Saturday, December 3, 2011

သန်း ခုနစ်ထောင် (ရွှေဇီးကွက်)


 ကျမတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးရှိပြီး အဲ့ဒီနိုင်ငံတွေမှာ မှီတင်းနေထိုင်ကြတဲ့ လူဦးရေဟာ တစ်နေ့တစ်ခြား တိုးပွားများပြားလာတာ အခုဆိုရင် ကမ္ဘာ့လူဦးရေ စုစုပေါင်း သန်း ၇၀၀၀ ကို ရောက်ရှိလို့နေပါပြီ။ ဒါပေမယ့် အဲ့ဒီလောက်များပြားလှတဲ့ လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီခြင်း လုံးဝ မရှိကြပါဘူး။ 

 နိုင်ငံတစ်ခုစီမှာ ပေါက်ဖွားနေထိုင်ကြတဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ အသားအရည်၊ မျက်လုံး၊ ဆံပင်တွေရဲ့ အရောင်အဆင်း၊ အသွင်အပြင်တွေ၊ အရပ်အမောင်း အနိမ့်အမြင့်တွေ၊ ကိုယ်လုံးကိုယ်ထည် ဆူကျုံမှုတွေ၊ အရိုးအဆစ် အချိုးအဆက်တွေ၊ လှုပ်ရှားမှုဟန်ပန် အမူအယာတွေဟာ ကွဲပြားခြားနားလို့နေကြပါတယ်။ လူတစ်ယောက်ကို တွေ့မြင်လိုက်ရုံနဲ့ ဘယ်နိုင်ငံသားရယ်လို့ အနည်းဆုံး ဥရောပတိုက်သားလား၊ အရှေ့အလယ်ပိုင်းသားလား၊ အရှေ့တောင်အာရှသားလား၊ အမေရိကတိုက်သားလား၊ အာဖရိကတိုက်သားလား၊ တရုတ်ပြည်သားလား၊ အိန္ဒိယပြည်သားလားဆိုတာတော့ ခွဲခြားလို့ သိနိုင်ကြပါတယ်။ နိုင်ငံချင်းမတူမှ ကွဲလွဲသလားဆိုတော့ မဟုတ်ပါဘူး။ တစ်နိုင်ငံတည်းသားချင်းမှာ လူမျိုးစုချင်းမတူကြရင် ကွဲပြားကြပြန်ပါတယ်။ ဥပမာ - မြန်မာတစ်နိုင်ငံတည်းမှာ စုပေါင်းနေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးစုတွေဟာလည်း တစ်စုနဲ့တစ်စု သွင်ပြင်လက္ခဏာတွေ မတူကြပါဘူး။ 

ဒီလိုနိုင်ငံချင်း၊ လူမျိုးစုချင်း မတူမှလားဆိုတော့ မဟုတ်ပြန်ဘူး။ နိုင်ငံတစ်နိုင်ငံတည်းသားချင်း၊ လူမျိုးစုတစ်စုတည်းသားချင်းမှန်း သိသာရုံဆင်ကြပေမယ့် တကယ်တမ်း တစ်ယောက်ချင်းကြည့်ပြန်တော့ ရုပ်ရည် ချောမောလှပသူ၊ ရုပ်ဆိုး အကျည်းတန်သူ၊ အရပ်မြင့်သူ၊ နိမ့်သူ၊ ပိန်သူ၊ ဝသူ၊ အချိုးအဆစ်ပြေပြစ်သူ၊ မပြေပြစ်သူ၊ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ ကလေးဆိုပြီး အမျိုးမျိုးကွဲပြားနေကြပြန်ရော။ တစ်အူတုံဆင်း အမွှာမို့ ရုပ်ရည်ချင်းခွဲမရအောင် ချွတ်စွတ်တူနေရင်တောင်မှ လက်ဗွေရာတို့၊ မျက်ကြည်လွှာ(retina) တို့ကမတူ ကွဲပြားနေကြလို့ အခုဆို ဒါတွေကို လူတစ်ယောက်ချင်းစီရဲ့ အမှတ်အသား၊ အမှတ်တံဆိပ်အဖြစ် အသုံးပြုနေတာဟာ ကမ္ဘာနဲ့တလွှားပါပဲလေ။ ဒါတွေဟာ ကျမတို့ အလွယ်တကူ တွေ့မြင်နေကြရတဲ့ လူသားအားလုံးရဲ့ မတူညီတဲ့ ဗဟိဒ္ဓရုပ်ရည် သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်လောက်ကြီးပဲ ကွဲပြားခြားနားတယ်ပြောပြော ဒီလူသားအားလုံးဟာ အဆင်းဆိုတဲ့ ရူပါရုံ၊ အသံဆိုတဲ့ သဒ္ဒါရုံ၊ အနံ့ဆိုတဲ့ ဂန္ဓာရုံ၊ အရသာဆိုတဲ့ ရသာရုံ၊ အထိအတွေ့ဆိုတဲ့ ဖောဋ္ဌဗ္ဗါရုံ၊ အတွေးအကြံဆိုတဲ့ ဓမ္မာရုံ အစရှိတဲ့ အာရုံ ၆ ပါးကို ကိုယ့်ရဲ့မျက်စိဆိုတဲ့ စက္ခုဒွါရ၊ နားဆိုတဲ့ သောတဒွါရ၊ နှာခေါင်းဆိုတဲ့ ဃာနဒွါရ၊ လျှာဆိုတဲ့ ဇိဝှါဒွါရ၊ ကိုယ်ဆိုတဲ့ ကာယဒွါရ၊ စိတ်ဆိုတဲ့ မနောဒွါရတွေနဲ့ လက်ခံခြင်း၊ တုန့်ပြန်ခြင်းဆိုတဲ့ အလုပ် ၆ မျိုးကိုသာ နေ့စဉ် လုပ်ကိုင်နေရတာချင်းကတော့ အတူတူပါပဲ။ ဒီလို လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အာရုံတွေဟာ အတူတူဖြစ်နေကြပေမယ့် လူတစ်ယောက်ချင်းစီရဲ့ လက်ခံပုံချင်း၊ တုန့်ပြန်ပုံချင်းကြတော့ မတူကြပြန်ပါဘူး။ အဲ့ဒီလိုမတူကြရခြင်းရဲ့ မူလ အကြောင်းအရင်း(root cause) ကတော့ လူတစ်ယောက်ချင်းစီရဲ့စိတ်မှာ အမြင်မှားဆိုတဲ့ အတ္တ(ငါ)နဲ့ စွဲယူထားတဲ့ ဥပါဒါန်အစွဲကြီးခြင်း၊ မကြီးခြင်းအပေါ်မူတည်ပြီး အတ္တစွဲကြီးသူတို့မှာ အကုသိုလ် စေတသိက်တရားတွေနဲ့ အနေများပါတယ်။ အတ္တစွဲနည်းသူတို့မှာတော့ ကုသိုလ်စေတသိက်တရားတွေနဲ့ အနေများကြပါတယ်။ အတ္တနဲ့စွဲယူမှု
ဥပါဒါန်အားကြီးသူတွေရဲ့ စိတ်သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟနဲ့ယှဉ်တဲ့ အကုသိုလ်စေတသိက်တွေဟာ အားသန်ကျက်စားလွယ်နေတော့ သူတို့ဟာ သူတို့နဲ့ကြုံတွေ့နေရတဲ့အာရုံတွေကို အကုသိုလ်စေတသိက် လွှမ်းမိုးတဲ့ စိတ်တွေနဲ့ လက်ခံ၊ တုန့်ပြန်တတ်ကြပါတယ်။ အတ္တနဲ့စွဲယူမှု ဥပါဒါန်နည်းပါးတဲ့သူတွေရဲ့ စိတ်သဏ္ဍာန်မှာ အလောဘ၊ အဒေါသ၊ အမောဟနဲ့ယှဉ်တဲ့ ကုသိုလ်စေတသိက်တွေက အားသန်ကျက်စားလွယ်နေတော့ သူတို့ဟာ သူတို့နဲ့ကြုံတွေ့ရသမျှ အာရုံတွေကို ကုသိုလ်စေတသိက်လွှမ်းမိုးတဲ့စိတ်နဲ့ လက်ခံ၊ တုန့်ပြန်တတ်ကြပါတယ်။ 

လူအများစုဟာ ရုပ်နဲ့စိတ်(နာမ်)မှာ ရုပ်က ပြုပြင်ရလွယ်ကူပြီး စိတ်(နာမ်)က ပြုပြင်ရခက်ခဲတယ်လို့ ယူဆ လက်ခံထားကြပါတယ်။ တကယ်တော့ ရာသီဥတုကြောင့် ပူနေတဲ့ရုပ်တွေကို အေးသွားအောင် ယပ်ခပ်တာမျိုး၊ Aircon ဖွင့်ပြီးပြုပြင်တာမျိုး၊ အေးနေတဲ့ ရုပ်တွေကို စောင်ခြုံ၊ အနွေးထည်ဝတ်ပြီးပြုပြင်တာမျိုး၊ ညောင်းညာတောင့်တင်းနေတဲ့ ရုပ်တွေကို လေ့ကျင့်ခန်းလုပ်၊ အနှိပ်အနင်းခံပြီး ပြုပြင်တာမျိုးတွေဟာ လွယ်ကူပေမယ့် အလေးချိန်ပေါင် အရမ်းများနေတဲ့ လူတစ်ယောက်ကို ပေါင် ၅၀ လောက်ကျသွားအောင်၊ အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ် ဇရာအိုတစ်ယောက်ကို အသက်နှစ်ဆယ်၊ သုံးဆယ်အရွယ် နုပျိုသွားအောင်၊ ကိုယ်တစ်ခြမ်းလေပြတ်လို့ မလှုပ်နိုင်သူကို ပြန်ကောင်းသွားအောင် ပြုပြင်ဖို့က လုံးဝ မလွယ်ပါဘူး။ 

စိတ်၊ စေတသိက်တွေရဲ့ ပရမတ်သဘောတရားတွေကို သေသေခြာခြာနားလည်လာလို့ သတိ၊ ပညာကိုသာ ဝီရိယအားကောင်းကောင်းနဲ့ စွဲမြဲနေစေနိုင်ရင် စိတ်(နာမ်)ကို ဉာဏ်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာရယ်လို့ သဘောပေါက်လာမှာပါ။ ဒေါသကြောင့် သတ်မိတော့မဲ့စိတ်ကို သတိဉာဏ်ပညာနဲ့ လူသတ်ချင်တဲ့ဒေါသ ပျောက်သွားအောင်၊ လောဘကြောင့် သူတစ်ပါးဥစ္စာကို မတရားရယူချင်တဲ့စိတ်ကို သတိဉာဏ်ပညာနဲ့ မတရားရယူတော့မယ့် လောဘကင်း သွားအောင်ပြောင်းလဲပြစ်ဖို့က သတိဉာဏ်နဲ့ ဝီရိယအားကောင်းပေါ်မူတည်ပြီး မှန်မှန်ကန်ကန် ပြောင်းလည်းယူလို့ ရပါတယ်။ အာရုံအကြောင်းတရားတွေရဲ့ ထောက်ပံ့ကျေးဇူးပြုမှုကြောင့် စိတ်စေတသိက်တွေဟာ သူ့သဘောသူဆောင်ပြီး ဖြစ်ပေါ်လာကြသလို အာရုံအကြောင်းတရားတွေ ကင်းတာနဲ့လည်း ချုပ်ပျောက်ကြပြန်ပါတယ်။ နောက်ထပ် အကြောင်းတရားအသစ်တွေကြောင့် နောက်ထပ် စိတ်အသစ်အသစ်တွေ ဆက်တိုက် အစားထိုး ဖြစ်ပေါ်နေလို့ စိတ်ဟာ အမြဲမပျက်သလို ငါ့စိတ် ငါ့အလိုအနေနဲ့ အမြင်မှားအတ္တတွေ ဖြစ်ပေါ်နေရတာပါ။ 

အဟောင်းအဟောင်းတွေ ချုပ်ပျောက်ပြီး အသစ်အသစ်တွေနဲ့ အစားထိုးနေတဲ့ စိတ်စေတသိက်တို့ရဲ့ ပရမတ် သဘောတရားတွေကို နားလည်အောင်ကြိုးစားပြီး ကျမတို့ရဲ့စိတ်မှာ မှီတွယ်နေတဲ့ အတ္တတွေ ဥပါဒါန်တွေကို ပါးနိုင်သမျှပါးပြီး အကုသိုလ်စေတသိက်တွေရဲ့ ချယ်လှယ်မှုကိုမခံရအောင် ကုသိုလ်စေတသိက်တွေနဲ့သာ ချဉ်းကပ်ခွင့်ရအောင် ဉာဏ်ဦးဆောင်တဲ့ သတိ၊ ဝီရိယနဲ့ အားထုတ်နေကြရမှာက ကျမတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ အဲဒီလိုအားထုတ်နိုင်လို့ အတ္တနဲ့ စွဲလမ်းမှုတွေ ပါးလာရင် မကောင်းတဲ့ အကုသိုလ်တရားတွေကိုလည်း လွယ်လွယ် စွန့်နိုင်သလို ကောင်းတဲ့ကုသိုလ်တရားတွေကိုလည်း မပင်မပန်းဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဝန်အနေနဲ့ မလေးတော့ဘဲ အားအနေနဲ့ ပြောင်းလည်းဖြစ်ပေါ်လာမှာပါ။

ဒီလိုသာ လူသားတစ်ဦးချင်းစီ ကျင့်ကြံအားထုတ်နိုင်ကြမယ်ဆိုရင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှာ နေထိုင်နေကြတဲ့ ကမ္ဘာ့နိုင်ငံသားအားလုံး၊ လူမျိုးစုအားလုံးဟာ ဗဟိဒ္ဓ ရုပ်သွင်ပြင်လက္ခဏာအားဖြင့်ဖြစ်စေ၊ နိုင်ငံသား လူမျိုးစုအားဖြင့်ဖြစ်စေ၊ ဘယ်လောက်ပဲ ကွဲပြားခြားနားနေကြပါစေ အတွင်းအဇ္ဖျတ္တ စိတ်သဏ္ဍာန်မှာတော့ သူတော်ကောင်းတရားများ ကိန်းအောင်းနေကြတဲ့လူသားတွေ ဖြစ်လာကြမှာပါ။ အဲဒီကြရင်တော့ ကမ္ဘာမှာ စစ်မှန်တဲ့ ချမ်းသာကို တကယ်သိမြင်နားလည်လာမှာပါ။ 

(စိတ်၊ စေတသိက်၊ ရုပ်တို့၏ ပရမတ်သဘောတရားများကို နားလည်သဘောပေါက်လာစေရန် သင်ကြားပေးသည့် ဆရာ Dr. စိုးလွင်(မန္တလေး) အား ဤဆောင်းပါးဖြင့် ပူဇော်ကန်တော့ပါ၏။) 

(၂၉. ၁၁. ၂၀၁၁ နေ့ထုတ် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်ပါ ဆောင်းပါးဖြစ်ပါသည်။)


 

No comments: