Thursday, October 13, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၁)

ကြာသပတေး, 13 အောက်တိုဘာ 2011

ဒီ သတင်းပတ် အမေးအဖြေအစီအစဉ်မှာတော့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို စိတ်ချလက်ချ မြန်မာပြည်မှာ အလုပ်လုပ်နိုင်ဖို့ ဘာတွေ ပြင်ဆင်သင့်သလဲ၊ အမျိုးသမီးအခွင့်အရေးရပိုင်ခွင့်ကိစ္စ၊ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုတဲ့အပေါ် သဘောထားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ကိစ္စတွေကို ဗွီအိုအေ သောတရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ 

အရင်ဆုံးတော့ ဗွီအိုအေ ပရိသတ်တဦးဆိုသူက မြစ်ဆုံစီမံကိန်းရပ်စဲမှုကို အစချီပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ တွန့်ဆုတ်သွားမှာကို စိုးရိမ်ဟန်တူပါတယ်။ နောက်နောင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ စိတ်ချလက်ချ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်အောင် ဘာတွေလုပ်သင့်သလဲ ဒေါ်အောင်ဆန်းစုကြည်ထံ မေးမြန်းထားပါတယ်။ 

မေး။ သတင်းတွေမှာ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတဲ့အပေါ် တရုတ်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ကြားနေရပါတယ်။ မြန်မာနိုင်ငံက အရင်းအမြစ်အတော်များများက ဆယ်စုနှစ်တွေနဲ့ချီ ယူခဲ့ပြီးမှ၊ အခုတကြိမ်လေး ပျက်တာနဲ့ ဒေါတတကြီးဖြစ်နေတာကို အားမနာမိပါဘူး။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ကြမယ်ဆိုရင် စိတ်ချရပါ့မလား ဆိုတဲ့ အတွေး နိုင်ငံခြားကကုမ္ပဏီတွေမှာ စဉ်းစားမိရင်တော့ ကျနော်တို့အတွက် နစ်နာလွန်းပါတယ်။ ဒါကြောင့် တဖက်မှာ အခုလို လူထုမကြိုက်တဲ့ စီမံကိန်းတွေ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို ရပ်ဆိုင်းတာ ဖျက်တာလုပ်နေသလိုပဲ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ပြည်တွင်းမှာ စိတ်ချလက်ချ ယုံယုံကြည်ကြည်လုပ်ကိုင်နိုင်ဖို့ ဘာတွေ ပြင်ဆင်ဆောင်ရွက်သင့်သလဲ ဆိုတာ ဒေါ်စုအမြင် သိချင်ပါတယ်။

ဖြေ။ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်တဲ့ဥပဒေတွေဆိုတာဟာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ ကိုက်ညီရပါလိမ့်မယ်။ ဒီအပြင် ထင်လင်းမြင်သာပြီး တာဝန်ယူတဲ့ အစိုးရစနစ်ရှိမှပဲ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်တွေကို ပြည်သူအများက သိရှိနားလည် လက်ခံတယ်ဆိုတာကို ရင်းနှီးမြုပ်နှံတဲ့သူတွေက ယုံကြည်စိတ်ချနိုင်မှာပါ။ နောက်လိုအပ်ချက်တခုကတော့ ဥပဒေစိုးမိုးရေးပါပဲ။ ရင်းနှီးမြုပ်နှံမှုနဲ့ပဲ ပတ်သက်လို့ပဲဖြစ်ဖြစ် အခြားကိစ္စတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံမှာ နေထိုင်သူများ အလုပ်လာလုပ်သူများ နိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ ဥပဒေဘောင်အတွင်းက ကာကွယ်စောင့်ရှောက်မှုကို ရှိရမယ်ဆိုပြီး စိတ်ချလက်ချနေနိုင်မှာပါ။

ရန်ကုန်မြို့က ရဟန်းတပါးကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ခွဲခြားထားတဲ့ကိစ္စရပ်အချို့ ဥပမာထားပြီး အမျိုးသမီးတွေ ရပိုင်ခွင့်ကိစ္စ မေးထားပါတယ်။ 

မေး။ မြန်မာနိုင်ငံမှာ ဆေးသက္ကသိုလ်ကျောင်းဝင်ခွင့်ရဖို့အတွက် ပညာတော်တာချင်းအတူတူ ကျောင်းသူတွေက ကျောင်းသားတွေထက် အမှတ်ပိုရဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ထားတာ ဘာရည်ချက်ရွယ်ကြောင့်ပါလဲ။ ဒီလို သတ်မှတ်ထားတာဟာ နိုင်ငံအတွက် ဆေးပညာရှင် အရေအတွက် မွေးထုတ်ပေးနိုင်မှုမှာ ဘယ်လို အားနည်းချက်တွေ ဖြစ်လာမှာလဲ။

အခြားတိုင်းပြည်တွေမှာလည်း ဒီလိုခွဲခြားထားတာ ရှိပါသလား။ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ပရိယတ္တိ စာမေးပွဲတွေမှာလည်း တိပိဋက၊ စေတီယင်္ဂဏ၊ သကျသီဟ နိကယ်စာမေးပွဲတွေကို အမျိုးသမီး သီလရှင်တွေအနေနဲ့ ဘယ်လိုပင် ဉာဏ်ရည်၊ ဉာဏ်သွေး မြင့်မားပါစေ။ ဝင်ရောက်ဖြေဆိုခွင့် မရှိပါဘူး။ သာသနာနဲ့ လူ့လောကမှာ ဆုံးရှုံးနေရတဲ့ အမျိုးသမီး အခွင့်အရေး ရပိုင်ခွင့်ကို ဘယ်လိုအရေးဆို တောင်းယူနိုင်မှာလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ဆေးတက္ကသိုလ်ဝင်ဖို့အတွက် အမှတ်မြင့်မြင့်သတ်မှတ်တာဟာ ဘာသာရပ်က ခက်ခဲပြီး အချိန်ယူသင်ရလို့ ဖြစ်တယ်ဆိုတာ နားလည်နိုင်ပေမယ့် မိန်းကလေးတွေကို အမှတ်ပိုရဖို့ စည်းမျဉ်းစည်းကမ်းလုပ်ထားတာကတော့ မတရားဘူးလို့ တပည့်တော်မ ထင်မိပါတယ်ဘုရား။ မြန်မာနိုင်ငံ ဆေးတက္ကသိုလ်တင်မက အခြားနိုင်ငံတွေမှာလည်း မိန်းကလေးတွေက ပိုကြိုးစားကြတာကြောင့် အကောင်းဆုံးတက္ကသိုလ်တွေမှာ နေရာရတာ ပိုပြီး ပိုပြီး များလာကြပါတယ်။

ဒါဟာ ဝီရိယရဲ့အကျိုးဖြစ်တာကြောင့် လက်ခံရမယ်လို့ ထင်မိပါတယ် ဘုရား။ သာသနာရေး စာမေးပွဲတွေနဲ့ ပတ်သက်လို့ကတော့ ဆရာတော်ကြီးများကို လျှောက်လဲမေးမြန်းတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်ဘုရား။ တပည့်တော်မက အမျိုးသမီးများအခွင့်အရေးကို မြင့်တင်ချင်တဲ့ဆန္ဒရှိပေမယ့် တရားတော်အရ ဘယ်လို သတ်မှတ်ချက်များရှိတယ်ဆိုတာကို ပြည့်စုံစွာ မသိတာကြောင့် ရဟန်းများ သီလရှင်များရဲ့ အတွေးအမြင်များကို မလေ့လာဘဲ သဘောထားပေးဖို့ကတော့ သင့်တော်မယ်မထင်ပါဘူး ဘုရား။ 

ထိုင်း မြန်မာနယ်စပ်က ရတနာဆိုတဲ့ သောတရှင်တဦးကတော့ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်မှုဆိုတဲ့အပေါ် သဘောထားကို မေးမြန်းထားပါတယ်။ 

မေး။ အန်တီစုရှင် - မြန်မာပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မည်သည့်လက်နက်ကိုင်အမျိုးအစားက လက်နက်နဲ့ ငြိမ်းချမ်းရေးလုပ်ရမလဲ (သို့) မည်သည့်ဥပဒေဘောင်အတွင်းသို့ ဝင်ရမှာလဲ။ အန်တီစုရဲ့ အတွေ့အကြုံနှင့် ဘယ်လိုမြင်ပါသလဲ။ ရှင်းလင်းပေးစေလိုပါတယ်။

ဖြေ။ လက်နက်နဲ့ ငြိမ်းချမ်းရေးယူတယ်ဆိုတာဟာ အမြီးအမောက် မညီတဲ့ စကားဖြစ်ပါတယ်။ တကယ်တော့ လူအများစုဟာ ငြိမ်းချမ်းရေးကို နှစ်သက်ကြပြီး၊ လက်နက်ကိုင်တိုက်ခိုက်တယ်ဆိုတာကလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သေးလို့ သုံးရတဲ့နည်းလို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံကို စိုးမိုးတဲ့စနစ်နဲ့ ဥပဒေတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ မိမိတို့ရဲ့ ဘဝလုံခြုံမှုကို အာမခံပေးမယ့် နိုင်ငံရေးစနစ်နဲ့ ဥပဒေတွေ ရှိတယ်ဆိုတာကို ယုံကြည်နိုင်ကြရင် လက်နက်ကိုင်ပြီး ပြဿနာကို ဖြေရှင်းဖို့လည်း လိုတော့မှာမဟုတ်ပါဘူး။

မြန်မာနိုင်ငံတွင်းက အောင်ကိုကိုဆိုတဲ့ သောတရှင်ကတော့ အစိုးရနဲ့ပူးပေါင်းပြီး ရှေ့ဆက် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲဆိုပြီး မေးမြန်းထားပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်။ အန်တီ နိုင်ငံကိုသွားခွင့်ရှိပါသလား။ နောက်တခုကတော့ အန်တီအနေဖြင့် မြန်မာပြည်သူလူထုရဲ့ တကယ့်လိုအပ်ချက်များကို အစိုးရနှင့်ပူးပေါင်းပြီး ရှေ့ဆက်ဘာတွေများလုပ်ဖို့ အစီအစဉ်တွေ ရှိထားပါသလဲ။ လက်ရှိကာလတိုစီမံကိန်းတွေ လိုအပ်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။

ဖြေ။ ယခုထိတော့ အန်တီ နိုင်ငံခြားကိုသွားဖို့ လုပ်ကိုင်တာမရှိသေးလို့ သွားနိုင် မသွားနိုင် မပြောနိုင်သေးပါဘူး။ ဝန်ကြီးဦးအောင်ကြည်နဲ့ တတိယအကြိမ်တွေ့ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ဧရာဝတီ ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီကြောင်း ပြောပြီးဖြစ်ပါတယ်။ နောက်လည်း နိုင်ငံနဲ့ပြည်သူကို အကျိုးပြုနိုင်မယ့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရေတို စီမံကိန်းရော ရေရှည်စီမံကိန်းရော နှစ်မျိုးစလုံးကို စဉ်းစားပြီးဆောင်ရွက်မှ ပြည်သူတွေကို အချိန်တိုကာလအတွင်း ကျေနပ်မှုပေးနိုင်ပြီး တိုင်းပြည်အတွက် ရေရှည်အကျိုးပြုမယ့် လုပ်ငန်းတွေကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးမေးခွန်းတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီမှတ်ပုံတင်မယ်ဆိုတဲ့ သတင်းနဲ့ ဆိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဂျွန်ဂလင်းဆိုသူရဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီစာကို ကျနော်ပဲ ဖတ်ပြပါမယ်။ 

မေး။ အမေစုခင်ဗျား၊ NLD က ဦးသိန်းစိန်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တရားဝင် ပါတီအဖြစ် ရပ်တည်ရေးကို မျှော်လင့်နေပါတယ်ဆိုတဲ့ သတင်းတွေ ကြားသိရပါတယ်။ ဒါဟာ ပါတီရဲ့ မူလဆုံးဖြတ်ချက်တွေကို အခြေအနေတခုအရ ပြောင်းလဲသုံးသပ်ပြီး ဆုံးဖြတ်တယ်လို့ သုံးသပ်မိပါတယ်။ သို့သော်လည်း ပါတီတွင်းသော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်းသော်လည်းကောင်း ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲရေးအရ စဉ်းစားတာလားဆိုတာ ပထမ မေးခွန်းအနေနဲ့ မေးချင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ပါတီမှတ်ပုံတင်မလဲဆိုတာပါ။

ဖြေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီအနေနဲ့ ရပ်တည်ရေး မရပ်တည်ရေးနဲ့ ဒီကိစ္စနဲ့ပတ်သက်ဆက်နွယ်တဲ့ ကိစ္စအရပ်ရပ်ကို အဖွဲ့ချုပ်က တရားဝင် စဉ်းစားဆုံးဖြတ်ပြီးမှ အမေ သတင်းဌာနတွေကနေပြီးတော့ ဆွေးနွေးပြောဆိုမှာ ဖြစ်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။



 

No comments: