Sunday, August 7, 2011

တိမ်ရောင်စုံချိန်မှာ (ဇာတ်သိမ်းပိုင်း )

 

အခန်း (၅)

ကျမဆီမှာ အမေနဲ့အဖေတို့ရဲ့ နောက်ဆုံးအချိန် တယောက်နဲ့တယောက် ရေးထားတဲ့ စာလေး နှစ်စောင် ခုထိ ရှိပါသေးတယ်။ ဘဝမှာ ကိုယ့်အတွက် ဘာအခွင့်အရေးကိုမှ ရယူမသွားဘဲ တတ်နိုင်သလောက် စွန့်လွှတ်သွားနိုင်တဲ့ ကျမရဲ့မိဘတွေက ကျမအတွက် စံပြလူသားတွေပါပဲ။
…………………………….
………………………………………..


အခြေအနေတွေ အမျိုးမျိုးကြားမှာ ……….

နိုင်ငံရေး ရာသီတွေ အမျိုးမျိုးကြားမှာ ………….

သား ၂ ယောက် ထွန်းကားခဲ့ပါတယ်။ နောက် ကျမတို့တမိသားစုလုံး နိုင်ငံရေးဒုက္ခသည်အဖြစ် လျှောက်ခဲ့ပြီး အခုလို အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေပါပြီ။

ဒါပေမယ့် … … … … …

ကျမတို့ … ဒီကိုရောက်လာတဲ့ လမ်းတလျှောက်မှာ …

ကျမ ချစ်ရတဲ့ အမေ့အသက် …၊ အဖေ့အသက် …၊

နောက် ကျောင်းသားတွေအသက်၊ ဘဝ၊ အနာဂတ်၊ မျှော်လင့်ချက်တွေ …

ကျမ မသိတဲ့ ရဲဘော်တွေအသက်၊ ဘဝ၊ အနာဂတ်၊ မျှော်လင့်ချက်တွေ … …

အညတရ အမည်မသိသူတွေ အသက်၊ ဘဝ၊ အနာဂတ်၊ မျှော်လင့်ချက်တွေ … … …

အားလုံး အားလုံးကို ရင်းခဲ့ရတယ် … … …

အားလုံးကို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာကို

ကျမ သိနေတဲ့နောက်မှာတော့ … … …

ကျမ ပျော်ရွှင်နိုင်ပါ့မလား။

အခုရရှိနေတဲ့ လုံခြုံပြည့်စုံခြင်းကို … ကျမ တပ်မက်နေလို့ ရပါတော့မလား။

ကျမက ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သူများလား … … …

ကျမ ခုလိုပဲ အိပ်မပျော်တဲ့ညတွေ၊ အိပ်မရတဲ့ ညတွေထဲများ .. များ ... လာ … …

ကျမနဲ့အတူ ထောင်ကျဖက်တွေ … …

ကျမနဲ့အတူ ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်တွေ … …

ဆုံခဲ့ဖူးတဲ့ နယ်စပ်က ညှင်းပန်းနှိပ်စက် ဖိနှိပ်ခံ စစ်ပြေးဒုက္ခသည်တွေ … … …

ကိုယ့်ပြည်တွင်းမှာ ကျပ်တည်းလွန်းလို့ မနေနိုင်တော့ဘဲ ရေကြည်ရာ မြက်နုရာရှာဖွေ ရောက်ရှိလာတဲ့ နယ်စပ်တလျှောက်က ကိုယ့်နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ …

သူတို့ … သူတို့ကို သတိမရတဲ့နေ့ မရှိခဲ့သလို …

ကျမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ ညတွေလည်း မရှိနိုင်တော့ပါဘူး။

ကျမ နောင်တရနေသလား။ ကိုယ့်ကိုယ်ကို မကျေနပ်ဖြစ်နေလား။

ကိုယ်ပိုင်မေးခွန်းတွေနဲ့ ကိုယ်တိုင် မဖြေရဲတော့တဲ့ ဘဝပါ။

၁၉ နှစ်ဆိုတာ သမိုင်းထဲမှာ လျှက်တပြက်၊ စာကြောင်းတကြောင်းတည်းနဲ့ ဖော်ပြလို့ ရပါတယ်။

ကျမတို့ပြည်သူတွေ ဘဝတွေမှာတော့ ၁၉ နှစ်အတွင်းမှာ … … …

အခန်း (၆)

နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် ၊ မင်းရေးကျယ် တဲ့။

အချိန်အခါအလိုက် အရောင်အမျိုးမျိုး၊ အဆင်အမျိုးမျိုး၊ ပန်းအမျိုးမျိုးပြောင်းလဲတတ်တယ်ဆိုရင် … … …

တိမ်ရောင်စုံချိန်တွေ မြင်ရတဲ့အချိန် … … …

တနေ့နေ့ … … …

အဲဒီတနေ့နေ့မှာ………………….

ကျမတို့ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်ပျော်ရွှင်ဖွယ်

အနာဂတ်ရွှေပြည်ကြီးကို ရောက်ကို ရောက်လာမှာပါလို့ … … …

(ခုချိန်မှာ) ဘာမှ မလုပ်နိုင်တော့တဲ့ ကျမက

မျှော်လင့် တမ်းတနေတယ်ဆိုရင်လည်း … … …

လွန်လွန်းနေမလား။ ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

(ထောင်ကျဖော်၊ နယ်စပ်ခရီးတထောက်မှ ရဲဘော်ရဲဖက်၊ ချစ်သူငယ်ချင်းမတယောက်ရဲ့ ဘဝတစိတ်တပိုင်းကို ခံစားရေးဖွဲ့ကြောင်း ဝန်ခံအပ်ပါသည်)




 

No comments: