Tuesday, August 23, 2011

လွှတ်တော် အမတ်တွေနဲ့ ကင်တားနား တွေ့ဆုံ

 
ယနေ့ သြဂုတ် ၂၃ ရက်နေ့က ကြံ့ဖွံ့ လွှတ်တော်မှာတွေ့ရတဲ့ သောမတ် အိုဟေး ကင်တားနား နဲ့ ကချင်တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ်တဦး 

မြန်မာနိုင်ငံကို ၅ ရက်ခရီးစဉ်အဖြစ်ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ အစိုးရ အရာရှိကြီးတွေအပြင် နိုင်ငံရေး ပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို အင်္ဂါနေ့ မနက်က တွေ့ဆုံခဲ့ပါတယ်။


 
 ယနေ့ သြဂုတ် ၂၃ ရက်က ကြံ့ဖွှံ့အစိုးရ လွှတ်တော်ကိုရောက်လာတဲ့ သောမတ် အိုဟေး ကင်တားနား 

တိုင်းရင်းသား ပါတီတွေအများစု အပါအဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ စတဲ့ ပါတီပေါင်း ၁၇ ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၉ ယောက်နဲ့ မစ္စတာ ကင်တားနား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ ဘာတွေပြင်ဆင်ထားသလဲ ဆိုတာ မစ္စတာ ကင်တားနားက မေးမြန်းခဲ့တယ်လို့ ဆွေးနွေးရာမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတယောက်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦစိုင်းဆောင်ဆီက ပြောပါတယ်။

သူ့အနေနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ နယ်စပ်ဆီ ထွက်မပြေးကြရဘဲ ကိုယ့်နိုင်ငံတွင်းမှာတင် ခိုလှုံနေနိုင်အောင် ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်နိုင်ရေးကိစ္စနဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ ရွေးကောက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးစိုင်းဆောင်စီက ပြောပါတယ်။
 ကင်တားနား နဲ့ ကြံ့ဖွံ့အစိုးရ လွှတ်တော် ဥက္ကဋ္ဌ (ဗိုလ်) သူရ ရွှေမန်း

ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်ရေးကိစ္စဟာ လူ့အခွင့်အရေးဘက်ကသာမက ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် ပြည်သူလူထုရဲ့ အခွင့်အရေး ဖြစ်တယ်၊ ပြည်သူတွေ ကျေကျေနပ်နပ် ရွေးချယ်ထားသူတွေကသာ သူတို့ကို အုပ်ချုပ်ခွင့် ရသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ရွေးချယ်ပုံ

လွှတ်တော်ကနေ အတည်ပြုဖို့ရှိသေးပြီး လက်ရှိချပြထားတဲ့ ဥပဒေမူကြမ်းအရဆိုရင် ဆယ်အိမ်မှာ တယောက်နှုန်း ရွေးချယ်ရာကတက်လာတဲ့ ဆယ်အိမ်မှူးတွေရှိလာကြမယ်၊ အဲဒီ ဆယ်အိမ်မှူးတွေထဲမှာ ဘယ်သူက ရပ်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သင့်တာကို ဆယ်အိမ်မှူးတွေကပဲ ပြန်လည် ရွေးချယ်ကြမယ်ဆိုတဲ့ကိစ္စဟာ အများဆန္ဒကို မဲနဲ့ ရွေးမှာဖြစ်လို့ လူထုအတွက် သင့်တော်တယ် လို့ ဦးစိုင်းဆောင်စီ က ယူဆပါတယ်။

အင်္ဂါနေ့က မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့ကြတဲ့ ပါတီတွေထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ တစုံတရာ ဝင်ရောက် ဆွေးနွေးတာမရှိခဲ့ဘဲ နားထောင်ရုံသက်သက်ပဲလို့ သိရပါတယ်။

 
 ကင်တားနား နဲ့ ကြံ့ဖွံ့အစိုးရ လွှတ်တော် ဥက္ကဋ္ဌ (ဗိုလ်) သူရ ရွှေမန်း

ကျန်တဲ့ပါတီအသီးသီးကတော့ သူတို့နယ်မြေ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးစိုင်းဆောင်စီက ပြောပါတယ်။

မစ္စတာ ကင်တားနား က အခု ဆွေးနွေးခဲ့တာတွေကို မှတ်တမ်းတင်ထားပြီး အောက်တိုဘာလမှာ ပြုလုပ်မယ့် လူ့အခွင့်အရေးဆိုင်ရာ ညီလာခံမှာ တင်ပြသွားမယ်လို့ ပြောခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ နေ့လည်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

သတင်း - ဘီဘီစီ
Photos: AP, Getty Images




No comments: