အပိုင်း(၁)
ကရင့်အမျိုးသားတော်လှန်ရေးအပေါ် အမြင်နှင့် ရပ်တည်ချက်
အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးသည် တော်လှန်ရေးတရပ် မဆင်နွှဲခင်မှာ ပြည်တွင်းပြည်ပနှင့် မိမိအမျိုးသား အခြေအနေများကို လေ့လာစိစစ်ပြီးမှ တော်လှန်ရေးအခြေအနေ ပေးအပ်လာသည့်အပေါ်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ဖွဲ့စည်းတည်ဆောက်ခဲ့သည်။
ကေအဲန်ယူ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ …
- ကရင်အမျိုးသား အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး
- ကရင်အမျိုးသားများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
- ကရင်ပြည်နယ် ရရှိရေးတို့ ဖြစ်ပါသည်။
ဤရည်ရွယ်ချက်ကို ကေအဲန်ယူက မူလမ်းစဉ်အဖြစ် ခံယူထားပါသည်။
ကေအဲန်ယူမှ မွေးဖွားသန့်စင်ပေးခဲ့သော ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (ကေအဲန်ဒီအို) အား ၁၉၄၇၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းတည်ဆောက်ခဲ့ပါသည်။
- ကေအဲန်ယူနှင့် ကရင်အမျိုးသားများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။
ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးကြီးဖြစ်သော (ကေအဲန်ယူ)၊ ကေအဲန်ဒီအိုနှင့် ကရင်အမျိုးသားများသည် ခွဲခြား၍မရအောင် တသွေးတည်း၊ တသားတည်း၊ တစည်းတလုံးတည်း ဖြစ်ခဲ့ပါသည်။ ကေအဲန်ယူ၏ သမိုင်းမှတ်တိုင်သည် ကရင်အမျိုးသားများ၏ သမိုင်းမှတ်တိုင်လည်းဖြစ်ပါသည်။ ကရင်အမျိုးသားအစည်းအရုံးကြီးမှာ ၁၉၄၇ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅ဝ ကျော် ၆ဝ တိုင်တည်ရှိနေသည်မှာ ကရင်အမျိုးသားများ၏ မျိုးချစ်စိတ်၊ လွတ်လပ်လိုစိတ်နှင့် စည်းလုံးညီညွတ်မှုတို့ကြောင့် ဖြစ်ပါသည်။
ကေအဲန်ယူ၏ ခေါင်းဆောင်မှုသည်၊ ကရင်အမျိုးသားအားလုံး လွတ်မြောက်ရေးအတွက်ဖြစ်ပြီး အမျိုးသားလက္ခဏာဆောင်သော တော်လှန်ရေးဖြစ်ပါသည်။ လူတန်းစား တော်လှန်ရေး မဟုတ်ပါ။ အမျိုးသားအတွေးအခေါ် ခံယူချက်၊ မျိုးချစ်စိတ်ဓာတ်နှင့် သဘောတရားလက်တွေ့ကိုခံယူထားပါသည်။
ကရင်မျိုးချစ် ခေါင်းဆောင်များသည် လက်ဝဲ၊ လက်ျာစာပေများကို လေ့လာပြီး ကရင့်တော်လှန်ရေး အခြေအနေနှင့် ကိုက်ညီသည့်အချက်များကိုယူကာ ကရင့်အမျိုးသား တော်လှန်ရေးလမ်းစဉ်အဖြစ် ခံယူကျင့်သုံးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကျင့်သုံးရာတွင်လည်း ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ခြင်းနှင့် အခွင့်ထူးခံ အခွင့်အရေးကို ဆန့်ကျင်၍ ကရင်အမျိုးသားများ၏ ဘဝလွတ်မြောက်ရေးနှင့် ဘဝတူတိုင်းရင်းသားလူမျိုးများနှင့် ချစ်ကြည်ရင်းနှီးရေးကိုသာ အခြေခံပါသည်။
ကေအဲန်ယူ ဖွဲ့စည်းတည်ထောင်စဉ်ကာလက ထိပ်ပိုင်းခေါင်းဆောင်များသည် အထူးစည်းလုံးညီညွတ်ကြသည်။ အောက်ခြေကော်မတီဝင်များ၊ ခေါင်းဆောင်များ၊ ရဲဘော်၊ ရဲမေများ၊ ကေအဲန်ဒီအို တပ်ဗိုလ်တပ်မှူးနှင့် ရဲဘော်အားလုံးသည် အထူးပင် စည်းလုံးကြပါသည်။
ကေအဲန်ယူအတွင်း ရဲဘော်၊ တပ်ဗိုလ်တပ်မှူးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင့်ဆင့်သော ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် ကေအဲန်ယူ၏ ဦးဆောင်မှုအောက်တွင် တသွေမတိမ်း ခံယူလုပ်ဆောင်သွားကြသည်။ ကေအဲန်ယူခေါင်းဆောင်သည့် စည်းရုံးရေးသည် ကရင်အမျိုးသားထုတရပ်လုံးကို နိုးကြားတက်ကြွစေခဲ့သည်။
ကေအဲန်ယူစည်းအရုံးကြီး ဖြစ်ပေါ်လာပြီးနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အနယ်နယ်အရပ်ရပ်မှ ကရင်လူထု ၄ သိန်းကျော်ပါဝင်သည့် အမျိုးသားဆန္ဒပြပွဲကြီး တခုပေါ်ပေါက်ခဲ့သည်။ ထိုဆန္ဒပြပွဲကြီးတွင်
(၁) ကရင်ပြည် ချက်ချင်းပေး၊
(၂) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊
(၃) ပြည်တွင်းစစ် အလိုမရှိ၊
(၄) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ စသည့် ပိုစတာ ၄ ချက်ကို စွဲကိုင်၍ ကရင်လူမျိုးတို့၏ဆန္ဒမှန်ကို ဖော်ထုတ်ခဲ့ကြသည်။
လွတ်လပ်ရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးသဘောထားများကို ပြသ၍ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ ထိုဆန္ဒပြပွဲကြီးသည် ကရင့်တော်လှန်ရေးသမိုင်းတွင် ထင်ရှားသည့် နိုင်ငံရေးတိုက်ပွဲဖြစ်ပြီး ကရင်လူမျိုးတို့၏ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
ထိုနိုင်ငံရေးလှုပ်ရှားမှုတိုက်ပွဲကြီး ပေါ်ပေါက်ပြီးနောက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေတွင် ဖဆပလ တပ်များက ရန်ကုန်မြို့လယ်ရှိ စမ်းချောင်း၊ ကရင်ရပ်ကွက်ကို ဝိုင်း၍တိုက်ခိုက်ခဲ့ပြီး အိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများကို လုယက်ယူငင်၍ ကရင်အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခဲ့ကြသည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ဖဆပလ အစိုးရက ကေအဲန်ယူကို မတရားအသင်းကြေညာခဲ့ပြီး ၁၉၄၉ ခုနှစ်၊ ဇန်ဝါရီလ ၃ ရက်နေ့ အင်းစိန်ရှိ ကေအဲန်ဒီအို ဌာနချုပ်ကို တိုက်ခိုက်ခဲ့သည်။ ထိုအခြေအနေများကြောင့် တပြည်လုံးရှိ ကရင်များက ဖဆပလကို ဆန့်ကျင်ကာ ပြန်လှန် ခုခံတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည်။ ထို့ကြောင့် ကေအဲန်ယူသည် နိုင်ငံရေးလှုပ်ရှားမှု တိုက်ပွဲဆီမှ ဖဆပလ အစိုးရကို ဆန့်ကျင်သော၊ တော်လှန်သော လက်နက်ကိုင်တော်လှန်ရေး ခုခံစစ်ပွဲကို မလွဲမရှောင်သာ ဆင်နွဲခဲ့ရပြီး ယင်း၏အကျိုးဆက်ကား ယနေ့ထိ ဆက်လက်တည်ရှိ ရှင်သန်နေဆဲဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးအတွင်း မျိုးချစ်ကရင် အမြောက်အများ ကျဆုံးခဲ့ရသလို ကရင်အမျိုးသား ခေါင်းဆောင်ကြီးလည်း အာဇာနည်ပီသစွာ ကျဆုံးခဲ့ရသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment