Thursday, October 13, 2011

သမ္မတ ဦးသိန်းစိန် ဗုဒ္ဓဂါယာ ရောက်

 
အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာက မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပင့်သံဃာ ၂၇ ပါးကို ကထိန်သင်ကန်းနဲ့ လှူဖွယ်ဝတ္ထုတွေကို အောက်တိုဘာ ၁၃ ရက်နေ့ မနက်က ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗုဒ္ဓဂါယာခရီးစဉ်ကတော့ ပြီးတဲ့နှစ် ဇူလိုင်လကုန်ပိုင်းကလာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ထက် လုံခြုံရေးတင်းကျပ်တာကြောင့် ဦးသိန်းစိန်နဲ့အဖွဲ့ မဟာဗောဓိဘုရားထဲရှိနေချိန်မှာ တခြားဘယ်သူမှ မဝင်ရအောင် အိန္ဒိယအစိုးရက စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ကထိန်အပြီးမှာတော့ ဓမ္မစင်္ကြာ တရားဦးဟောတော်မူရာ ဗာရာဏသီက မိဂဒါဝုန်ကိုထွက်သွားပြီး ညနေစောင်းမှာတော့ နယူးဒေလီကို ရောက်ရှိမှာဖြစ်ပါတယ်။

 
နယူးဒေလီမြို့မှာတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ ၂၀၀ နီးပါးက ဦးသိန်းစိန်ရဲ့ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နယူးဒေလီမြို့လယ်က ပါလီမန်နားမှာ ဆန္ဒပြခဲ့ပါတယ်။

 
သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ အိန္ဒိယအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေး၊ စိုက်ပျိုးရေး၊ ပညာရေး စတာတွေကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

 


 
 
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကတော့ ဦးသိန်းစိန်ရဲ့ခရီးစဉ်မပြီးမချင်း ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

သတင်း - ဘီဘီစီ
Photos: Getty Images, AP


 

No comments: