Tuesday, August 2, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၂)

 
အပိုင်း (၂)

ဖေဖေပြောခဲ့တဲ့ ကိုယ့်တာဝန်ကို ကျေအောင်ထမ်းတဲ့အနေနဲ့ ကျမကလည်း ကျောင်းသားလူငယ် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာ အဖွဲ့ဝင်အဖြစ် ဝင်လိုက်ပါတယ်။ အမေကတော့ အဖေကလည်း တောခိုသွား၊ သမီးကလည်း ပါတီဝင်အဖြစ် စည်းရုံးရေးတွေဆင်းနဲ့ တော်တော် စိတ်ဆင်းရဲဖြစ်လို့ပါပဲ။ အမေက ကျမကိုလည်း နိုင်ငံရေး မလုပ်စေချင်ပါဘူး။ အဖေ့ကို တားမရသလို ကျမကို တားမရတဲ့အခါ အမေ့စကားသံတွေဟာ တဖြည်းဖြည်း တိုးတိတ်လာသလို အမေ့တရားမှတ်ချိန်တွေလည်း တိုးတိုးလာနေပါတယ်။


ဒီလိုနဲ့ ၁၉၉၀ ရွေးကောက်ပွဲ မစခင်အချိန်မှာပဲ ကျမကို ဖမ်းဆီးပါတော့တယ်။ ကျမတို့ကို တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုဆိုပြီး တရားစွဲခံရပါတယ်။ တကယ်တော့ အဲဒီပုဒ်မနဲ့ မတရားဖမ်းဆီးခဲ့တာပါ။ တရားမဝင်အဖွဲ့ ဆိုတာကို ဘယ်မှာလဲလို့တောင် ကျမတို့က ပြန်မေးခဲ့ရတဲ့မေးခွန်းကို မသိချင်ယောင်ဆောင်ပြီး ထောင်ချခဲ့တာပေါ့။

ကျမကို အမိန့်ချတဲ့နေ့က အမေ့မျက်နှာကို ခုထိမျက်စိထဲမှာ မြင်ယောင်နေတုန်း။ သူ့ရဲ့ မျှော်လင့်ချက်တွေ အနာဂတ်တွေကို ပုံအောထားရတဲ့ တဦးတည်းသောသမီး ကျမကို ထောင်ဒဏ် ၈ နှစ်လို့ တရားသူကြီးက ချမှတ်လိုက်သံအပြီးမှာ ဖျတ်ခနဲလှမ်းကြည့်လိုက်တဲ့ ကျမကို ပြန်ကြည့်လိုက်တဲ့ အမေ့ရဲ့အကြည့်။ သနားခြင်းနဲ့အတူ ဖြစ်ရလေဆိုတဲ့ အကြည့်ပါ။ ကျမတို့အမှုတွဲက အယောက် ၂၀ လောက်ဆိုတော့ လာတဲ့ မိဘ ညီအကို မောင်နှမကတင် အများကြီးပေါ့၊ အဲဒီအများကြီးထဲက ကျမအတွက် အားကိုးရာ နောက်ဆံတင်းစရာ အမေကတော့ တယောက်တည်း ထီးတည်းရပ်လို့ တိတ်ဆိတ်ငြိမ်သက်နေတာကို တွေ့ရတော့ ကျမ ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်စွာ မျက်ရည်ကျမိပါတော့တယ်။ ကျမကို ချမှတ်ခံလိုက်ရတဲ့ ထောင်ဒဏ် ၈ နှစ်ကြောင့်မဟုတ်ဘဲ ကျမ အတွက် အမေ စိတ်ဆင်းရဲခဲ့ရပြီဆိုတာကို အဲဒီအချိန်က ခံစားလိုက်ရလို့ပါ။

အဖေ့သတင်းလည်း မကြားရတဲ့အချိန်၊ သမီးဖြစ်သူကလည်း ထောင်နှစ်ရှည်ကျရပြီဆိုတော့ အမေ ဘယ်လို တောင့်ခံမလဲလို့ ကျမ မတွေးတတ်ခဲ့ပါဘူး။ အမေက အင်မတန် ရိုးသားအေးဆေးပြီး ကြောက်တတ်သူလည်း ဖြစ်ပါသေးတယ်။

ကျမတို့မြို့လေးကနေ ကျမဆီကို ထောင်ဝင်စာလာတွေ့ရတဲ့ အမေဟာ မနက်အစောကြီး ရထားစီးလာရပါတယ်။ ကျမကို နေ့လည် ၂ နာရီလောက်မှ တွေ့ခွင့်ရပြီး ညနေဘက် ဘူတာရုံမှာ ရထားစောင့်အိပ်၊ မနက် ၄ နာရီ ရထားနဲ့ပြန်တဲ့ အမေ့ကို ထောင်ထဲက မြို့ခံ ထောင်ကျဖက်တွေက “ပင်ပန်းရင် မလာပါနဲ့အမေ၊ ကျမတို့ ရိက္ခာထုပ်တွေနဲ့မျှစားလို့ရပါတယ်” လို့ တောင်းပန်ပြောရင်း ၂ လ ၃ လမှ တခါလာတွေ့ဖို့ နားချကြပါတယ်။ တနှစ်အတွင်းမှာ အရမ်းအိုစာသွားတဲ့ အမေ့ကို ကြည့်ရင်း ကျမကတော့ ဘာမှ မပြောနိုင်ခဲ့ပါဘူး။ အမေ ဘာတွေ ဘယ်လို ရုန်းကန်နေမလဲလို့ တွေးကြည့်ရင်တောင် ရင်နာရပါတယ်။ အမေက စီးပွားရေးလည်း မလုပ်တတ်ဘူးလေ။

အဖေ့ကို ဒီအချိန်မှာ တမ်းတနေမလားလို့လည်း တွေးမိတဲ့အချိန်တွေ ရှိပါသေးတယ်။ အဖေရဲ့သတင်းကလည်း လုံးဝကို မြုပ်နေပါတယ်။ အမေက ထောင်ဝင်စာလာတွေ့ရင် စကားသိပ်မပြောပါဘူး။ ကျမမေးတဲ့ “အဆင်ပြေလား အမေ” ဆိုရင် “အင်း” တခွန်းတည်း ပြန်ဖြေတာမျိုးပဲ ရှိပါတယ်။ ကျမက ရပ်ကွက်ထဲကအကြောင်း၊ ဆွေမျိုးတွေအကြောင်း မေးရင်း စကားပြောနေရပါတယ်။ ဒါပေမယ့် အမေနဲ့ကျမ တိုင်ပင်မထားဘဲ စောင့်စည်းမိတာကတော့ အဖေ့အကြောင်း မပြောမိအောင်ပါ၊ တကယ်လည်း ကျမတို့သားအမိ ထောင်ဝင်စာ တလျှောက်လုံး အဖေ့အကြောင်း တခါမှ မပြောဖြစ်ခဲ့ပါဘူး။

တကယ်တော့ အဖေ့ကို မုန်းသွားလို့ မေ့သွားလို့ မဟုတ်ဘူးဆိုတာ အမေရော၊ ကျမရော ရင်ထဲက သိပါတယ်။ ကျမတို့ သားအမိ အပြောချင်ဆုံး စကားတွေကလည်း အဖေနဲ့ပတ်သက်ရာတွေပဲဆိုတာကို မပြောဘဲနေလိုက်ခြင်းဖြင့် ပြောနေကြတာပါပဲလေ။

ဆက်လက်ဖော်ပြပါမယ်။




 

No comments: