Monday, August 22, 2011

ဘင်သံ (မောင်တောက်)

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ စစ်အစိုးရတို့ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးနေတာ (၁ဝ) လကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် …”

အတူနေ သူငယ်ချင်း၏ ရေဒီယိုလေးမှ ညဦးပိုင်း သတင်းကြေညာနေပြီဖြစ်သော်လည်း ကျနော်ကတော့ တွေးလက်စ ငယ်ဘဝအရိပ်ထဲက ဘင်သံလေးနောက်သို့ အကြားအာရုံဖြင့် ဆက်လိုက်နေမိတော့သည်။ 

မှတ်မှတ်ရရ။

ကျနော်တို့ရွာရှိတခုတည်းသော ဈေးကြီးအဝင် ကုက္ကိုပင်အောက်မှ ထို ဘင်သံကို ပထမဆုံး စတင်ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ကလေးဘဝ၏ ပထမဆုံးကြားဖူးသော ဘင်သံမို့ မည်သည့်ကိစ္စကြောင့်ဟု မသိတတ်သေးသော်လည်း အပြေးအလွှားစုရုံးမိကြသော လူကြီး၊ လူငယ်၊ ကလေးအရွယ်များထဲတွင် ကျနော်လည်း ပါဝင်ခဲ့သည်။


“မျက်လှည့်ဝိုင်းပါလားကွ”

လူကြီးတယောက်၏ အာမေဋိတ်သံထွက်လာမှ စကားလုံးကိုသာ ကြားဖူးပြီး တကြိမ်မှ မကြည့်ဖူးသေးသော ကျနော်အဖို့ “တခါတော့ဖြင့် မျက်လှည့်ဆိုတာ ကြီး ကြည့်ရချေပြီ” ဟု ဝမ်းသာသွားကာ မြေကြီးပေါ် ထိုင်ချလိုက်မိသည်။ ဘင်သံ ကတော့ ခုထိ တီးနေမြဲ။ 

“ဟေ့ … ကလေး … နောက်ဆုတ် ဒီမှာ စည်းတားထားတယ်၊ စည်းဝိုင်းထဲ မဝင်နဲ့”

ဟိုက် … မျက်လှည့်ပြတာကလည်း စည်းတွေ ဘာတွေဆွဲလို့ပါလားဟု တွေးရင်း နောက်ဆုတ်ပေးလိုက်ရသည်၊။ 

“ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ထားပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံ ဆွေးနွေးနေတယ်ဆိုတာ”

ရေဒီယိုထဲမှ အင်တာဗျူးသံက ကျနော့်အတွေးပေါ် ဖြတ်ကျော်သွားသည်။ ဟင့်အင်း … ကျနော့်အတွေးပေါ်သာ မဟုတ်။ ကျနော်တွေးနေသော မျက်လှည့်ဝိုင်းပေါ်ကိုပါ ဖြတ်ကျော်သွားပြန်သည်။ ဘင်သံကတော့ ခုထိ တီးနေမြဲ။ 

ထို့နောက် ရုတ်တရက်ဆိုသလို ဘင်တီးနေသံရပ်သွားပြီး နှုတ်ခမ်းမွှေးကားကားနှင့် မျက်လှည့်ဆရာ ထွက်လာသည်။ ထို့နောက် ကြိုးတချောင်းကိုဖြတ်ပြီး ပြန်ဆက်ပြ၏။ ပိုက်ဆံ အကြွေစေ့တစေ့ကို လက်ဝါးပေါ်မှာပင် ဖျောက်ပြ၏။ ပြီးမှ ပါးစပ်ထဲကနေ ပြန်ထုတ်ပြ၏။ ကျနော်ကတော့ သဘောကျလို့ မဆုံး။ သို့သော် နံဘေးမှ လူကြီးတယောက်ကတော့ “အလကားပါ … ဒါတွေက အသေးအဖွဲတွေ လျှောက်လုပ်ပြနေတာ” ဆိုသော ရေရွတ်လိုက်သံကြောင့် မကျေမနပ်ဖြင့် ကျနော် လှမ်းကြည့်မိသေးသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို တယောက်ချင်း၊ တသုတ်ချင်း ခွဲလွှတ်နေတာ၊ အဲန်အဲလ်ဒီရုံးတွေကို ရန်ကုန်တိုင်း အတွင်းကမြို့နယ်တချို့မှာပဲ ဖွင့်ခွင့်ပေးနေတာဟာ …”

အတူနေ သူငယ်ချင်း၏ ရေဒီယို သတင်းကလည်း မရပ်နိုင်သေး။ ကျနော့် အတွေးကတော့ အရှိန်ကောင်းနေချေပြီ။ ဘင်သံတွေ ပြန်ကြားလိုက်ရပြန်၏။ မျက်လှည့်ဆရာက သေတ္တာပုံးထဲ သူ့လက်ကို ထိုးသွင်းလိုက်သည်။ ပြန်ထုတ်လိုက်သည့် အခါမှာတော့ မြွေကြီးတကောင် …။ 

“ဒါ … မြွေဟောက်ပဲ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်၊ ဆေးမမီဘူး” 

မျက်လှည့်ဆရာက သူ့လက်ထဲမှ အန္တရာယ်ကောင် မြွေကြီး၏ အစွမ်းသတ္တိကို မြေ‡ာက်ပင့်ပြောဆိုပြီး ကျနော်တို့ ပရိသတ်ကိုတော့ ထိုမြွေကြီးနှင့် ခြောက်လိုက်ပြန်သည်။ သိပ်မကြာ မြွေဆေး ရောင်းလေတော့၏။ 

“မျက်လှည့်ဆရာတွေကတော့ ဒီ အတိုင်းပါပဲကွာ၊ မြှောက်လိုက်၊ ပင့်လိုက်၊ ချော့လိုက်၊ ခြောက်လိုက်နဲ့ ပြီးရင် မြွေ ဆေးရောင်း၊ အလကား၊ စားပေါက်ထွင်တာ”

သည်တခါတော့ ကျနော့်ဘေးမှ လူကြီး၏မှတ်ချက်ကို ကျနော် မကြည်မဖြူ မဖြစ်တော့။ ကျနော့်လို ကလေးကိုပင် မြွေဆေး အတင်းရောင်းနေသဖြင့် သူ့လက်ထဲမှ မြွေကြီးကိုကြောက်ပြီး ဝယ်လိုက်ရသည်။ ရှိစုမဲ့စု မုန့်ဖိုးလေး တက်တက် ပြောင်လေတော့၏။ 

“နအဖဟာ ဂျပန်က အကူအညီရရေးအတွက် နိုင်ငံရေးအကျဉ်းသား တယောက်စ၊ နှစ်ယောက်စကို လွှတ်ပေး၊ တွေ့ဆုံဆွေးနွေးနေပါတယ်ဆိုပြီး လေသံ ပစ်နေတာပါ … လေသံပစ်နေတာပါ …”

ရေဒီယိုထဲမှ အသံက ကျနော့်ဘက်လွင့်လာသော်လည်း ကျနော့်အတွေးကတော့ မျက်လှည့်ဝိုင်းထဲမှ မထနိုင်တော့ပေ။ 

မျက်လှည့်ဆရာက မြွေကြီးကို အမျိုးမျိုးကိုင်တွယ်ပွတ်သပ်နေရင်းမှ ဆလင်ဒါပုံ သံစည်ပိုင်းထဲ ထည့်လိုက်သည်။ ထို့နောက် အဆိုပါမြွေကြီးအား ကြိုးတချောင်းဖြစ်သွားအောင် လုပ်ပြမည်ဟု ကြေညာလိုက်သည်။ ဘင်သံတွေကလည်း ညံလာပြန်၏။ ကျနော်တို့ပရိသတ်တွေ၏ အကြည့်တွေကလည်း မြွေကြီးနှင့် မျက်လှည့်ဆရာထံမှ မခွာ။ 

ထို့နောက် မြွေကြီးထည့်ထားသော သံစည်ပိုင်းထဲ ငုံ့ကြည့်လိုက်၊ ဂါထာတွေ ရွတ်လိုက်၊ မြွေအကြောင်း သိကောင်းစရာတွေ ပြောလိုက်၊ ဘင်သံပေးခိုင်းလိုက်နှင့် အချိန်တွေ အရမ်းကုန်သွားသော်လည်း မြွေကြီးကတော့ ခုထိ ကြိုးတချောင်း မဖြစ်သေး။ တချို့လူတွေက ပြန်သွားကြ၏။ တချို့က မြန်မြန်ပြပါတော့ဟု အော်ကြသည်။ မျက်လှည့်ဆရာကတော့ ထို အသံတွေကိုဂရုမစိုက်သည့်အပြင် နောက်ထပ် ဆေးတမျိုးရောင်းရန် ဆွဲထုတ်လိုက်သည်။ ကျန်နေသူတချို့ ပြန်သွားကြ၏။ ဘင်တီးသံ ထွက်လာပြန်ချေပြီ။ မျက်လှည့်ဆရာက ဘင်သံနှင့်အတူ ဆေးရောင်းသည်။ ထိုအခါ လူကြီးအားလုံးလိုလို ပြန်သွားကြတော့၏။ မျက်လှည့်ဆရာကတော့ မရောင်းလိုက်ရသော သူ့လက်ထဲမှ ဆေးထုပ်ကို ပစ်ချလိုက်ရင်း -

“အင်း … လူကြီးတွေကို မျက်လှည့်ပြချင်တာ လူကြီးတွေက တယောက်မှ မရှိတော့ပါလား” ဟု ညည်းသည်။ ကျနော်တို့ ကလေးတသိုက်ကတော့ ဘာလုပ်ပြဦးမည်နည်းဟု စိတ်ထဲမှာပင် တွေးနေကြရင်းနှင့် မျက်လှည့်ဆရာကိုသာ ကြည့်နေမိသည်။ ဘင်သံတွေ ဆူညံလာပြန်၏။ မျက်လှည့်ပြတော့မည်အထင်နှင့် ကျနော်တို့ ကလေးတသိုက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသေးသည်။ သို့သော်လည်း ကျနော်တို့ထင်သလို မဟုတ်ကြောင်း မျက်လှည့်ဆရာ ပစ္စည်းတွေသိမ်းနေတော့မှ သိရသည်။ 

ထိုနေ့က လူကြီးတွေကိုသာ မျက်လှည့်ပြချင်သော မျက်လှည့်ဆရာကြောင့် ကျနော်တို့ကလေးတသိုက်လည်း အညာခံလိုက်ကြရသည်။ 

“ဒါကြောင့် နအဖနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ဦးနှစ်ဖက်ယုံကြည်မှု တည်ဆောက်နေမှုဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲဆီရောက်ဖို့ တိုးတက်နေပြီလားဆိုတာ ခုထိ တွေးရခက်ကြီးပါပဲ ခင်ဗျာ …”

အတူနေ သူငယ်ချင်း၏ ရေဒီယိုမှ သတင်းသုံးသပ်မှု အစီအစဉ်အပြီး တီးလုံးကလေး ထွက်လာနေ၏။ ကျနော့်အကြား အာရုံထဲမှာတော့ ရေဒီယိုတီးလုံးသံက ခပ်ဝါးဝါး။ မျက်လှည့်ဝိုင်းမှ ဘင်တီးသံသာ ခပ်ကြွားကြွား ကျယ်လောင်နေတော့၏။

ရေစီးသံဂျာနယ်
(၁ - စက်တင်ဘာ - ၂ဝဝ၁)




 

No comments: