မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီး တနှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်မှာ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တနှစ်တာကာလမှာ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်အနေနဲ့ အပြောင်းအလဲတွေရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နိုင်ငံရေးကျဉ်းသားတချို့ လွတ်မြောက်လာတာတွေကို ထောက်ပြသွားပြီး နိုင်ငံရေးအကျဉ်းသား အကုန်လုံး လွတ်မြောက်ရေးဟာ NLD နဲ့ ဒီမိုကရေစီလိုလားသူအားလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေစိုးမိုးတဲ့နိုင်ငံမှာ မရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့လည်း ပါဝင်ကူညီဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားသွားပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ထောက်ခံတင်ပြလျှင် သူလည်း ထောက်ခံနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ပေးသင့် မသင့် မေးခွန်းနဲ့ပတ်သက်လို့ ပြည်သူလူထုဘဝတွေ ထင်သာ မြင်သာ တိုးတက်ဖြစ်ထွန်းရေးက အရေးကြီးတယ်လို့ပဲ ဖြေသွားပါတယ်။
တရုတ်နိုင်ငံကို ဘယ်လိုသဘောထားလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ တရုတ်ဟာ မြန်မာရဲ့အိမ်နီးချင်းဖြစ်တာမို့ ကမ္ဘာ တည်သရွေ့ အိမ်နီးချင်းဆက်ဖြစ်နေမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာဆရာတွေရဲ့ မေးခွန်းတွေကို ဖြေသွားပါတယ်။
သူ ဦးဆောင်တဲ့ NLD အနေနဲ့ ပါတီမှတ်ပုံတင်၊ မတင်ကိစ္စကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်မှာဖြစ်တဲ့အတွက် အခုသတင်းစာရှင်းလင်းပွဲမှာ မမေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ တနင်္ဂနွေနေ့က သမ္မတထံ မေတ္တာရပ်ခံခဲ့တာကြောင့်၊ တနင်္လာနေ့ (သို့မဟုတ်) သိပ်မကြာခင်မှာ နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်လာလိမ့်မယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့်၊ တနင်္လာနေ့အထိတော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
သတင်း - ဘီဘီစီ
(Photos: Getty Image, AP, Reuters)
No comments:
Post a Comment