ထိန်လင်း
တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေးအခြေအနေဟာ လူတွေရဲ့ ဘဝအနေအထားကို ပြောင်းလဲစေသလို အနုပညာသည်တွေကိုလည်း နိုင်ငံရေးရေစီးကြောင်းထဲမှာ မျောပါစေပါတယ်။ အနုပညာသည်တွေအနေနဲ့ နိုင်ငံရေးရေစီးကြောင်းထဲမှာ ဘယ်လောက်အထိ မျောပါနိုင်သလဲ ဆိုတာကတော့ သူတို့ရဲ့ ရဲဝံ့ပြတ်သားမှုတွေ၊ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံရေးနိုးကြားမှု၊ အသိအမြင်ºကွယ်ဝမှု စတဲ့ အချက်ပေါင်းများစွာပေါ်မှာ မှီတွယ်နေပါတယ်။ အမှားအမှန် ကွဲပြားမှုတွေကြားမှာပဲ တချို့က သူတို့ရဲ့ယုံကြည်ချက်အတွက် အသက်တွေ ဘဝတွေကိုတောင် အရင်းတည်ပြီး မှတ်တိုင်စိုက်ထူခဲ့ကြပါတယ်။
အဲဒီလို ပုဂ္ဂိုလ်များထဲက နိုဝင်ဘာလ မွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး တင်မိုးအကြောင်းကို ပြောပြလိုပါတယ်။ ဆရာတင်မိုးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ ဆရာ သက်ရှိထင်ရှားရှိမယ်ဆိုရင် အသက် ၇၅ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အခုလ ၁၉ ရက်နေ့ဟာ ဆရာ့ရဲ့ စိန်ရတု မွေးနေ့ဖြစ်ပါတယ်။ ကဗျာဆရာ စာပေအနုပညာရှင်သက်သက်ဖြစ်တဲ့ ဆရာဟာ မြန်မာလူမျိုးနဲ့ မြန်မာ့ရေမြေသဘာဝကို အလွန်ခင်တွယ်သူဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာလူမျိုးတွေ အဆင်ပြေတာကို မြင်ချင်ပြီး မြန်မာပြည်လွတ်လပ်တာကို မျှော်လင့်ခဲ့သူဖြစ်ပါတယ်။ အခုအပတ်မှာတော့ ဆရာ့ရဲ့ စိန်ရတုမွေးနေ့ အမှတ်တရအဖြစ် ဆရာ့စိတ်ဓာတ်တွေကို ထင်ဟပ်တဲ့ ကဗျာတချို့အကြောင်း ပြောပြချင်ပါတယ်။
ငါကား ဖခင်ဖြစ်ချေပြီ
‘တို့အဖေကား
ရွှေငွေဥစ္စာ၊ အာဏာမင်းစက်
ရာထူးမက်’ ဟု
သားရှက် မခံတော့ပါပြီ။
‘တို့အဖေကား
နေရာတစ်ခု၊ ရလိုမှုတွက်
အလုအယက်၊ ခြေကိုဖက်’ ဟု
သားရှက်မခံတော့ပါပြီ။
ငါ၏ စိတ်ထား၊ ငါ့စကားသည်
သားတို့တန်ဆောင်
သားတို့ခေါင်းဆောင် ဖြစ်ချေပြီ။ ။
ဒီလို စိတ်စေတနာရှိတဲ့ဆရာဟာ ၈၈ အရေးတော်ပုံမှာ လူထုအတွက် တိုက်ပွဲဝင်ကဗျာဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီမိုကရေစီဘက်တော်သားအဖြစ် ကလောင်နဲ့ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်းမှာပဲ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရတာဖြစ်ပါတယ်။
ဆရာက သူ့ရဲ့မွေးနေ့တွေမှာ ကဗျာတွေရေးလေ့ရှိပါတယ်။ အသက် ၆၂ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဆရာက ‘ရွာလမ်းတလျှောက်’ ဆိုတဲ့ကဗျာ ရေးသားခဲ့ပြီး အိုမင်းလာတဲ့ဘဝကို ဆင်ခြင်ထားပါတယ်။
ရွာလမ်းတလျှောက်
လမ်းစုံလျှောက်၍
ရွက်ခြောက်ကို ကောက်၊ လေကို သောက်ကာ
အိမ်ပေါက်စေ့ ဝင်၊ နှုတ်ဆက်ချင်သတဲ့။
အရွယ်ထောက်သော်
မလျှောက်လိုက်ရ၊ မှာစိုးလှ၍
စိတ်က သွားရာ၊ ကိုယ်လိုက်ပါချိန်
ဟိုရွာကို သွား၊ သည်ရွာ နားနှင့်
တံခါးရှိရာ၊ ဝင်ထွက်ကာလျှင်
မဆာလည်း စား၊ ဆာလည်း စားနှင့်
လှည်းနွား အသင့်၊ ကား အသင့်မို့
ပျော်ချင့်ပျော်ဖွယ်၊ အပျော်ရွယ်တည့်။
လမ်းဆုံ မရောက်၊ လမ်းကွေ့ ရောက်လည်း
လျှောက်လိုက်ရဘိ၊ သူ့ပီတိမို့
သီရိသီရိန်၊ ဘဝအိမ်ပင်။
သီချင်းဆိုရင်း၊ လမ်းလျှောက်ရင်းနှင့်
အိုမင်းလာဘိ၊ ငါမသိဟု
မသိကျွန်ပြု၊ သူပျိုနုသည်
သာဓုကောင်းစွ ဟူအံ့လော။ ။
၁၉၉၉ ခုနှစ် သြဂုတ်လမှာ ဆရာ မြန်မာပြည်ပြင်ပကို စတင်ထွက်ခွာခဲ့ပါတယ်။ သမီးဖြစ်သူရှိရာ ဘယ်လ်ဂျီယံကို စတင်ထွက်ခွာခဲ့တာဖြစ်ပေမယ့် ၆၆ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ အဲဒီနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ ဆရာက နော်ဝေနိုင်ငံ အော်စလိုမြို့ကို ရောက်နေပါတယ်။ အဲဒီမွေးနေ့မှာ ‘အဖိုးမျှော်မှန်း သာစခန်း’ ဆိုတဲ့ကဗျာ ရေးသားခဲ့ပြီး အသက်အရွယ် အိုမင်းလာပေမယ့် တိုင်းပြည်အတွက် ရင်မအေးဖြစ်ရပုံကို အခုလို ရေးခဲ့ပါတယ်။
အဖိုးမျှော်မှန်း သာစခန်း
အတ္တ အစေးအမျှင်တွေနဲ့
လေးပင်နေတဲ့ ခန္ဓာကိုယ်
နေညိုချိန် ဂိတ်ပေါက်သို့
တဆိတ်ရောက်ခဲ့ပြီ။
အိတ်ပေါက်နဲ့ ဖားကောက်နေတုန်း
ခါးကုန်း သူအိုပါတကား။
သူပြုခဲ့သမျှ
ကောင်းမှု မကောင်းမှု အထုပ်အပိုး
မသိုးထမင်း မသိုးဟင်းကို စားကာ
အားဖြည့်ပြီး ဆက်လျှောက်ရင်း
နေထန်းတဖျား ရောက်ခဲ့ပေါ့။
နော်ဝေတောင်ကုန်း၊ နေလုံး မေးတင်ချိန်မှာ
ခရီးစဉ် ရှေ့ဆီမှန်းလို့
စခန်းသာကို ရောက်နိုးနိုးနဲ့
အဖိုး ပုတီး မစိပ်နိုင်သေးပါတကား။ ။
ဆရာတင်မိုးအတွက် မွေးနေ့ပွဲကို ပထမဆုံး ကျင်းပပေးခဲ့သူက သူ့ရဲ့သူငယ်ချင်း ဂုဏ်ထူး ဦးသိန်းနိုင် လို့ စာရေးဆရာ မောင်စွမ်းရည်က ပြောပြဖူးပါတယ်။ အဲဒီလို စတင်ခဲ့ရာက နှစ်တိုင်းလိုလို ဆရာ့ရဲ့မွေးနေ့ပွဲကလေးတွေ ရှိခဲ့ပါတယ်။ အခု ဆရာ့ရဲ့စိန်ရတုမွေးနေ့ပွဲမှာတော့ မြန်မာမှုနဲ့ မြန်မာပြည်ကို ချစ်တဲ့ဆရာ မရှိတော့ပါဘူး။ ဒါပေမယ့် ရိုးသားတဲ့ဆရာ့ရဲ့ ကဗျာရွတ်ဆိုသံတွေ စကားသံတွေက သူ့ကိုချစ်တဲ့ မိတ်ဆွေတွေ၊ တပည့်တွေ၊ ပရိသတ်တွေရဲ့ စိတ်အာရုံမှာ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ။
၁၇၊ ၁၁၊ ၂ဝဝ၈
No comments:
Post a Comment