Wednesday, December 14, 2011

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်) - ၁


ခရီးသည် စောင့်တင်နေသည့် အုတ်ဖြတ်ကားပေါ်မှာထိုင်နေစဉ် သည်းထိတ်ရင်ဖို အတွေးများနှင့် စောင့်ရသည်မှာ တနာရီ နှစ်နာရီလောက် ကြာမည်ထင်သည်။ ဖြူးမှ အုတ်ဖြတ်ဘက်သို့ထွက်အလာ လမ်းမှာ ဝဲကြီးရွာ၊ အောက်ခုံရွာတို့ ဆိုတာတွေ တွေ့ရသည်။ အောက်ခုံရွာမှာ စစ်တပ်ဂိတ်တခု ဖြတ်ရသည်။ ခဏတဖြုတ်သာ စစ်ဆေးမေးမြန်ပြီး ကားဆက်ထွက်၊ အုတ်ဖြတ် ရောက်သည်။ အုတ်ဖြတ်မြို့လေးမှ စစ်တောင်းမြစ်ကို ကူးတို့လှေနှင့် ကူးပြီးမှတဖန် ကားလေး စီးရပြန်ပြီး၊ မုန်းမြို့သို့ နေ့ခင်းပိုင်းလောက် ရောက်သွားသည်။ မြို့တွင်းအဝင် အစိုးရစစ်သား ၄ ယောက် မိမိတို့ရှိရာဘက် ဦးတည် လမ်းလျှောက်လာ၍ ကျွန်တော် သတိထားအကဲခတ်နေမိသည်။ မုန်းမြို့မှ မြင်းလှည်းငှားစီး ပုလိပ်ဂိတ်တခုဖြတ်ကျော်၍ အလယ်တန်းကျောင်းဘေးလမ်းမှ ဖြတ်လာခဲ့ကြသည်။ 

ဒါ ဆရာ အောင်ဝေ ခေါ် ရဲဘော် ရဲအောင်တို့ကျောင်းပဲ ဟု နားလည်လိုက်သည်။ မြင်းလှည်းက မုန်းမှ ရွာကန့်လန့်ဆိုသည့်ရွာအထိ လိုက်ပို့သည်။ အဲဒီ ရွာကန့်လန့်မှတဆင့် နယ်မြေက အစိုးရသတ်မှတ်ချက် အညိုရောင်ခေါ်လား အမည်းရောင်ခေါ်လား မသိ။ သတ်မှတ်နယ်မြေထဲ ရောက်လာသည်ဟုထင်သည်။ ကျွန်တော်ပါလာသည့် စောင်ထုပ်တွေ ထမ်းကူဖို့ ဦးရင်မောင်က လူငှားသည်။ ဈေးပြန် အမျိုးသား အမျိုးသမီး လူ လေး,ငါး၊ ခြောက် ယောက်လောက်နှင့်အတူ စုသွားကြသည်။ ကျွန်တော်တို့ စောင်ထုပ် အငှားကူထမ်းသူက အစိုးရတပ်ထွက်၊ နောက်တယောက်ကလည်း စစ်ထွက်၊ ဦးရင်မောင်ကလည်း စစ်ထွက်၊ စစ်ပွဲ အဆက်မပြတ်သည့် နယ်မြေတွေ ဖြစ်နေ၍လော မသိ၊ စစ်ဘက်ဆိုင်ရာနှင့်ပတ်သက်သည့် စစ်ထွက်များချည်းပဲ တွေ့နေရ၏။ အစိုးရတပ်နှင့် လမ်းမှာပက်ပင်းတိုး၍ စစ်လားဆေးလားဖြစ်နေပါက စစ်ထွက်များကြောင့် ပြောအား ဆိုအား ရနိုင်သည်ဟု မိမိကိုယ်ကို အားပေးလိုက်ရသည်။ (နောက်ပိုင်း KNU မှ တောခေါင်းတယောက် အစိုးရ တပ်ထွက်ဆိုတာ တွေ့လိုက်ရပြန်သေးသည်)။

ဖြတ်သန်းလာသည့် လမ်းတလျှောက်မှာ ကွမ်းသီးပင်တွေ ကွမ်းခြံတွေ အတော်များများ တွေ့ရသည်။ သြော်- ဒါကြောင့် “ကွမ်းသီး တောင်ငူနဲ့” လို့ ဆိုတာကိုးဟု အောက်မေ့မိ၏။ တောင်ငူနယ်တွင်း ရောက်ရှိနေသည်ကို သတိပြုမိသည်။ ကွမ်းသီးခြံတွေကအောက်ခြေမှာ ရှင်းနေပြီး ပင်ခြေမှာ ရေမြောင်းလေးတွေ ဖောက်သွယ်ထားတာ တွေ့ရသည်။ ချောင်းငယ် မြောင်းငယ်လေးတွေဖြတ်ရာမှာ ကွမ်းသီးပင်လုံးတွေဖြတ် စီခင်းထားသည့် တံတားလေးတွေလည်း တွေ့ရသည်။ ရွာကန့်လန့်မှတဆင့် မီးတိုင်တော စသည့်ရွာတွေဖြတ်၍ အောင်ချမ်းသာဆိုသည့် ရွာတရွာရောက်သွားသည်။ အဲဒီရွာမှာ ရှမ်းလူမျိုးအများစု နေသည်ထင်သည်။ အားလုံး က ဗမာစကားပြောကြသော်လည်း လူကြီးပိုင်းက သူတို့ချင်းဆိုလျှင် ရှမ်းလိုပြောကြသည့်သဘောပင်။ ကျွန်တော်တို့ အောင်ချမ်းသာမှာ စတည်းချကြသည်။

“ဒီရွာဘက်ကို ပါတီက ရဲဘော်တွေ လာတတ် သလား” လို့ ကျွန်တော်က ဦးရင်မောင်ကို မေးသည်။

“တခါတရံ လာတယ်” … တဲ့။

နောက် ကျွန်တော်က “အစိုးရတပ်ကော လာတတ်သလား” ဆက်မေးလိုက်သည်တွင် …

“လာတာပေါ့ မေးလားမြန်းလား လုပ်ခဲ့ရင် အိနြေ္ဒမပျက် စောင်ရောင်းတယ်ဆိုပြီး နေရမှာ၊ ဒီကမှတဆင့် ဆရာအောင်ဝေတို့အဖွဲ့ ဘယ်မှာလဲဆိုတာ စုံစမ်းပြီး တွေ့ကြရမှာ” … လို့ ဦးရင်မောင်က ပြောပြနေသည်။
နောက်တရက် ညနေပိုင်း ဦးရင်မောင်နှင့် ကျွန်တော်တို့စောင်တွေပိုက်ပြီး အောင်ချမ်းသာက ထွက်၍ မုန်းချောင်းကို ဖြတ်ကျော်ခဲ့ကြသည်။ မုန်းချောင်းရေက ကြည်လင်၍ တသွင်သွင် စီးဆင်းလျက်ရှိသည်။ မုန်းချောင်းကမ်းဘေးက မြောင်ဦးဆိုသည့် ရွာရောက်သည်။ ဒီရွာက ကရင်လူမျိုး အများစုနေသောရွာ ဖြစ်ပုံရသည်။ အိမ်တအိမ် ဝင်သည်နှင့် အိမ်ရှင်က ကျွန်တော်တို့ အခြေအနေ ရိပ်မိနေသည့်သဘော တွေ့ရသည်။ ဦးရင်မောင်က ဘာမှမပြောရသေးခင် …

“သူတို့ ဒီအနီးတဝိုက်မှာ မရှိဘူး။ ခင်ဗျား ပြောရဦးမယ်” … ဦးရင်မောင်ဘက် လှည့်ပြီး … “ အုတ်ဖြတ်မှာဖြစ်တဲ့ကိစ္စ သေချာတယ် ပြောတယ်။ အဲဒါ ခင်ဗျား သတိထားနေ” … တဲ့။

စကားပြောတာက ပြတ်တောင်းတောင်း အထာနှင့်ပြောသည့်စကား။ သူတို့ချင်းသာ နားလည်မည်။ ကျွန်တော် ဘယ်လိုမှ မဆက်စပ်တတ်၊ နားမလည်သည့်အတိုင်း ကျွန်တော် မသိလိုက် မသိဘာသာ နေနေရသည်။ ပြည်တွင်းစစ်ခွင် တိုက်ပွဲနယ်မြေမှ ပြည်သူများ၏ မိမိဘဝ ရှင်သန်ရပ်တည်ရေးဆိုင်ရာ လူမှုဆက်ဆံရေး နည်းလမ်းတမျိုးဟု ဆိုရလိမ့်မည်။ ကျွန်တော့် အတွင်းစိတ်မှာဖြင့် ဤအထာစကားက အမေးပုစ္ဆာတခု ဖြစ်နေသည်။ ဟန်ဆောင်၍ ကျွန်တော်က အိမ်ရှင်ဇနီးအား စောင်တွေ ဖြန့်ပြအရောင်းအဝယ်စကားလေး ဘာလေး ပြောနေရသော်လည်း ဘာပြဿနာလဲ ဆိုသည်ကို သိချင်နေ၏။ ကျွန်တော်တို့ ဘယ်ကိုမှ ဆက်မသွား၊ အောင်ချမ်းသာရွာဘက် ပြန်လာခဲ့ကြ၏။ 

ဦးရင်မောင်ကတော့ ပါတီမှ ဆရာအောင်ဝေတို့အဖွဲ့ တွေ့ရဖို့ မလွယ်ဘူးဆိုသည်ကိုပဲ ပြောနေတော့သည်။ ခက်ကပြီ၊ လာရကျိုး မနပ်ပါလား။ အောင်ချမ်းသာက အိမ်ရောက်ပြီးမှပဲ ကျွန်တော် စိတ်ပျက်စပြုလာသည်။
“ဟိုနေ့က ပြောလိုက်တဲ့ အုတ်ဖြတ်ကကိစ္စ ဆိုတာ ဘာလဲဗျ” … ဟု မေးစမ်းကြည့်မိသည်။

ဦးရင်မောင်သည် ထင်ထားတာထက် ကျွန်တော့်အပေါ်ပို ဖော်ရွေနေသည်။ ကျွန်တော်မေးသည့်မေးခွန်းကို အေးအေးဆေးဆေး ပြောပြသည်။ 

“ဆရာအောင်ဝေတို့အဖွဲ့မှ ရဲဘော်နှစ်ယောက် အုတ်ဖြတ်မှာ လက်နက်ချတဲ့ကိစ္စ၊ သူတို့ ဖော်လိမ့်မယ် ပြောတာ။ အခု ကျွန်တော်တို့နေတဲ့ ဒီရွာကိုလာဖူးတယ်။ ဒီလက်နက်ချတွေ ဘယ်အိမ် ဝင်သလဲ။ သူတို့လူ ဘယ်သူလဲ၊ အစိုးရတပ်က စုံစမ်းစစ်ဆေးရင် ဖော်နိုင်တယ် ပြောတာ။ ရဲဘော်နှစ်ယောက်ဆိုတာ တစ်ယောက်က အမျိုးသမီး၊ သူက ကေဒါ။ သူနဲ့ နှစ်ယောက်တွဲ သွားနေကျ အဲဒီကောင်နဲ့ပဲ ဒီအမျိုးသမီးယူလိုက်တာ ဖြစ်လိမ့်မယ်၊ ဒါကြောင့် လုပ်ပေးရတာ မလွယ်ဘူး၊ အန္တရာယ်များတယ်” … ဟု ဦးရင်မောင်က ရှင်းပြသည်။

ကျွန်တော် စိုးရိမ်စိတ်များနေသည်။ ရုပ်မပျက်အောင်သတိထားနေရသည်။ ညအချိန် ဦးရင်မောင် အိပ်ရာဝင်စဉ် ဘုရားရှိခိုးသံကြားရသည်။ သြော် … ဘာသာရေး ကိုင်းရှိုင်းရှာသူပါလားလို့ ကျွန်တော် အံ့သြရသည်။ သူသည် တော်လှန်ရေးကို သဘောတရားရေးရာတွေထက် လက်တွေ့နိုင်ငံရေးလုပ်ငန်း အကောင်အထည်ဖော်ရေးမှာ ပြည်သူတဦးအနေနှင့် ကူညီလုပ်ဆောင်ပေးသူအဖြစ် ကျွန်တော် သိမြင်သဘောပေါက်လာသည်။ တကယ်တမ်းအားဖြင့် ဆရာ အောင်ဝေ ခေါ် ရဲဘော် ရဲအောင်အပေါ် ပုဂ္ဂိုလ်ရေး ခင်မင်လေးစားသူ ဖြစ်ကြောင်းကိုတော့ နားလည်သိရှိရသည်။

တရက် နှစ်ရက်အတွင်း ဘာမှမထူး။ ရှေ့တိုးရမလား နောက်ဆုတ်ရမလား ကျွန်တော် အကြံအိုက်နေသည်။ ရွာထဲက လူတချို့ ဦးရင်မောင်ဆီ လာစကားပြောကြသည်တွင် ကျောက်ကြီး ရွှေကျင်နယ်ဘက်က တိုက်ပွဲအကြောင်းတွေ ပြောနေသံကြားရသည်။ အလောင်းတွေ ကျန်ခဲ့သည် ဆိုတာမျိုး စကားထဲပါလာ၍ ပါတီနှင့်များ တိုက်ပွဲဖြစ်နေမလား အထင်နှင့် ကျွန်တော် စိတ်ဝင်တစား နားထောင်နေမိသည်။ အဘိုးကြီး တယောက်ကကျန်ခဲ့သည့်အလောင်းက တောကလား မြို့ကလားဆိုသော အသုံးအနှုန်းတွေ ကြားရသည်။ ဤဒေသတွင် လက်နက်ကိုင်တော်လှန်နေသည့် အင်အားစုများဘက်ကို တော၊ အစိုးရ အာဏာရ စစ်အစိုးရဘက်ကို မြို့၊ အစိုးရ ဆိုသည့်အသုံးအနှုန်း ဒီဒေသရွာတိုင်း လူကြီးရော ကလေးပါ သုံးနှုန်းခေါ်ဝေါ်ကြသည့်သဘော ကြုံရ ကြားရသည်။

ဦးရင်မောင်သည် တရက်မှာ ကျွန်တော်သယ်လာသည့်စောင်အုပ်တွေ ပိုက်လျက် …

“ခင်ဗျား ဒီအိမ်မှာပဲ အေးအေးဆေးဆေးနေ၊ ဘယ်မှမထွက်နဲ့၊ သူများ လာမေးရင် စောင်ရောင်းလာတဲ့ ကုန်သည်ဖြစ်ကြောင်း ကျွန်တော်နဲ့ လိုက်လာသူပါလို့ ပြောပြ။ ဘာမှမစိုးရိမ်နဲ့” … တဲ့။ မှာထားပြီး အိမ်မှာ မနက်စာစားပြီးကတည်းက ထွက်သွားသည်။

ခဏအကြာ အိမ်ရှင် ရှမ်းအဘိုးကြီးလည်း ဆေးလွယ်အိတ်လွယ်၍ ထွက်သွားပြန်သဖြင့် အိမ်မှာ ကျွန်တော်တယောက်တည်း ကျန်ရစ်သည်။ အိပ်ရာမှာ အိပ်နေလည်း အိပ်မပျော်၊ ပျင်းနေသည်နှင့် အလယ်တန်းကျောင်းသုံး စာအုပ်တွေ စားပွဲပေါ်မှာတွေ့၍တအုပ်စီ လှန်လှော ဖတ်ကြည့်နေသည်။ နေ့လည်ခင်းအချိန်မှာလူကြီးတယောက် ပုဆိုးပိုတထည် ခေါင်းကိုစီးလျက် နောက်ကပလိုင်းတလုံး လွယ်၍ ကျွန်တော်ရှိနေသည့် အိမ်၏ဝင်းတံခါးကိုတွန်းဖွင့် ဝင်လာသည်။ ဘယ်ကလူပါလိမ့် ကျွန်တော် အံအားသင့်နေသည်။ စိုးရိမ်စိတ်များစွာနှင့် ထိုသူကို မျက်ခြည်မပြတ် ကြည့်နေမိသည်။ ထိုပုဂ္ဂိုလ်က …

“ဒီအိမ်က ကိုရင်မောင် ဘယ်သွားလဲ။ ခင်ဗျားက ဘယ်ကလဲ” … စသည့်မေးခွန်းတွေ မေးနေ၍ ကျွန်တော်သူ့ကို ဟန်မပျက် အကဲခတ်ကြည့်နေရင်းမှ …

“အိမ်ရှင် ဦးရင်မောင် ကျွန်တော် ယူလာတဲ့စောင်တွေ သွားရောင်းနေတယ်၊ ကျွန်တော်က စောင်လာရောင်းတဲ့ စောင်သည်ပါ” … လို့ သတိထား အလိုက်သင့် ပြောပြလိုက်သည်။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: