ကေအဲန်ယူ၏ ခေါင်းဆောင်မအပိုင်းတွင် ဥက္ကဋ္ဌ စောဘဦးကြီး ကျဆုံးသွားပြီးနောက်ပိုင်း၌ မုဆိုးကော်ကဆာနှင့် မန်းဘဇန်တို့ ဆက်လက်ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်တွင် နိုင်ငံရေး မငြိမ်မသက်မများ ဖြစ်ပေါ်လာပြီး ကေအဲန်ယူ ခေါင်းဆောင်များအတွင်း စည်းလုံးညီညွတ်မှု လျော့ရဲလာခဲ့သည်။ လက်ျာကျွံ လက်ဝဲကျ၊ လက်ဝဲကျွံ လက်ျာကျပြီး နောက်ဆုံးမှာ လက်ျာ တစောက်ကန်း၊ လက်ဝဲ သူငယ်နာ ဖြစ်နေကြသောကြောင့် အမျိုးသားစည်းလုံးညီညွှတ်ရေး ပြိုကျလာပြီး ကေအဲန်ယူအတွင်း အကွဲအပြဲများဖြစ်ခဲ့ရသည်မှာ ကေအဲန်ယူအတွက် ဝမ်းနည်းစရာ သမိုင်းအချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ရသည်။
ကေအဲန်ယူနှင့် တပ်ဦးပါတီတို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လှုပ်ရှားစည်းရုံးကြရာတွင် ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဗိုလ်ချုပ်မြမောင် စသည့် ခေါင်းဆောင်ကြီး ၃ ဦးတို့က ဦးဆောင်ခဲ့ကြသည်။ ၎င်းတို့သုံးဦးမှာ အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ပေးနိုင်သူများဖြစ်သည့်အတွက်လည်း သမိုင်းမှတ်တမ်းတင်ရပါမည်။ ဂုဏ်ယူဝမ်းမြောက်ရမည် ဖြစ်သည်။
ကေအဲန်ယူက ချမှတ်ထားသည့် အချက် ၁၁ ချက်ပါသည့် တော်လှန်သော မျိုးချစ်လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မိမိအမျိုးသားကို ချစ်မြတ်နိုးသလို အခြားအမျိုးသားများကိုလည်း လူမျိုးစုံ ချစ်ကြည်ရေးသဘောအရ ခံယူချစ်ကြည်မြတ်နိုးခြင်း။
၂။ မိမိအမျိုးသားလွတ်မြောက်ရေးအတွက် တမျိုးသားလုံးအကျိုးကို အဓိကထားပြီး အရာရာ၌ စံနမူနာအဖြစ် ရပ်တည်လုပ်ဆောင်ခြင်း။
၃။ ကေအဲန်ယူ၏ လမ်းစဉ်နှင့် သဘောထားဆုံးဖြတ်ချက်များကို အာမခံပြီး ကျရောက်သော တာဝန်ရပ်များကို ထမ်းဆောင်ရာတွင် စည်းကမ်းရှိခြင်း။
၎။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးထိပ်ပန်ပြီး အမျိုးသားရန်သူမှတ်သမျှကို နာကျည်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်ခြင်း။
၅။ လူမျိုးရေးကျွန်ပြုမှုနှင့် လူလူချင်း လက်ဝါးကြီးအုပ် သွေးစုပ်အမြတ်ထုတ်မကို ရွံ့ရှာမုန်းတီးပြီး ပြတ်သားစွာ ဆန့်ကျင်တိုက်ခိုက်ခြင်း။
၆။ တစ်ဦးကောင်း၊ တစ်ကိုယ်ကောင်းဝါဒကို ရှောင်ကျဉ်ပြီး စုပေါင်းခေါင်းဆောင်မှု အခြေခံတရားပေါ်တွင် တာဝန်ယူလုပ်ဆောင်ခြင်း။
၇။ အမျိုးသားလွတ်မြောက်ရေးကို အမြဲတစေ မျှော်လင့်စောင့်စားနေသည့်အတွက် ထိုမျှော်လင့်ချက်များ အကောင်အထည်ဖော်ရေးအတွက် အမြဲတစေ ထိုးထွင်းကြံဆခြင်း၊ ရှေ့ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း။
၈။ တာဝန်ကျလုပ်ငန်းများကို လုပ်ဆောင်ရာတွင် မပြတ်မသားလုပ်ခြင်း၊ သမရိုးကျလုပ်ဆောင်ခြင်းထက် မိမိတာဝန်နှင့် ကျရောက်သော လက်တွေ့လုပ်ငန်းများအပေါ်တွင် တက်တက်ကြွကြွ လုပ်ဆောင်ခြင်း။
၉။ ဇွဲသတ္တိရှိခြင်း၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ရှိခြင်း၊ ဘက်မလိုက်ခြင်း၊ ဂိုဏ်းဂဏမဆန်ခြင်း၊ အမှားကို ဝန်ခံရဲခြင်း။
၁ဝ။ အချောင်သမားဆန်သော လုပ်ငန်းများကို ရှောင်ကျဉ်ပြီး၊ တော်လှန်ရေးကျကျ ခေါင်းဆောင်ခြင်း။ လက်တွေ့လုပ်ဆောင်ခြင်း။
၁၁။ တော်လှန်ရေးကို ဆုံးခန်းတိုင် တိုက်ပွဲဝင်လုပ်ဆောင်မည့် ခံယူချက်နှင့် အခက်အခဲပေါင်းစုံကို ကျော်လွှားပြီး အောင်ပွဲရယူမည့် ခံယူချက်ရှိခြင်းတို့ ဖြစ်သည်။
သို့သော် ကေအဲန်ယူအဖွဲ့အစည်းအတွင်း၊ ကရင်အမျိုးသားတော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြသည်မှာ စိတ်ဓာတ်အရ မိမိအမျိုးသားများကို ချစ်ကြသော်လည်း၊ လက်တွေ့အရ တကိုယ်ကောင်း ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြပါသည်။ ကေအဲန်ယူအတွင်း အခွင့်ထူးခံကြသည်။ အုပ်စုသဘောရှိသည်။ နိုင်ငံတကာအကူအညီများကို မျှော်ကြသည်။ အနှစ်ချုပ်ပြောရလျှင် ကေအဲန်ယူ အဖွဲ့အစည်း ဌာနဆိုင်ရာတချို့သည် ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်နေကြသည်။
ဤဖြစ်ရပ်များသည် ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ အကျိုးသက်ရောက်မှုမှာ ကရင်အမျိုးသားတော်လှန်ရေးကို ရှေ့တန်းတင်ရမည့်အစား နောက်ပြန်ဆွဲချနေသလိုဖြစ်နေသည်။ ထိုလုပ်ရပ်၊ ထိုခံယူချက် သဘောထားများသည် ကရင်အမျိုးသားများ၏ လွတ်မြောက်ရေးအတွက် ကြီးမားသော အန္တရာယ်နှင့် အနှောက်အယှက်၊ အတားအဆီးကြီး ဖြစ်ပါသည်။
ဤသို့ဖြစ်နေရခြင်းမှာ ဗဟိုခေါင်းဆောင်မှု အားနည်းခြင်း၊ အောက်ခြေရှိ ဌာနတာဝန်ခံတို့မှာလည်း ဗဟိုကို ဝန်းရံပံ့ပိုးမှု နည်းပါးနေခြင်းအပြင် ဆန့်ကျင်မှုများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ကေအဲန်ယူ အဖွဲ့အစည်းအဝင်များ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးအားနည်းနေခြင်းကြောင့် ဖြစ်သည်။
ဤအကျိုးဆက်များကြောင့် ကေအဲန်ယူ ဗဟိုဌာနချုပ် မာနယ်ပလော၊ ကော့မူးရာ လက်လွှတ်လိုက်ရသောအချိန်နှင့် ဆက်နွယ်ပြီး ဗဟို၊ ခရိုင်၊ တပ်မဟာအတွင်းမှာ အချို့အမျိုးသားခေါင်းဆောင်တို့သည် အုပ်စုဖွဲ့ပြီး အတင့်ရဲစွာ ၁၁ ကြိမ်မြောက် ဆုံးဖြတ်ချက်လမ်းစဉ်ကို ဆန့်ကျင်လာကြသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment