Monday, December 12, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၀)

အိပ်ယာဝင်ပုံပြင်များနဲ့ မျိုးချစ်စိတ်

အဖိုးငယ်ငယ်က အဖိုးရဲ့ အဘိုး၊ အဘွားတွေက အိပ်ယာဝင်တိုင်း သူတို့ခေတ်က အကြောင်းတွေကို ပြောပြောပြတယ်။ သူတို့ပြောတဲ့အကြောင်းတွေကို အဖိုးက သိပ်စိတ်ဝင်စားတာ။

အဖိုးရဲ့အဘိုးက “ငါတို့ ကျန်ရစ်ခဲ့တာ ပုန်းနေလို့။ မပုန်းရင် သေကုန်ပြီ။ ဒါကြောင့် မင်းတို့မျိုးဆက်ကို တွေ့ရတာပေါ့။ ဟိုတုန်းက လူလွတ်တွေ မပြောနဲ့။ ဗိုက်ကြီးသည်တွေကိုတောင် ဗိုက်ကို ဓားနဲ့ ထိုးခွဲတာ။ ကလေးတွေကို အမြင့်ပေါ်မြှောက်တင် အောက်ကနေ ဓားနဲ့ ထောက်ထားပြီး ဓားတမ်း၊ လှံတမ်း ကစားသလိုမျိုးလုပ်တာ” အဘိုးက ပြောပြတာ အများကြီးပဲ။

အဖိုးက အနားမှာရှိနေတဲ့ အဖွားကို “အဖိုး ပြောတာတွေ ဟုတ်သလား အဖွား” လို့မေးတော့ အဖွားက “ဟုတ်တာပေါ့” တဲ့။ အဖိုး မခံမရပ်နိုင် တော်တော်ဖြစ်တယ်။

“ဘာကြောင့် ငါတို့ ကရင်တွေကို ဒီလိုလုပ်ရတာလဲ။ တို့မှာ ဘာအပြစ်ရှိလို့လဲ”

ဒီလို အဖိုးက စဉ်းစားတယ်။ အဲဒီတုန်းက အဖိုးအသက်က ငယ်ငယ်ပဲ ရှိသေးတာကိုး။ နိုင်ငံရေးတွေ ဘာတွေ ဘယ်နားလည်အုံးမှာလဲ။ ကလေးတယောက်လိုပဲ တွေးတာပေါ့။

ညဘက်တွေဆို အဘိုးတွေ၊ အဘွားတွေ ပြောပြတာကို အဖိုး မျက်လုံးထဲမှာ မြင်ယောင်ကြည့်တယ်။ အဖိုး တော်တော်နဲ့ အိပ်မပျော်ဘူး။ ဒီအရွယ်ထဲက ကိုယ့်လူမျိုးတွေ ခံစားရတာတွေကြားရတော့ အဖိုးရင်ထဲမှာ မခံချင်စိတ်ဖြစ်မိတယ်။

မျက်ရည်ပေါက်ပေါက်ကျတဲ့ နေ့

အဘိုးအဘွားတွေ အိပ်ယာဝင်ချိန်မှာ ပြောပြောပြတဲ့ အကြောင်းအရာတွေက အဖိုးစိတ်ထဲမှာ တော်တော်စွဲတယ်။ စိတ်လည်း စိတ်ဝင်စားတယ်။ စိတ်လည်း မကောင်းဘူး။ အဖိုးရင်ထဲမှာလည်း တနုံ့နုံ့နဲ့။ အမေဆုံးတော့ အဖိုးက အဘိုး အဘွားတွေနဲ့ နေရတာပေါ့။ ကျောင်းနေတာကတော့ အဒေါ်ရှိတဲ့ရွာမှာ နေတယ်။ တခါတလေလည်း အဘိုးအဘွားတွေရှိတဲ့ ရွာကို ပြန်တယ်။ သိပ်မှ မဝေးပဲ။

အဲဒီညက အဘိုးတွေ အဘွားတွေ ပြောပြတဲ့ အကြောင်းတွေကို နားထောင်ပြီးတော့ အဖိုး တညလုံး အိပ်လို့မရဘူး။ အကြာကြီးနေမှ အဖိုး အိပ်ပျော်သွားတာ။ 

မနက်မိုးလင်းတာနဲ့ မျက်နှာသစ်ပြီး ရှိတဲ့ထမင်းကြမ်းခဲကို စားပြီး၊ အဖိုး ဟိုဘက်ရွာကိုပြန်သွားတယ်။ အိမ်ရောက်တာနဲ့ လွယ်အိတ်ယူပြီး ကျောင်းသွားတာပဲ။

အဲဒီတုန်းက အဖိုး ပထမတန်းပေါ့။ အဖိုး အိမ်ရှေ့တံစက်မြိတ်ဝအရောက်မှာ အဒေါ်က “ကျောင်းသွားတော့မလား” လို့ လှမ်းမေးတာကို “ဟုတ်ကဲ့” လို့ တလုံးထဲပြောပြီး ခေါင်းကြီးငုံ့ပြီး စိုက်စိုက်နဲ့ ကျောင်းကိုတန်းသွားတာပဲ။ အရင်က ကျောင်းသွားရင် တော်တော်နဲ့ ကျောင်းကိုမရောက်ဘူး။ သူငယ်ချင်းအိမ်တွေ တအိမ်ပြီးတအိမ်ဝင်ပြီးမှ ကျောင်းကိုရောက်တာ။ တခါတလေလည်း ကျောင်းနောက်ကျတာပေါ့။ ကျောင်းလည်းရောက်ရော ဘယ်ပြောကောင်းမလဲ။ ဗမာကလေးတယောက်ကို မြင်တာနဲ့ နပမ်းဝင်လုံးပြီး ထိုးတော့တာပဲ။

အဖိုးတို့ကျောင်းမှာက ဗမာကလေးတအုပ်၊ ကရင်ကလေးတအုပ် အဲ့ဒီလိုရှိတာ။ ပထမတော့ အဖိုးက အောက်က။ သူက အဖိုးရဲ့လည်ပင်းကို ညှစ်ထားတယ်။ ဒီကောင်က အဖိုးထက် အရပ်အမောင်း ကောင်းတယ်။ နောက် ထိုးရင်းထိုးရင်းနဲ့ အဖိုးက သူ့အပေါ်ရောက်သွားတယ်။ အဲ့ဒီအချိန်မှာပဲ ကျောင်းခေါင်းလောင်းထိုးသံ ကြားရတယ်။ တခြားကလေးတွေ ကျောင်းခန်းထဲ ပြေးဝင်ကုန်ကြပြီ။ အဖိုးတို့က မဝင်သေးဘူး။ ဆက်ထိုးနေကြတယ်။

“ငါ သေအောင်သတ်မယ်။ နင်တို့ ဗမာတွေကို” အဖိုးက ဒီလိုကြိမ်းတာ။

ကျောင်းခန်းထဲဝင်သွားတဲ့ ကျောင်းသားတွေက
“ကျော်သောင်းတို့ ထိုးနေကြပြီ။ ကျော်သောင်းတို့ ထိုးနေကြပြီ” လို့ ဆရာကို သွားတိုင်တာပေါ့။ ဆရာရောက်လာပြီး …

“ဟေ့ကျော်သောင်း ခေါင်းလောင်းထိုးတာမကြားဘူးလား” လို့ အသံခပ်မာမာနဲ့ မေးတော့မှ အဖိုးတို့ထိုးတာ ရပ်သွားတယ်။ ဆရာက “လာ လာ”ဆိုပြီး ကျောင်းခန်းထဲခေါ်သွားတယ်။ အဖိုးတို့နှစ်ယောက် ဆရာနောက်က ကုပ်ကုပ်နဲ့လိုက်သွားတယ်။ ဆရာက ဗမာကလေးကို အရင်မေးတယ်။

“မင်းတို့ ဘာဖြစ်တာလဲ”

ဗမာကလေးက “မသိဘူး ဆရာ။ သူ ကျောင်းဝင်းထဲရောက်တာနဲ့ ကျနော်ကို စထိုးတာပဲ”

အဖိုးကို ဆရာက ဟုတ်လားလို့ မေးတော့ အဖိုးက မလိမ်ဘူး။ ဟုတ်တယ်ဆရာလို့ ပြန်ဖြေတယ်။ ဆရာက 

“မင်း ဘာဖြစ်လို့ ထိုးတာလဲ”

“ကျနော် စိတ်နာလို့”

“မင်းဘာဖြစ်လို့ စိတ်နာတာလဲ”

“ဒါတော့ ကျနော် မသိဘူး”

“မသိလို့ ရမလားကွ”

ဒါနဲ့ဆရာက ကြိမ်လုံးယူပြီးတော့ အဖိုးခြေသလုံးနဲ့ ပေါင်ကို တဝီးဝီးနဲ့ ချတော့တာပဲ။ အဲဒီအချိန်မှာ အဖိုး မျက်ရည်တပေါက်မှ မကျသေးဘူး။ ဆရာက မေးလိုက်ရိုက်လိုက်နဲ့ ၁၅ မိနစ်လောက် ကြာတယ်။ အဖိုးက တခွန်းမှ မပြောဘူး။

အတန်းထဲမှာ အဖိုးနေရာက ရှေ့နည်းနည်းကျတယ်။ အနောက်မှာရှိတဲ့ ဗမာကလေးကို လှည့်ကြည့်ပြီးတော့မှ အဖိုး မျက်ရည်ပေါက်ပေါက်ကျလာတယ်။ အဖိုးကိုရိုက်တဲ့ ဆရာက ကရင်ပဲ။ စကောကရင်။ “ဆရာ စောသီ” တဲ့။ ဆရာက အဖိုးကို တော်တော်ချစ်တယ်။ အဖိုးက ဉာဏ်ကောင်းပြီး စာတော်တာကိုး။ အဲဒီနေ့က အဖိုး အရိုက်ခံရတာကို အဘွား သိသွားတာပေါ့။ အဘွားက အဖိုးကို တော်တော်ချစ်တာ။

“အဘွားက မင်း ဒီလောက်တောင် စိတ်ကြီးရလား ဖိုးခွားရယ်” လို့ ပြောပြီး အဖိုး ခြေသလုံးက ဒဏ်ရာတွေကို နနွင်းလိမ်းပေးတယ်။ အဲဒီနေ့က အဘွားက အဖိုးကို ဆုံးမတယ်။

“ရန်ဖြစ်တာ မကောင်းဘူး။ နောက် ရန်မဖြစ်ရဘူး” တဲ့။

အဖိုးက “ကျနော် ရန်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကျနော် ဗမာတွေကို စိတ်နာတယ်” လို့ပြောတော့ အဘွားက “မင်းသွားထိုးတဲ့ ဗမာကလေးမှာ ဘာအပြစ်ရှိလို့လဲ။ မင်းသွားထိုးတော့ ဘယ်ကောင်းမလဲ”လို့ အဖိုးကို ဆုံးမတယ်။

အချိန်နည်းနည်းကြာသွားတော့ အဘွားပြောတာ မှန်တာပဲလို့ အဖိုး စိတ်ပြေသွားတယ်။ အဖိုးက ဗမာကလေးကို မုန်းလို့တော့ မဟုတ်ပါဘူး။ အဖိုးစိတ်ထဲမှာ မခံချင်တဲ့စိတ်၊ ကိုယ့်အမျိုးသားတွေကိုထိရင် မခံချင်တဲ့စိတ်က ငယ်ငယ်လေးထဲက ရှိတာ။ မတရားတာကို အဖိုးက ခေါင်းငုံ့မခံတတ်ဘူး။ ဒီစိတ်တွေကြောင့်လည်း အဖိုး တော်လှန်ရေးထဲ ရောက်တာပေါ့။ တော်လှန်ရေးထဲမှာ မတရားတာရှိရင်လည်း အဖိုးက ခေါင်းငုံ့မခံဘူး။ အဖိုးက ပြန်ပြောတာပဲ။

ဆက်လက်ဖော်ပြပါမယ်။ 



No comments: