"ဇာတိမြို့ကို ပြန်ခါနီး မြို့က အစဉ်အလာကြီးသူ တော်လှန်ရေး၊ နိုင်ငံရေးသမားကြီးတဦးနဲ့ တွေ့ကြပါတယ်။ သူ့ကို အဖေလို၊ ဦးကြီးလို ခင်မင်လေးစားရသူလည်း ဖြစ်ပါတယ်။ တွေ့တော့ အဖိုးကြီးက ၁/၉၀ ကို လက်မှတ် ထိုး၊ မထိုး မေးပါတယ်။ ကျနော်တို့က ထိုးလိုက်တဲ့အကြောင်း၊ ဘာကြောင့်၊ ဘယ်သို့ ထိုးလိုက်တာဖြစ်တဲ့အကြောင်း တနံတလျား ရှင်းပြခဲ့ပါတယ်။ အသေအချာ နားထောင်နေပြီးမှ သူပြန်ပြောလိုက်တဲ့ စကားကတော့ တိုတိုကလေးရယ်ပါ ..."
၁၉၉၀ ဇူလိုင်လထဲမှာပဲ အင်းစိန် အကျဉ်းထောင်မှနေ လွတ်မြောက်လာခဲ့ပါတယ်။ ဇာတိမြို့ကလေးကို ပြန်ရောက်တော့ ကျောင်းသားပါတီ နိုင်ငံရေးကိုပဲ ပြန်လုပ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အမည်မှသည် မျိုးချစ်ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစု (မြန်မာနိုင်ငံ) ဆိုပြီး ဖြစ်သွားပါတယ်။ တော်လှန်သော လူ့ဘောင်သစ်လို့လည်း လူသိများပါတယ်။ ပါတီကို ခေါင်းဆောင်ကြသူတွေ၊ ပါတီဝင်တွေကလည်း အရင်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေချည်းပါ။ ပါတီတခုတည်းမှာ လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အင်းစိန် (၅) တိုက်ထဲမှာ ရဲဘော်ဂျင်မီနဲ့ တွေ့ခဲ့ပါတယ်။ အောင်သန်းဦး (အရိုင်း) နဲ့ကလည်း တတိုက်တည်းပါ။ အောင်သန်းဦးက အထဲပြန်ဝင်ရတာ မကြာသေးတော့ မျိုးချစ် ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု အကြောင်းကို သေသေချာချာ သိပါတယ်။ သူပြောပြမှ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအောင်နိုင်ရေးအတွက် စည်းရုံးရေးခရီးတွေ ထွက်ကြတဲ့အကြောင်းကို သိရပါတယ်။ မကွေး၊ မင်းဘူး အညာဘက်ကို ထွက်ကြတာပါ။
မြို့ကလေးမှာ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်ရှင်သန်လာလို့ အာဏာပိုင်တွေက အလေးထား စောင့်ကြည့်ခြင်းကို ခံလာရပါတယ်။ ဒီလိုနဲ့ ၁၉၉၀ ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဂန္ဓီခမ်းမ အစည်းအဝေးကြီး လုပ်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာ နဝတ စစ်အုပ်စုကလည်း ၂၇ ရက် ဇူလိုင် ၁၉၉၀ နေ့စွဲနဲ့ ကြေညာချက် အမှတ် (၁/၉၀) ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုစဉ်က အာဏာလက်စောင်းထက်နေတဲ့ နဝတ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွှန့် လက်မှတ်ထိုးပြီး ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဂန္ဓီခမ်းမ အစည်းအဝေးကို ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။ ဂန္ဓီခမ်းမ ကြေညာစာတမ်း ထွက်လာပါတယ်။ ၂၉ ရက်နေ့ ဇူလိုင်လ၊ ၁၉၉၀ နေ့စွဲနဲ့ပါ။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ ၄၈၅ မှာ ၃၉၂ နေရာ အနိုင်ရရှိတဲ့အတွက် ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် တတိုင်းပြည်လုံး ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တယ်။ ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း ၆၀ တိုင်သော်လည်း နဝတ က ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးခြင်း မရှိသေးကြောင်း၊ တိုင်းပြည်မှာ အထွေထွေ အကြပ်အတည်း ဆိုက်နေကြောင်း။ ပြည်သူ့ဆန္ဒအရ ရွေးကောက်တင်မြောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ရွေးကောက်ပွဲ ဥပဒေပါ အခွင့်အရေးအရ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုမယ်။ ဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရေးဆွဲထားပြီးလည်း ဖြစ်တယ်။ ပြီးရင် ဒီမိုကရေစီ အစိုးရသစ် ဖွဲ့မယ်။ ဒါကို နဝတ က အမြန်ဆုံး (၁၉၉၀ စက်တင်ဘာလအတွင်း) ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
နဝတရဲ့ ကြေညာချက် အမှတ် (၁/၉၀) ကလည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဖြစ်တဲ့အတွက် ဒါကို နဝတ က လုပ်ပေးမယ်။ အခြေခံဥပဒေတရပ်ကို အရင် ရေးဆွဲရမယ်။ ရွေးးကောက်ပွဲအပြီးမှာ လွှတ်တော်ခေါ်ယူရေး၊ အာဏာလွဲပြောင်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စာစောင်များ ထုတ်ဝေနေခြင်း၊ ဆွေးနွေးငြင်းခုန်ခြင်း၊ ပြည်ပ အသံလွှင့်ဌာနများမှ ရှေ့ဆောင်လမ်းပြလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တရားမဝင် စာရွက်စာတမ်းများ ထုတ်ဝေခြင်းများ ပြုလုပ်နေကြတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင်ရေးဆွဲမယ် ဖြစ်ပါတယ်။ ကြေညာချက်မှာ အချက် (၂၁) ချက်ပါပါတယ်။ အားလုံးနီးပါးဟာ သူ့ကိုယ်သူ ကိုယ်ရည်သွေးတာ၊ ဒီမိုကရေစီအင်အားစုတွေကို ခြိမ်းခြောက်တာတွေ ဖြစ်ပြီး။ အဆုံးသတ်မှာ ...
‘နိုင်ငံတော်အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာမည့် အစိုးရတရပ် မဖွဲ့စည်းမီ ကြားကာလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အနေဖြင့်(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တဲ့ခိုင်မြဲရေးဟူသည့်အရေး (၃) ပါး။ (ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် (၁/၈၈) တွင်ပါရှိသော တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး စသည့် လုပ်ငန်းတာဝန်ကြီး (၄) ရပ်အနက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးတာဝန်မှအပဖြစ်သော လုပ်ငန်းတာဝန်ကြီး (၃) ရပ် နှင့် (ဂ) မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို အလေးဂရုပြု ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။´ ဖြစ်ပါတယ်။
နဝတရဲ့ ကြေညာချက်ဟာ ဒီမိုကရေစီ အင်အားစုတွေအပေါ် စစ်အာဏာရှင်ပီပီ အပေါ်စီးကနေ စိမ်ခေါ်လိုက်တာဖြစ်ပြီး တရားဝင် မှတ်ပုံတင်ထားတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းများ၊ ပါတီများကိုလည်း ဒီမိုကရေစီ နိုင်ငံရေး လုပ်မရအောင် ကွပ်ညှပ်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ နဝတဟာ ၈၈၈၈ အရေးတော်ပုံကြီးကြောင့် နိုင်ငံရေးမှာ ခံစစ်နေရာ ရောက်နေတာပါ။ အသက်ငင်နေတယ်လို့ ပြောရင်တောင် မမှားနိုင်ပါဘူး။ လွတ်မြောက်နယ်မြေက လက်နက်ကိုင် စစ်ပွဲတွေမှာလည်း အဆုံးရှုံးကြီးစွာနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံတကာ ဆက်ဆံရေးကျတော့လည်း မျက်နှာချိုသွေးလို့ရရင် ညိုမြလုပ်နေရတဲ့ အခြေအနေပါ။ ဒီကြားထဲ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲနဲ့ ဒေသန္တရ နိုင်ငံရေးက သူတို့ရဲ့ တနပ်စားဉာဏ်ကို ထွက်ပေါက်ပေးလိုက်သလို ဖြစ်သွားခဲ့တာပါ။
ဒီမိုကရေစီဘက်က အရေးတော်ပုံကြီးရဲ့ သင်ကြားချက်ကို နိဂုံးမချုပ်နိုင်ခဲ့ပါဘူး။ အားကောင်းတဲ့ ညီညွှတ်ရေး မတည်ဆောက်နိုင်ခဲ့ပါဘူး။ တိုက်ပွဲတိုင်း တိုက်ပွဲတိုင်းမှာ လူထုဘက်က သွေးတွေ၊ အသက်တွေရင်းပြီး တာဝန်ကျေမြဲ ကျေလျက်ပါ။ ဝိဒူရ သခင်ချစ်မောင်ကလည်း နိုင်ငံမှာ လူမျိုးစု ၁၀၀ ကျော်ရှိတယ်။ ဒီမိုကရေစီ အစိုးရသစ်က ဘယ် အခြေခံဥပဒေနဲ့ အုပ်ချုပ်မှာလဲ။ ကျုပ်တို့ကတော့ ခြံထဲက အော်ခွင့်မရရင် ခြံပြင်က အော်မှာပဲ လို့ ပြောခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာဖြစ်ပါတယ်။ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းပြီးကာစ ဝိဒူရသခင်ချစ်မောင် ပြောခဲ့တဲ့ သမိုင်းဝင်စကားနဲ့ သမိုင်းဝင် ဘွဲ့ထူးကိုတော့ လူတိုင်းသိပြီးသားမို့ ထူးပြီး ပြောမနေချင်တော့ပါဘူး။
နဝတ စစ်အုပ်စုက ဂန္ဓီခမ်းမ ကြေညာချက်ရဲ့ စက်တင်ဘာလအတွင်း လွှတ်တော်ခေါ်ပေးရမယ်ဆိုတာကို ဘာမျှ မတုံ့ပြန်ခဲ့သလို အသိအမှတ်လည်း မပြုခဲ့ပါဘူး။ ခေတ်စကားနဲ့ ပြောရရင် မင်းတို့ရဲ့ တောင်းဆိုချက်တွေ နားလိုက်၊ ကိုင်းကြီးကြီးမှာ နားလိုက်ဆိုတဲ့ သဘောပါ။ စစ်အုပ်စုက သူ့အလုပ် သူ ဆက်လုပ်ပါတယ်။ သူထုတ်ပြန်ထားတဲ့ ၁/၉၀ ကြေညာချက်ကို ဒီမိုကရေစီပါတီတွေက သိရှိလိုက်နာပါမည်ဖြစ်ကြောင်း သဘောတူ လက်မှတ်ထိုးဖို့ ဖိအားပေး တောင်းဆိုလာပါတယ်။ ပါးလည်း အသားလွတ်ရိုက်သေး၊ ထိုင်ပြီးတော့လည်း တောင်းပန်ခိုင်းသေး လုပ်ပေါက်ပါ။
၁/ ၉၀ ကို မိမိတို့ ပါတီကလည်း လက်မှတ်ထိုးလိုက်ရပါတယ်။ ပါတီ ရပ်တည်နိုင်သမျှ ရပ်တည်နိုင်ရေးအတွက် နည်းပရိယာယ်အရ ထိုးခဲ့တယ်လို့ ဗဟိုက ရှင်းပြပါတယ်။ ဘယ်လိုပဲ အကြောင်းပြသည်ဖြစ်စေ လက်မှတ်ထိုးတာ မှန်သလား၊ မှားသလားဆိုတာကိုတော့ ပါတီထဲ ရှင်းဖို့လိုလာပါတယ်။ အကြေအလည် ဆွေးနွေးကြပြီး လက်မှတ်ထိုးခဲ့တာ မှားတယ်။ ပါတီရဲ့ လက်တွေ့အကြပ်အတည်းနဲ့ ရပ်တည်ရေးအတွက် ထိုးခဲ့တယ်။ နိုင်ငံရေးအလုပ်တွေကို အရှိန်မြင့် ဆက်လုပ်ကြမယ် ဖြစ်ပါတယ်။
မှတ်မိနေပါသေးတယ်။ အဲဒီ လက်မှတ်ထိုးကြချိန်က ရန်ကုန်ကို ရောက်နေချိန်ပါ။ ဇာတိမြို့ကို ပြန်ခါနီး မြို့က အစဉ်အလာကြီးသူ တော်လှန်ရေး၊ နိုင်ငံရေးသမားကြီးတဦးနဲ့ တွေ့ကြပါတယ်။ သူ့ကို အဖေလို၊ ဦးကြီးလို ခင်မင်လေးစားရသူလည်း ဖြစ်ပါတယ်။ တွေ့တော့ အဖိုးကြီးက ၁/၉၀ ကို လက်မှတ် ထိုး၊ မထိုး မေးပါတယ်။ ကျနော်တို့က ထိုးလိုက်တဲ့အကြောင်း၊ ဘာကြောင့်၊ ဘယ်သို့ ထိုးလိုက်တာဖြစ်တဲ့အကြောင်း တနံတလျား ရှင်းပြခဲ့ပါတယ်။ အသေအချာ နားထောင်နေပြီးမှ သူပြန်ပြောလိုက်တဲ့ စကားကတော့ တိုတိုကလေးရယ်ပါ ....
“မင်းတို့နှယ်ကွာ ... လက်မှတ်မထိုးရင် မင်းတို့ကို မသတ်ပါဘူးကွ ...”
လွမ်းမော သတိရလျက်ပါ ဦးလေးရေ ....။
ကမာပုလဲ
၁၃၊ ၁၂၊ ၂၀၁၁။
No comments:
Post a Comment