Wednesday, November 9, 2011

Occupy Movement (ကိုရင်မောင် - ဘီဘီစီ) - ၁

“ဘဏ်လုပ်ငန်းဆိုတာ လူမှုရေးရည်ရွယ်ချက်နဲ့ လုပ်တာဗျ။ ဒီဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာတော့ ပုံပျက်ပြီး အပြောင်းအလဲတွေ ကြုံရတာတွေရှိတယ်။ ဒီလိုဖြစ်ရတာက ဘဏ်လုပ်ငန်းရှင်တွေချည်းကြောင့်ပဲ မဟုတ်ဘူး၊ နိုင်ငံရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာကပုဂ္ဂိုလ်တွေ အထူးသဖြင့်ပေါ့ဗျာ … အင်္ဂလန်တို့၊ အမေရိကန်တို့၊ ယူရိုဇုန်အတွင်းကနိုင်ငံတွေရဲ့ အစိုးရပိုင်းတွေက နေအိမ်ခြံမြေ အဆောက်အအုံပိုင်းဆိုင်ရာတွေမှာ မြှုပ်နှံမှု တိုးတက်လာအောင် ဘဏ်တွေကို တွန်းလာခဲ့တာတွေ ရှိတယ်ဗျ”

- ခင်ဗျားအခုပြောနေတဲ့ပုံစံက နိုင်ငံရေးသမားတွေရဲ့အပြစ်ပေါ့လေ၊ ဟုတ် ဟုတ်သေးတော့ဗျာ။

“ကျနော်ပြောနေတာက ဒီအရေးမှာ ကျနော်တို့ နှစ်ဖက်မျှပြီး တာဝန်ခံရမယ်ဆိုတာကို ပြောနေတာဗျ၊ အိမ်ဝယ်ဖို့ဆို အိမ်ဖိုးရဲ့ ၁၀၀ % ကိုကျော်ပြီး ၁၁၅ % အထိ ထုတ်ချေးကြတယ်။ ချေးတဲ့သူကလည်း သူတို့ မချေးလိုပါဘူးလို့ မငြင်းဘူး၊ တချို့ဆို အကြွေးဝယ်ခွင့်ကဒ် (Credit Card) ၅ ခုလောက် ကိုင်ထားတာဗျ၊ ငွေကြေးရင်းနှီးထားတဲ့သူတွေကလည်း ပြန်ဝင်တဲ့ အမြတ်များများ လိုချင်ကြတယ်လေ။ ဒီ ဘဏ်လုပ်ငန်းကို စည်းကမ်းပိုင်း ထိန်းညှိတဲ့သူတွေကလည်း ကန့်သတ်မှု ဘာမှမလုပ်ခဲ့ဘူး၊ လုပ်ကြစေလို့ ခွင့်ပြုထားတာပဲ။ ဒီတော့ အခုမှ ဘဏ်တွေကြောင့်ပဲ ဖြစ်ရတာဆိုရင်တော့ မဟုတ်ဘူးထင်တယ်ဗျာ”

- ဘာတွေပဲ ပြောပြောပေါ့ဗျာ၊ ဒါတွေအားလုံး ဘဏ်တွေက သူတို့ဖြစ်စေချင်တဲ့အတွက် အဲဒီလိုဖြစ်အောင် လုပ်ခဲ့ကြတာပဲ မဟုတ်လားဗျ။ အမေရိကန်ဆိုရင် အဲဒီစည်းမျဉ်းတွေ လျော့ရဲနေတာကိုက ပိုအကျိုးဖြစ်တယ်ဆိုပြီးတော့ ချီးတောင် ချီးကျူးနေသေးတယ် မဟုတ်လားဗျ၊ ဘဏ်တွေမှာ တာဝန်ရှိကိုရှိတယ်ဆိုရင် ခင်ဗျား ဘာပြောမလဲ။ 

“ဘဏ်လုပ်ငန်းရှင်ကြီးတွေ အများအပြားပဲ သူတို့ယူရမယ့် တာဝန်ခံမှုကို ယူပြီးကြပါပြီ။ ဘဏ်လုပ်ငန်းရှင်တွေဘက်က အရှက်ရစရာ၊ နောင်တရစရာကောင်းတာကတော့ အရင်ကလည်း ဖြစ်ခဲ့ဖူးတဲ့အမှားမျိုး ထပ်မှားခဲ့တဲ့ကိစ္စပါ။ အခု ဒီအရေးကိစ္စကလည်း အခုအချိန်မှာ မပြီးသေးပါဘူး၊ ဒါပေမယ့် ဘဏ်တွေဘက်ကိုပဲ အပြစ်ပုံနေလို့ကတော့ ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဗျ”

အစိုးရပိုင်းက ထိန်းကွပ်မှုတွေ၊ ဘဏ်တွေဘက်က အလေးမထားလုပ်ကိုင်မှုတွေက အခု ဘယ်တော့ပြေလည်မယ်လို့ မမှန်းနိုင်သေးတဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို အားလုံးကြုံနေရပါပြီ။ အခုဆိုရင် ဥရောပငွေကြေးကို ကယ်တင်ဖို့အတွက် တကယ်လိုနေတဲ့ ငွေပမာဏက ယူရို ၂ ထရိလီယံလောက်အထိတောင်ရှိတယ်လို့ ကမ္ဘာ့ ခေါင်းဆောင်တွေက ဝန်ခံနေရတဲ့အချိန်ပါ။ အခုလိုအချိန်မှာ ဘဏ္ဍာရေးဆိုင်ရာ ကော်ပိုရေးရှင်းတွေကို ဆန့်ကျင်တဲ့သူတွေက အနောက်ဘက်တွေမှာတင် မဟုတ်တော့ပါဘူး။ အာရှကိုပါ ရောက်နေတာပါ။ 

ဖိလစ်ပိုင် မနီလာက ဆန္ဒပြပွဲခေါင်းဆောင်တဦးဖြစ်တဲ့ ဂျုံဆယ်ဗာဒိုက …

“အမေရိကန်မှာတင် မကပါဘူး။ ကျမတို့ဆီကိုလည်း တခြား ကမ္ဘာ့နိုင်ငံတွေမှာဖြစ်နေသလို အဲဒီ အရင်းရှင်စနစ်ရဲ့ အကျပ်အတည်းက ရောက်လာနေတာ။ ဒီအတွက် လူတိုင်းရသင့်တဲ့ အခွင့်အရေးအတွက် ကျမတို့အမျိုးသမီးတွေ တိုက်ပွဲဝင်နေတာပါ”

သူ့လိုပဲ ဘဏ္ဍာအရင်းရှင်တွေကို ဆန့်ကျင်ဖို့အတွက် ဆစ်ဒနီက ဆန္ဒပြပွဲကို ဦးဆောင်စည်းရုံးခဲ့တဲ့ ဂျော့ရှ်လီ ကလည်း …

“ကျနော်တို့က အစိုးရတခု ပြုတ်ကျသွားအောင် ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ စနစ်တခုလုံးကို ပြုပြင်ဖို့ တောင်းဆိုနေတာပါ။ ကမ္ဘာမှာ ၁ % လောက်ပဲရှိတဲ့ ဘဏ္ဍာရေး အရင်းရှင်ကြီးတွေက အစိုးရတွေကို သူတို့အိတ်ထဲ ထည့်ထားနိုင်အောင် လုပ်နေနိုင်တဲ့စနစ်၊ ဒီစနစ်ကို မပြောင်းရင်တော့ သူတို့ချယ်လှယ်သမျှ အားလုံး ခံနေရမှာဗျ”

သောတရှင်များ ခင်ဗျား၊ သူတို့ရဲ့လှုပ်ရှားမှုက ဘယ်လောက်အထိ သက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာကတော့ အခုအချိန်မှာ မှန်းဆရခက်နေဆဲပါ။ ဒါပေမယ့် စီးပွားရေးအကျပ်အတည်းကို လွတ်မြောက်အောင် ကြိုးစားနေတယ်ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေ အလေးထားရမယ့် အသံတွေကတော့ ပိုပိုပြီးတော့ ပေါ်ထွက်လာနေပြီဆိုတာကတော့ အထင်အရှားပါပဲဗျ။ 

အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်)မှ စီးပွားရေး သုံးသပ်ချက်ကို ပြန်လည်ကောက်နှုတ် ဖော်ပြပါတယ်။
(ဓာတ်ပုံများ - အင်တာနက်)


  

No comments: