Monday, August 1, 2011

တိမ်ရောင်စုံချိန်မှာ (ခင်မင်းဇော်)


မခင်မင်းဇော် ခံစားရေးဖွဲ့ထားခဲ့တဲ့ မသန္တာရဲ့ ဘဝတစိတ်တပိုင်းကို ၈၈၈၈ နှစ်ပတ်လည် အမှတ်တရ အနေနဲ့ ပြန်လည် ဖော်ပြလိုက်တာပါ။ အမတို့ မိသားစုကိုလည်း အမှတ်ရရင်းနဲ့ပါ ...။
(အမ ခွင့်ပြုမယ် ထင်ပါတယ်)

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ရက်ကို နီးလာပြန်ပြီ။ အဲဒီနေ့ကစလို့ ဘဝတွေ တဆစ်ချိုးသွားခဲ့ကြတဲ့ မိသားစုတွေ ကျမတို့တိုင်းပြည်မှာ ဒုနဲ့ဒေးပါပဲ။ ဘာလိုလိုနဲ့ ၁၉ နှစ်ပြည့်တော့မယ်နော်။

ကျမ ကိုယ်တိုင်လည်း အဲဒီကစလို့ ရည်မှန်းချက်တွေ ပြောင်း၊ မျှော်လင့်ချက်တွေ ပြောင်း၊ ဘဝတွေ ပြောင်းလဲသွားလိုက်တာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ဝန်းကျင်တွေမှာ ကျင်လည်ရှင်သန်နေရတာ ခုထိဆိုပါတော့။ အဲဒီလိုပဲ ကျမ သူငယ်ချင်းတယောက်ရဲ့ဘဝလေးကို သတိတရနဲ့ရေးမိတဲ့ ရသစာစုလေးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ မျှဝေခံစား ကြည့်ပေးပါဦး။ နည်းနည်းရှည်သွားလို့ အပိုင်းခွဲ တင်ပေးလိုက်ပါတယ်။

အပိုင်း (၁)

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပြီး နေ့နဲ့ည မကွဲပြားတဲ့၊ ကမ္ဘာမှာ ထိပ်တန်းနာမည်ကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ သမီးရောက်နေတယ် အမေ။ သမီးတို့နေတဲ့ အထပ်မြင့် အိမ်ယာတခုရဲ့ အပေါ်ထပ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် ရောင်စုံမီးတွေနဲ့ လှလိုက်တာ။ ဒီနေ့ ဘယ်လိုမှ အိပ်မရဘဲ ကောင်းကင်က ကြယ်တွေ စုံညီနေတဲ့ညကိုကြည့်ရင်း အဖေနဲ့ အမေ့ကို သမီး သတိရနေပါတယ်။ အခုချိန်မှာ အမေသာ သမီးအနားမှာရှိနေရင် သိပ်ကောင်းမှာပဲ။ သမီးလုပ်နေရတဲ့ အလုပ်တွေကိုမြင်ရင် အမေက ဘာပြောနေမလဲ ဟင်၊ အမေ့တသက်တာမှာ အဖေ့ တသက်တာမှာ ဘယ်လိုမှ တွေးထင်မထားတဲ့ အလုပ်အမေရဲ့ ။ သမီးကြီးလာရင် တက္ကသိုလ်က ဆရာမ လုပ်မယ်နော် အမေလို့ ငယ်ငယ်တုန်းက ပြောခဲ့ဖူးတာလည်း မေ့ထားလိုက်ပါပြီ အမေရယ်။

အခု သမီး လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ အရောင်းစာရေးမပေါ့။ ဒါတောင်မှ သမီးက အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်လို့ အမေရဲ့။ သမီးတယောက် ဒီမှာ အဆင်ပြေနေတယ်လို့ ပြောလို့ရပေမယ့် အနာဂတ် မျှော်လင့်ချက်ဆိုတာကတော့ သမီးရဲ့ မွေးဖွားရာ ဇာတိတိုင်းပြည်ရဲ့ အနာဂတ်ပေါ်မှာပဲ ပုံအောထားဆဲပါ အမေရယ်။

တကယ်တော့ … …


အမေ့ကို ဆံပင်တွေ တခေါင်းလုံးဖြူနေတဲ့ မိန်းမကြီးတယောက်အဖြစ် ပြောင်းလဲသွားစေတဲ့ အချိန်တွေနဲ့အတူ အဖြစ်အပျက်တွေကလည်း များသားနော်။ တောမကျ၊ မြို့မကျ ကျမတို့ရဲ့မြို့လေးမှာ ကျမတို့အိမ်က နှစ်ဆောင်ပြိုင် ဆင်ဝင်အိမ်ကြီးနဲ့ တော်တော့်ကို ခမ်းနားထည်ဝါတယ်လို့ သုံးလို့ရပါတယ်။ ဒီအိမ်ကြီးမှာပဲ ကျမကို အဖေနဲ့ အမေက လူလားမြောက်စေခဲ့ပါတယ်။ အဖေကတော့ ရိုးသားတဲ့၊ ကြိုးစားတဲ့ ပရိဘောဂ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချသူအဖြစ် ကျမတို့မြို့မှာ လူသိများပါတယ်။

ဒါတွေက အခုပြန် ပြောပြရင် ရွှေထီးဆောင်းချိန်လို့ သုံးရမယ် ထင်ပါတယ်လေ။ ရိုးသားဖြောင့်မတ်သလို မဟုတ်မခံ စိတ်ဓာတ်ရှိတဲ့ အဖေဟာ သူတို့ကျောင်းတက်ခဲ့တဲ့ကာလ ၁၉၆၂ ဝန်းကျင်လောက်က အဖြစ်အပျက်တွေကို ဘယ်တော့မှ မမေ့ခဲ့ဘူးဆိုတာကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တော့မှပဲ ကျမ သိရတော့တယ်လေ။ အဖေက ကျမကို မွေးဖွားချိန်က စလို့ အလုပ်ကြိုးစားခဲ့တာ သမီးကို ပညာတတ်တယောက် ဖြစ်အောင် ဆိုဆုံးမခဲ့တာတွေရဲ့နောက်က တွန်းအားတွေဟာ ဘာတွေလဲလို့ အဲဒီ ရှစ်လေးလုံး လူထုလှုပ်ရှားမှု ဖြစ်တော့မှ သိခဲ့ရတာလည်း အမှန်ပါ။

အဖေက ၁၉၆၂ ခုနှစ်က ပထမနှစ်ကျောင်းသားဘဝပဲ ရှိသေးတယ်တဲ့။ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ကျောင်းဝင်းထဲမှာ လှည့်လည်ဆန္ဒပြနေခဲ့ပြီးမှ သေနတ်နဲ့မပစ်ခင် အချိန်လေးမှာပဲ ရန်ကုန်မြို့ထဲကို ခဏဆင်းသွားခဲ့တာ တဲ့။ အဖေက သူ ကံကောင်းခဲ့လား။ ကံဆိုးခဲ့လားဆိုတာ ဒီနေ့ထိဝေခွဲလို့ မရသေးဘူးလို့ ပြောပြခဲ့ပါတယ်။ သူ့ သူငယ်ချင်း ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတာ၊ သူနဲ့ ဆန္ဒပြဖော်ပြဖက်တွေ သေနတ်ပစ်ခံပြီး ကျဆုံးခဲ့တာတွေအပေါ်မှာ သူက ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲ တာဝန်ပျက်ကွက်ခဲ့သလို တာဝန်မဲ့သလို ဖြစ်ခဲ့တာတွေအတွက် သူ ကျောင်းပြီးအောင် မတက်တော့ဘဲ စာသင်ခန်းကို ကျောခိုင်းထွက်ခွာခဲ့တယ်။ နောက် အစိုးရအလုပ် ဘယ်တော့မှမလုပ်ဘူးဆိုပြီး ပရိဘောဂ လက်သမားအလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျမ ဒုတိယနှစ် တက်နေတဲ့အချိန် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုဖုန်းမော် ကျဆုံးတဲ့အဖြစ်ကစလို့ ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက်နဲ့ မတည်မငြိမ်ဖြစ်လာတော့ အဖေက ကျမကို အရေးကြီးတဲ့အချိန် ရောက်ပြီသမီး တဲ့။ ကျမကိုငယ်စဉ်ကနေ ခုချိန်ထိ တခါမှမပြောဖူးတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ မတရား သတ်ဖြတ်ခံရမှုတွေကို အဖေက စိတ်ပါလက်ပါနဲ့ ပြောပြပါတော့တယ်။ အဲဒီအချိန်က အဖေ့မျက်နှာဟာ နာကျည်းနေတဲ့ လူတယောက်က ဝမ်းနည်းကြေကွဲစွာ ပြောပြနေသလိုပဲလို့ ကျမခံစားမိပါတယ်။

ကျောင်းပိတ်လို့ ကိုယ့်မြို့လေးကို ကျမ ပြန်ရောက်တိုင်း မတ် ၁၄ တုန်းက ဘယ်လို၊ မတ် ၁၅ တုန်းက ဘယ်လို ၊ ၁၆ ရက်နေ့တုန်းက သမီး ဘယ်လိုပြေးခဲ့တာ သိလား အဖေ လို့ ပြောပြတဲ့အခါ အဖေက သေသေချာချာ နားထောင်ပြီး အသေအချာ ပြန်မေးတတ်ပေမယ့် အရမ်းအေးဆေးတဲ့ အမေကတော့ ဝင်မလုပ်ပါနဲ့သမီးရယ်။ တော်ကြာ ကျောင်းထုတ်ခံ နေရမယ် တဲ့။ ဒါ့ထက်ဆိုးရင် ထောင်ကျနေပါဦးမယ်လို့ ဝင်ပြောတတ်ပါတယ်။

အဲဒီတုန်းက အဖေက ကျောင်းသားတွေအရေးကို ကျောင်းသားတယောက်က ဝင်လှုပ်ရှားတာကို မကန့်ကွက်ပါနဲ့ကွာ။ ဒါ သူ လုပ်ကိုလုပ်ရမယ့် တာဝန် တဲ့။ ကျမကို မတားဘဲနဲ့ တခုခုဖြစ်လာခဲ့ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင်၊ အလွတ်ပြေးနိုင်အောင် စသည်ဖြင့် သင်ပေးပါတော့တယ်။ စစ်ထောက်လှမ်းရေးတွေက ကျောင်းဝင်းထဲမှာလည်း ရှိနေနိုင်တယ်ဆိုတာကို သူ့ခေတ်အခြေအနေနဲ့ နှိုင်းယှဉ်သတိပေးပါတယ်။ သမီးတို့မျိုးဆက်အလှည့်မှာ သမီး နိုင်သလောက်ဝန်ကို သမီး ထမ်းနိုင်ရမယ် တဲ့။

ဒုတိယအကြိမ် ကျောင်းပြန်ဖွင့်တော့ အဖေ့သတိပေးချက်တွေနဲ့အတူ ကျမတို့သူငယ်ချင်းတသိုက် လှုပ်ရှားကြပါတယ်။ ဇွန်လ ၂၁ ရက်နေ့က မြေနီကုန်းအဖြစ်အပျက်နဲ့ လှည်းတန်းလမ်းထိပ် အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ကျမ ကတော့ စစ်သားဆိုတာနဲ့ လုံထိန်း ဆိုတာကို မုန်းတီးသွားပါတော့တယ်။

ထုံးစံအတိုင်း မြို့လေးကို ပြန်ရောက်လို့ အဖေ့ကိုပြန်ပြောပြတဲ့အခါ အဖေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။

ဒီလိုနဲ့ … … … ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် လူထုလှုပ်ရှားမှုဖြစ်ပွားတော့ ကျမတို့မြို့လေးက ရှစ်ရက်နေ့မှာ ဆန္ဒပြပွဲ မဖြစ်ခဲ့ပါဘူး။ နောက်တနေ့ ကိုးရက်နေ့ရောက်တဲ့အခါမှာတော့ ကျမတို့မြို့လေးရဲ့ ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်းရင်း ကြွေးကြော်သံတွေတိုင်နေတဲ့ ဖေဖေ့ကို တွေ့ရပါတော့တယ်။ အမေက ကြောက်တတ်တော့ အဖေ့ကို တားပါသေးတယ်။

မခင်သစ်ရေ ...
ဒီသမိုင်းတကွေ့က ပြည်သူ့လှုပ်ရှားမှုမှာ ငါ မပါခဲ့ရဘူးဆိုရင် တာဝန်မကျေ ဖြစ်ရတော့မယ်ကွ လို့ အဖေက ပြောရင်း ကျမတို့မြို့လေးရဲ့ သပိတ်ကော်မတီမှာ တက်ကြွစွာ တာဝန်ထမ်းဆောင်ပါတော့တယ်။ အဖေဟောတဲ့ တရားတွေမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့အတူ ၆၂ လူသတ်ပွဲအကြောင်း၊ ၇၄ အလုပ်သမားသပိတ်နဲ့ လူသတ်ပွဲ၊ လူဖမ်းပွဲတွေ အကြောင်း စုံနေတာပါပဲ။ မြို့ကလူတွေနဲ့ ကျမ သူငယ်ချင်းတွေကတော့ သဘောတွေကျ လက်ခုပ်တွေတီးလို့၊ ကျမ ကိုယ်တိုင်လည်း အဖေ့ကို အရင်ထက် ပိုလေးစားမိလာပါတယ်။

အရာရာ သတိရှိရမယ် ဆိုတဲ့ ဖေဖေက စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းချိန်မှာ အဝေးကို ထွက်ခွာဖို့ ပြင်ဆင်ပြီးနေပါပြီ။ အမေနဲ့ကျမကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ အဲဒီနေ့က အဖေ့ကျောပြင်ကို ငေးကြည့်ရင်း အမေက မျက်ရည်တွေတွေ ကျလို့။ အံကို တင်းတင်းကြိတ်လို့။

ဆက်လက်ဖော်ပြပါမယ်။

No comments: