ်။ သီချင်းက စိုင်းထီးဆိုင်ရဲ့ ‘သဘာဝရဲ့ ရင်သွေးငယ်တွေ’ သီချင်းဖြစ်သတဲ့ ...။

အဲဒီအချိန် သူ့ခံစားချက်ကို မေးကြည့်တော့ ငိုချင်လာတယ်လို့ ပြောပါတယ်။ အဲတော့ မင်း အဲဒီစိတ်ကို ဘယ်လို ခုခံခဲ့သလဲလို့မေးတော့ စိတ်ထဲကနေ ‘နိုးလော့ ... ထလော့ ဧရာဝတီ’ သီချင်းကို ဆိုတယ်။ ဧရာဝတီကိုပဲ အာရုံပြုခံစားနေခဲ့တယ်။ အဲဒီအခါ အားငယ်စိတ်တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ စိတ်ဓာတ် စစ်ကြောရေး အတွေ့အကြုံကလေးကို ခုထိ မှတ်မိနေတာ ဖြစ်ပါတယ်။ အံ့ဇော်ကို ဖမ်းပြီးနောက်မှာ သတင်းစာထဲကနေ ပါတီကို မရားအသင်းအဖြစ် ကြေညာ ဖျက်သိမ်းလိုက်ပါတယ်။ ၁၉၉၀ခု ဒီဇင်ဘာ ၃၀ ရက်လို့ ဖြစ်ပါတယ်။ မိမိတို့ရဲ့ပါတီ မျိုးချစ်ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစု (မြန်မာနိုင်ငံ)ဟာ အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) တပ်ရင်း (၆၀၁) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့ရဲ့ မြေပေါ်ပါတီဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရားအသင်းအဖွဲ့အဖြစ် ကြေညာဖျက်သိမ်း လိုက်ပါတယ်။ ရန်သူ စစ်အုပ်စု၊ စစ်အာဏာရှင်ရဲ့ အငြိုးတကြီးအမုန်းဟာ ကျောင်းသားထုနဲ့ လူထုရဲ့ နှလုံးအိမ်အတွင်းမှာတော့ သမိုင်းအရ ဂုဏ်ယူရတဲ့ အဖိုးတန် သမိုင်းဆုအဖြစ် ခံယူ ခံစားခဲ့ပါတယ်။

ပါတီ ဗဟိုက ဥက္ကဋ္ဌ ဖြစ်သူ ခွန်ရဲသွေး (ခေါ်) ရဲဘော်မြင့်နိုင် ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပါတယ်။ ရဲဘော်သက်ဇော် (နောင်မှာ ဇော်သက်ထွေး) လည်း ဥက္ကဋ္ဌလို နှစ်ရှည် ထောင်ဒဏ်ပါပဲ။ လွတ်မြောက် နယ်မြေရောက်သွားတဲ့ ပါတီကရဲဘော်တွေအတွက်ရော၊ ကျောင်းသားတပ်မတော် တပ်ရင်း ၆၀၁ နဲ့ အဆက်အသွယ်ရှိခဲ့မှု၊ လက်နက်ကိုင် တော်လှန်ရေး အတွေးအခေါ်နဲ့ လုပ်ဟန်တခုလုံးအတွက်ကိုပါ ဥက္ကဋ္ဌ ရဲဘော်မြင့်နိုင်က တာဝန်ခံခဲ့တာဖြစ်ပါတယ်။ ခုထိ ခေါင်းဆောင်ကောင်း ရဲဘော်တဦးအဖြစ် ဂုဏ်ယူ အသိအမှတ် ပြုနေဆဲပါ ရဲဘော်ကြီးရေ ...။

မြို့ကလေးကနေ ရဲဘော် တင်နိုင်ထွန်းနဲ့ ရဲဘော် ထွန်းတင့်အောင်(ခ) ထွန်းထွန်း(ခ) ဂင်ကြီး (လက်ရှိ အမေရိကားတွင် နေထိုင်သူ) တို့က လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ပါတယ်။ ပါတီ ဖျက်သိမ်းခံရတော့ တွဲဖက်ကျောင်းဆရာ အလုပ်ကို ဇောက်ချ လုပ်ဖြစ်နေခဲ့တယ်။ ရဲဘော်တွေရဲ့ သတင်းကို စုံစမ်းရင်း၊ နိုင်ငံရေးအရ အတွေးအခေါ် တည်ဆောက်ရေး၊ လေ့လာရေး လုပ်ငန်းတွေကို လုပ်ရင်း ၁၉၉၀ အောက်တိုဘာလမှာ မြစ်ဝကျွန်းပေါ်ဒေသ လက်နက်ကိုင် တော်လှန်ရေး ကျည်ပြန်ပေါက်ခဲ့ပါတယ်။

နဝတက ၁၉၉၀ စက်တင်ဘာကျော်သည်အထိ ဂန္ဓီခမ်းမ ကြေညာချက်ပါ လွတ်တော် ခေါ်ယူပေးရေးကို ပြုလုပ်မပေးခဲ့ပါ။ ၁၉၉၀ ဒီဇင်ဘာလအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ လွတ်မြောက်နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာခဲ့တယ်။ ၂၂၊ ၁၂၊ ၁၉၉၀ မှာ အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့တယ်။ ၂၆၊ ၃၊ ၁၉၉၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းပါတယ်။ ဖဆပလ ခေတ်က တပ်မှူးဟောင်း၊ တိုင်းမှူးဟောင်း ဖြစ်ခဲ့သူ ဗိုလ်အောင်ရွှေ ဥက္ကဋ္ဌအသစ် ဖြစ်လာခဲ့ပါတယ်။ ၁၂၊ ၆၊ ၁၉၉၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးဖြစ်သူ စာရေးဆရာကြီး မောင်သော်က အင်းစိန်အကျဉ်းထောင် အကျဉ်းတိုက်ထဲမှာ ကျဆုံးခဲ့ပါတယ်။

၁၀၊ ၁၂၊ ၁၉၉၁ မှာ နေအိမ် အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့တယ်။ ၁၁၊ ၁၂ ၁၉၉၁ နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို အသစ်စက်စက် ဥက္ကဋ္ဌဖြစ်လာသူ ဦးအောင်ရွှေ (ဗိုလ်အောင်ရွှေ)က ကိုယ်တိုင်လက်မှတ်ထိုးပြီး ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

ရက်များ၊ လများ၊ သက္ကရာဇ်များ၊ တိုက်ပွဲများ၊ ကြေကွဲခံပြင်းမှုများ၊ လွမ်းမော ပီတိများ၊ မပြီးဆုံးသေးသော ဒီမိုကရေစီရေးအတွက် တိုက်ပွဲနှင့် သမိုင်းပေး တာဝန်များ ... လွမ်းမော သတိရလျက်ပါ ... မြို့ကလေး ...။

ကမာပုလဲ
၁၇၊ ၁၂၊ ၂၀၁၁။

No comments: