“ကျနော်တို့က အစိုးရတခု ပြုတ်ကျသွားအောင် ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ စနစ်တခုလုံးကို ပြုပြင်ဖို့ တောင်းဆိုနေတာပါ။ ကမ္ဘာမှာ ၁ % လောက်ပဲရှိတဲ့ ဘဏ္ဍာရေး အရင်းရှင်ကြီးတွေက အစိုးရတွေကို သူတို့အိတ်ထဲ ထည့်ထားနိုင်အောင် လုပ်နေနိုင်တဲ့စနစ်၊ ဒီစနစ်ကို မပြောင်းရင်တော့ သူတို့ချယ်လှယ်သမျှ အားလုံး ခံနေရမှာဗျ …”
ဘဏ္ဍာအရင်းရှင်ကြီးတွေကို စိန်ခေါ်ဆန္ဒပြကြတဲ့ပွဲတွေ ကမ္ဘာတဝှမ်းမှာ ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကတည်းက စပြီးတော့ အမေရိကန်မှာပေါ်လာတဲ့ခဲ့ Wall Street ကို ဆန့်ကျင်ကြ၊ Wall Street ကို သိမ်းကြ ဆိုတဲ့ လှုပ်ရှားမှုတွေ အရှိန်ရလာတာကို အားကျပြီးတော့ ဆန္ဒတူသူတွေက ကမ္ဘာတဝှမ်းမှာ လိုက်ပါလုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုတွေပါ။
၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းဆိုက်ကတည်းက ဘဏ်တွေထဲကို အစိုးရဘဏ္ဍာငွေထဲက ငွေတွေ ထည့်ပေးနေရတာ ဒေါ်လာ ဘီလီယံပေါင်း များစွာ များစွာ ရှိနေပါပြီ။ အစိုးရဘဏ္ဍာငွေတွေ လျော့ရတော့ ဖြတ်တောက်ပစ်ရတာက ပြည်သူ့အသုံးစားရိတ်ပါ။ ဒီတော့ ပေါက်ကွဲထွက်လာတဲ့အသံတွေက ညံလာခဲ့ပါတယ်။
“လူ တကယ့်နည်းနည်းလေးက အလွန်အမင်းရရှိနေကြပြီးတော့ လူ အမြောက်အမြားကြီးက ဘာမှမရှိဘူး ဖြစ်နေတယ်၊ ဒီလို အထိန်းအကွပ်ကင်းမဲ့နေတဲ့ လောဘက လူအများကို ဆင်းရဲတွင်းထဲကို တွန်းချနေတယ်၊ လူတွေ အိုးအိမ်မဲ့သွားကြတယ်၊ အလုပ်ပြုတ်ကုန်တယ်၊ ကမ္ဘာစီးပွားရေးကို ထိန်းချုပ်တဲ့ပုံစံကို ပြောင်းဖို့လိုနေတယ်” လို့ သူက ဆိုပါတယ်။
အများကြီး ပိုင်ဆိုင်နေတာက တကယ့်လူနည်းနည်းလေး တဲ့။ ဒါကြောင့်မို့ ဆန္ဒပြသူတွေက သူတို့ဟာ ကမ္ဘာလူဦးရေရဲ့ ၉၉ % ရဲ့အသံတွေကို ကိုယ်စားပြုတဲ့သဘော WE ARE THE 99 % လို့ ဆိုကြပါတယ်။
ဒီလို အမေရိကန်က စလိုက်တဲ့ပွဲ ပြီးခဲ့တဲ့ စနေနေ့ကတော့ ဥရောပကိုပါ ကူးလာပါတယ်။ ဗြိတိန်၊ ဂရိ၊ စပိန်၊ ဂျာမဏီ၊ အီတလီ နေရာအနှံ့ပေါ့။
သူတို့အားလုံးရဲ့ သဘောထားကလည်း တူကြပါတယ်။ ကမ္ဘာစီးပွားရေး အကျပ်အတည်းအရေးကိစ္စက နိုင်ငံအစိုးရတွေကို ဖိအားပေးတောင်းဆိုတဲ့နည်းတူပဲ ဒီ ဘဏ်တွေ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအသိုင်းအဝိုင်းကိုလည်း ဖိအားပေးရမယ်လို့ သဘောထားကြပါတယ်။ ဒီတော့ ဒီဘဏ်တွေက ဘယ်လိုမျိုးတာဝန်ကို ယူသင့်ပါသလဲ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက ဗြိတိန်က ဘဏ်ကြီးတခုဖြစ်တဲ့ Royal Bank of Scotland က ထိန်းတန်းအရာရှိတဦးဘဝကနေ အနားယူလိုက်တဲ့ မစ္စတာ ကလပ် မက်ကင် က ဘီဘီစီက မေးမြန်းတာကို သူ လက္ခံခဲ့ပါတယ်။
သူက ဘဏ်ဆိုတာ လောဘတက်နေတဲ့အရာ မဟုတ်ပါဘူး။ လူတွေရဲ့ လူမှုရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာလို့ အခုလို စပြောပါတယ်။
“ဘဏ်တွေမှာ လောဘ ဆိုတဲ့ စိန်ခေါ်မှုရှိပါတယ်။ လူတွေရဲ့ လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်ကို ဖြည့်ပေးဖို့ ဘဏ်တွေက တာဝန်ယူထားတာပါ။ ခင်ဗျား ဘဏ်တခုကိုဝင်လိုက်ရင် အမှုထမ်းတွေက ခင်ဗျားလိုအပ်ချက်ပေါ့ဗျာ၊ အိမ်ဝယ်ဖို့အတွက် Mortgage အကြွေးယူဖို့ လာတာလား၊ ဒါဆိုရင် အကြံပေးမယ့်သူရှိမယ်။ အမျိုးမျိုးပေါ့ဗျာ။ ဘဏ်ဝန်ထမ်းတွေက လူတွေကိုဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေကြပါတယ်”
- ခင်ဗျားပြောသလို တကယ်ပဲ လူတွေရဲ့လူမှုရေး ရည်ရွယ်ချက်တွေကို ဖြည့်ပေးဖို့ ဦးစားပေးပြီးတော့ ဘဏ်ဝန်ထမ်း ခင်ဗျားလုပ်ဖော်ကိုင်ဖက်တွေက လုပ်ပေးနေတာ သေချာလို့လားဗျာ။ သူတို့ဝင်ငွေရဖို့၊ သူတို့ချမ်းသာဖို့ အဲဒီ သူတို့ လုပ်ပေးတဲ့ဘဏ်တွေ အမြတ်များများရဖို့ ဒါတွေကိုရှေ့တန်းထားပြီးတော့ လုပ်နေကြတာ မဟုတ်ဘူးလားဗျ။
“ဟုတ်ပါတယ်။ ဘဏ်က အမြတ်ရအောင် လုပ်ရမှာပါ။ ဒါ အကျိုးဖြစ်မှုအားလုံးဖြစ်တဲ့ သံသရာပဲလေ။ ဘဏ်တွေ အမြတ်ရမှ ဘဏ်တွေခိုင်မာမယ်။ ဘဏ်တွေခိုင်မာမှလည်း လူတွေအတွက် စီးပွားရေးအတွက် လိုအပ်တဲ့ငွေကို ချေးပေးနိုင်မှာလေ”
- ခင်ဗျားကလည်း ဒီ လက်ရှိအခြေအနေကို ကြည့်ပါအုံးဗျ။ အစိုးရတွေက ခင်ဗျားတို့ကို ငွေ ထည့်ပေးနေရတယ်။ အတိုးနှုန်းကလည်း သုည ရာခိုင်နှုန်းလေ။ ခင်ဗျားမှ မဟုတ်ဘူး။ ကျနော်လည်း ဒီလိုအခြေအနေမျိုးရရင် စီးပွားရေးဖြစ်အောင်လုပ်ဖို့ အိုကေပဲပေါ့ဗျ။ အခု ဒေါ်လာတွေဆိုရင် ထရီလီယံအထိတောင် ချေးပေးထားရတာ။ ဒါကို ခင်ဗျားတို့က ၁.၅ % အတိုးပဲယူအုံး၊ အမြတ်က နည်းလားဗျာ။ ဒါတောင်မှ ခင်ဗျားတို့က လူမှုရေးရည်ရွယ်ချက်တွေ ဘာတွေ ပြောနေသေးတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment