Monday, November 14, 2011

ကြာကြာမစောင့်ရဖို့ မျှော်လင့်ပါတယ် (လူထုစိန်ဝင်း)


“အခုနောက်ဆုံး အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ ဦးသိန်းစိန်အစိုးရကိုလည်း ခုအချိန်ထိ မထောက်ခံသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်၊ မဖော်ဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ …”

ပြီးခဲ့တဲ့အပတ်က ဂျာနယ်အတော်များများမှာ စာမရေးဖြစ်ဘူး။ စောင့်ဖတ်တဲ့ပရိသတ်ကို တောင်းပန်ပါတယ်။ ရာသီက ပူပြင်းလွန်းလို့ မနည်းကြီးတောင့်ခံနေရတဲ့ အထဲခေါင်းပူစရာတွေလည်း ခါတိုင်းထက်ပိုများသွားလို့ပါ။ 

ဆွေမျိုးထက်ခင်လို့ 

သီတင်းကျွတ်လပြည့်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ထဲပါလာတဲ့ လူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး နှုတ်ဆက်ကြတယ်။ ခန္တီးက၊ ကလေးက၊ သရက်က၊ သာယာဝတီက၊ အင်းစိန်က နေရာစုံကပါပဲ။ တစ်ခါမှ မြင်ဖူးတွေ့ဖူးကြတာမဟုတ်ပေမယ့် ဆွေမျိုးတွေထက်တောင် ခင်ကြလို့ ‘တကူးတက’ လာပြီး နှုတ်ဆက်ရှာကြတာဖြစ်လို့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရတယ်။ ဆွေမျိုးထက်တောင်ခင်ကြလို့ဆိုတာ အပိုပြောတာ မဟုတ်ပါဘူး။ သူတို့ခမျာများ ထောင်ကလွတ်ပြီး ကိုယ့်အိမ်ကိုယ့်ယာတောင် မပြန်ကြသေးဘဲ ရောက်လာကြတာဖြစ်တယ်။

ကြုံဖူးမှသိ

ဒီသံယောဇဉ်မျိုးက ‘ပြောမယုံ ကြုံဖူးမှသိ’ ဆိုသလို တော်ရုံနဲ့ နားမလည်နိုင်ဘူး။ ကြုံဖူးသူများသာ သိနိုင်ကြတာမျိုး ဖြစ်တယ်။ လူငယ်အားလုံးက ခုမှတွေ့ဖူးကြတာဖြစ်ပေမယ့် စိမ်းမနေဘူး။ သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးတာနဲ့ သူတို့ရင်ထဲပါလာတဲ့စကားတွေကို အားရပါးရ ရင်ဖွင့်ပြောကြတော့တာပဲ။ သူတို့စိတ်ထဲမှာ ရင်းနှီးပြီးသားဖြစ်တာကြောင့် ပြောချင်တာအားလုံး မခြွင်းမချန်ပြောကြတယ်။ မရှင်းတာတွေကို မေးခွန်းထုတ်ကြတယ်။ သဘောမတူတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောတယ်။ မျိုးဆက်ကွာဟမှုကို သူတို့ သတိမထားမိဘူး။ သူတို့နဲ့ တစ်ခရီးတည်းသွားနေတဲ့ ဘဝတူ ခရီးဖော်တစ်ဦးအဖြစ်ပဲ မြင်ကြတယ်။

ရဲဘော်ရဲဘက်တွေ

ဟုတ်တာပေါ့။ ပန်းတိုင်တစ်ခုတည်းကို ဦးတည်ပြီး နှစ်ပေါင်းများစွာ အားခဲသွားနေကြတဲ့ ခရီးသည်ချင်းပဲလေ။ ကိုယ်ကစောပြီးမွေးလို့ အရင်သွားခဲ့တာပဲရှိတယ်။ အားလုံးအတူတူပါပဲ။ ဘာမှမကွဲပြားပါဘူး။ ကိုယ်ကျော်ဖြတ်ခဲ့ရတဲ့ ဆူးငြောင့် ခလုတ်ကသင်းတွေကို သူတို့လည်း ကျော်ဖြတ်ခဲ့ရတယ်။ ကိုယ်ကျခဲ့တဲ့ ချောက်ကမ်းပါးကြီးတွေထဲ သူတို့လည်း ကျခဲ့ရတယ်။ နှစ်ပေါင်းများစွာ ရှေ့ကစောထွက်ခဲ့ပေမယ့် ခုချိန်အထိပန်းတိုင်ရှိရာကို ကိုယ်က ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ ချီတက်နေဆဲဖြစ်သလို သူတို့လည်း ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ ချီတက်နေဆဲပဲ ဖြစ်တယ်။ ဘဝတူတွေ၊ ခရီးသွားဖော်တွေပဲပေါ့။ ရဲဘော်ရဲဘက်တွေလည်း ဖြစ်ကြတယ်။ ရဲဘော်တွေကြားမှာ အသက်ကွာခြားချက်ဆိုတာမရှိဘူး။ အထက်နဲ့အောက်ဆိုတာ မရှိဘူး။ အားလုံးအတူတူပဲ။

ခလုတ်မထိ၊ ဆူးမငြိပါစေနဲ့

ထောင်ထဲကထွက်လာတဲ့ လူငယ်တွေအားလုံးမှာ တူညီတဲ့အချက်တစ်ခုကတော့ နှစ်ပေါင်းများစွာ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း ရေးကြီးခွင်ကျယ်လုပ်ပြီး စာဖွဲ့ပြောဆိုမနေကြတာ ဖြစ်တယ်။ အရင်ဆုံး သူတို့ပြောတာက ကျန်နေရစ်ခဲ့သူတွေအကြောင်း ဖြစ်တယ်။ နောက်တော့ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေးတွေအကြောင်း ဖြစ်တယ်။ သူတို့တစ်တွေထဲမှာ အဖေဆုံးသွားတာ မသိလိုက်သူပါသလို အမေကို ဒီတစ်သက်အမေလို့ ခေါ်ခွင့်မရတော့သူလည်း ပါတယ်။ မိဘနှစ်ပါးစလုံး ဆုံးရှုံးလိုက်ရသူလည်း ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီကိစ္စတွေကို နာနာကြည်းကြည်း ပြောမနေကြဘူး။ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပဲ စိတ်မအေးနိုင်အောင် ဖြစ်နေကြတယ်။ ပြည်တွင်းစစ်ကြီးဖြစ်လာမှာကို စိုးရိမ်ကြတယ်။ ဒီမိုကရေစီအရေးတော်ပုံကြီး ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။

ကြောက်လာတယ်

အဲဒီလိုနဲ့ပဲ သူတို့အပူတွေက ကိုယ့်အပူတွေဖြစ်လာပြီး ခေါင်းပူအောင် စဉ်းစားရတယ်။ သူတို့အားလုံး ကိုယ့်အပေါ်မှာထားတဲ့ မျှော်လင့်ချက်က သိပ်ကြီးမားလွန်းတော့ ကြောက်လာတယ်။ စကားကို ပေါ့ပေါ့လွယ်လွယ် ပြောလို့ မဖြစ်ဘူး။ လေးလေးနက်နက် စဉ်းစားရတယ်။ ခါတိုင်းလို လူငယ်လေးတွေ သူတို့ကိုယ်ရေးကိုယ်တာ ပညာရေး၊ လူမှုရေးကိစ္စတွေ လာရောက်ရင်ဖွင့်တိုင်ပင်တာမျိုးဆို ကိစ္စမရှိဘူးလို့ ဆိုနိုင်သေးတယ်။ မှားသွားလည်း ကာယကံရှင်တစ်ဦးတစ်ယောက်ပဲ နစ်နာမှာ။ ဒါတောင် တကယ်တော့ မမှားသင့်ဘူး။ ကိုယ့်ကို ယုံကြည်အားကိုးလို့ လာတာမဟုတ်လား။ အခုကိစ္စကျတော့ လူငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်ဘူး။ တိုင်းရေး ပြည်ရာ ဖြစ်တယ်။ မှားသွားရင် သံဃာစင်ပါမှောက်တဲ့ကိန်း ဆိုက်သွားနိုင်တယ်။

လမ်းကြောင်းချော်ထွက်နိုင်

အထူးသဖြင့် မီဒီယာတွေ သိပ်အားကောင်းတဲ့ခေတ်မှာ နည်းနည်းလေးမှ အမှားခံလို့ မဖြစ်ဘူး။ ကိုယ်တိုင်က သတင်းမီဒီယာသမားဖြစ်တော့ ပိုပြီးသတိထားနေရတယ်။ စတုတ္ထမဏ္ဍိုင်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင် မနည်းကြီး ကြိုးစားတည်ဆောက်ခဲ့ကြလို့ အခုမှ အသိအမှတ်ပြုခံရကာစပဲ ရှိသေးတာဖြစ်တယ်။ ဒီလိုအချိန်မှာ သတင်းသမားတွေ ကိုယ်တိုင်ကလည်း သိက္ခာသမာဓိရှိရုံတင်မက တာဝန်သိစိတ်ပါ ရှိကြရမှာပါ။ နိုင်ငံရေးသမားတွေ စကားတစ်ခွန်းမှားရင် သမိုင်းလမ်းကြောင်း ချော်ထွက်သွားနိုင်သလို သတင်းသမားတွေ စာတစ်ကြောင်း အရေးမှားရင်လည်း အားလုံးပွက်လောရိုက်ပြီး သမိုင်းလမ်းကြောင်း နောက်ပြန်လှည့် သွားနိုင်ပါတယ်။

ကစားဝိုင်း မဟုတ်

အဲဒါကြောင့် စကားမပြောခင် အထပ်ထပ် ချိန်ဆရတယ်။ မှားသွားရင် ကိုယ့်စကားကိုယ် တာဝန်ယူတယ်လို့ ပြောရုံနဲ့ မရဘူး။ မှားသွားရင် ခံရမှာက ကိုယ်တစ်ယောက်တည်း၊ သူတစ်ယောက်တည်း မဟုတ်ဘူး။ အားလုံး ခံကြရမှာ။ တစ်တိုင်းပြည်လုံးရဲ့ကံကြမ္မာကို လောင်းကစားဝိုင်းမှာ တစ်ကွက်တည်းပုံအောပြီး ထိုးသလိုမျိုးလုပ်လို့ မဖြစ်ဘူး။ နိုင်ငံရေးဆိုတာက ကစားဝိုင်း မဟုတ်ဘူး။ ညက မက်တဲ့အိပ်မက်ကို ယုံကြည်ပြီး စွန့်စားတာမျိုး မလုပ်ရဘူး။ အထပ်ထပ်အခါခါ စဉ်းစားတွက်ချက်ပြီးလုပ်ရတဲ့ ကိစ္စမျိုးဖြစ်တယ်။

အချိန်သင့်၊ မသင့်

ထောင်ထဲကထွက်လာတဲ့လူငယ်တွေ ကိုယ့်အပေါ်ထားတဲ့ မျှော်လင့်ချက်က သိပ်ကြီးမားလွန်းလို့ ကြောက်လာတယ်လို့ ပြောခဲ့တယ်။ တကယ်တော့ လူငယ်တွေသာမကဘူး လူကြီးပိုင်းကလည်း ဖုန်းဆက်ပြီး အားပေးကြ၊ ထောက်ခံကြတယ်။ တချို့က ရင်ဖွင့်ကြတယ်။ ဒီယုံကြည်ကိုးစားမှုမျိုးတွေကို တန်ဖိုးမထားဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။ ဒီလိုတန်ဖိုးထားတော့ စကားကို ပြီးလွယ်စီးလွယ် မပြောဝံ့ဘူး။ အထပ်ထပ် စဉ်းစားရတယ်။ ပြောသင့်တဲ့စကားမှန်ပေမယ့် အချိန်အားဖြင့် သင့် မသင့် ချင့်ချိန်ရတယ်၊ ကိုယ်တစ်ဦးတည်းအရေးမဟုတ်တဲ့အတွက် ဆံခြည်တစ်မျှင်စာလေးတောင် အမှားခံလို့ မဖြစ်ဘူး။

တက်သမျှ ဆန့်ကျင်ခဲ့

နောက်ဆုံးကျတော့ ဧရာဝတီမျက်နှာကိုထောက်ပြီး အခုချက်ချင်း မဆုံးဖြတ်ဘဲ အချိန်ပေးစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ငါးဆယ်အတွင်း ဘယ်တုန်းကမှ မကြားဖူးတဲ့ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် မြစ်ဆုံ ရေကာတာစီမံကိန်းကို ဆက်မလုပ်ဘဲ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြေညာချက်ကို ကြိုဆိုအသိအမှတ်ပြုပြီး တူညီတဲ့တုံ့ပြန်မှုမျိုး ပေးသင့်တယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး ကိုယ့်ဘက်ကလည်း တက်သမျှ အစိုးရကို ဆန့်ကျင်ခဲ့တယ်။

မျှော်လင့်ပါတယ်

အခုနောက်ဆုံး အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ ဦးသိန်းစိန်အစိုးရကိုလည်း ခုအချိန်ထိ မထောက်ခံသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်၊ မဖော်ဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ ဧရာဝတီဆုံးဖြတ်ချက်ကတော့ ဒီမိုကရေစီအစိုးရမျိုးရဲ့ လုပ်နည်းလုပ်ဟန်ဖြစ်တယ်။ နောက် ဝန်ကြီးများရုံးကို ဟိုတယ်ဖွင့်ဖို့ မငှားတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း ပြည်သူ့ဆန္ဒကို လေးစားလိုက်နာတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီ အရိပ်လက္ခဏာတွေ ဖြစ်တယ်။ ဒီမိုကရေစီနဲ့မအပ်စပ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကိစ္စနဲ့ ပြည်တွင်းစစ်ကိစ္စကိုသာ ပြည်သူ့ဆန္ဒကိုလိုက်လျောပြီး အမြန်ဆုံး ဖြေရှင်းလိုက်မယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီလို့ ဆိုနိုင်တော့မှာဖြစ်တယ်။ အမြန်ဆုံး ဆိုချင်ပါတယ်။ ကြာကြာစောင့်မနေရဖို့ဘဲ မျှော်လင့်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။  





No comments: