ကြေညာချက်မှာ အမည်စာရင်းနဲ့တကွ ကြေညာတယ်လို့ဆိုပေမယ့် အဲဒီ အမည်စာရင်းကို အများပြည်သူ သိရှိခွင့် မရသေးပါဘူး။
လွှတ်ပေးမယ့်အထဲမှာ နိုင်ငံရေးအကျဉ်းသား ပါမပါ ဆိုတာကိုလည်း တိတိကျကျ မသိရပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းကတော့ အရင်ကလွှတ်ပေးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် နိုင်ငံရေး အကျဉ်းသား ဆယ်ဂဏန်းသာပါမယ်လို့ ယူဆစရာဖြစ်ကြောင်း ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ ကတော့ ဒါဟာ အပြုသဘော အပြောင်းအလဲတခုဖြစ်ပြီး၊ ဆက်လက်ပြောင်းလဲနေဖို့လိုတယ်လို့လည်း ဆိုပါတယ်။ မြန်မာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်မဖြစ် အသေအချာ မပြောနိုင်သေးပေမယ့် ဖြစ်နိုင်တဲ့ အလားအလာဆီ ဦးတည်နေပြီလို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကတော့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာကြဖို့ကို မျှော်လင့်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော် သမ္မတရုံးမှထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံ
နိုင်ငံတော် သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။
၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။
၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့်အနေဖြင့် လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသောအနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
သတင်း - ဘီဘီစီ
ဓာတ်ပုံ - အေပီ
No comments:
Post a Comment