Friday, August 5, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၄)

 
အပိုင်း(၄)

အမေ ဆုံးပြီးတော့ အဖေ့အတွက် အမေရေးခဲ့တဲ့ စာလေးကိုသိမ်းထားရင်း အဖေ ရှိနိုင်မယ့် တော်လှန်ရေးနယ်က သတင်းတွေကို ရသလောက် စုံစမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတယောက် အဆက်အသွယ်နဲ့ ငြိမ်းချမ်းရေးအဖွဲ့ တခုနဲ့ ဆက်သွယ်မိပါတယ်။ သူတို့အဖွဲ့ထဲမှာ ပါဝင်လာတဲ့ ကျောင်းသားတွေက ကျမအဖေကို သိတဲ့သူတွေဖြစ်တာကြောင့် အဖေ့ကိုရှာဖို့ နယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတော့တယ်။

ကျမ နယ်စပ်စခန်းတခု ရောက်တဲ့အခါမှာ ကျမ အဖေသတင်းက စုံစမ်းလို့ မရတော့ပြန်ပါဘူး။  ကျောင်းသားစခန်းတခုမှာ ၂ နှစ်ကျော် ကြာခဲ့ပါတယ်။ အဲဒီ စခန်းထဲက ကျောင်းကလေးမှာ စာသင်တဲ့ ဆရာမ လုပ်ရင်းနဲ့ အဲဒီစခန်းမှာပဲ ကျမက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်တဦးနဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ စခန်းတွေ တခုပြီးတခု အခြေအနေတွေအရ ပြောင်းရွှေ့ကြရင်းနဲ့ ထိုင်း - မြန်မာ နယ်စပ်ကို ရောက်ရှိလာပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ အဖေ့သတင်းကိုကြားလိုက် ဆက်စုံစမ်းလိုက် ပျောက်သွားလိုက်နဲ့ တော်တော် ကြာသွားပါတယ်။ သိတဲ့လူတွေများပေမယ့် မာနယ်ပလော ကျပြီး ကွဲသွားတာမို့ ဘယ်ရောက်သွားတယ်ဆိုတာ မပြောနိုင်ကြပါဘူး။


တနေ့ ကျမ စုံစမ်းနေတဲ့ ကျမ အဖေနေခဲ့တယ်ဆိုတဲ့ နယ်စပ်ရွာလေးတရွာက လူတယောက် ရောက်လာပါတယ်။ သူက ကျမ ကိုမြင်တာနဲ့ “ဦးညိုမောင့်သမီး မဟုတ်လား” လို့ မေးလာပါတယ်။ ကျမက အဖေနဲ့ အတော်တူတဲ့သမီး ဖြစ်ပါတယ်။ ကျမ က “ဟုတ်ပါတယ်” လို့ ဝမ်းသာအားရ ဆိုတော့ သူက အားတုံ့အားနာ မျက်နှာပေးနဲ့ တုံ့ဆိုင်းဆိုင်း စကားပြောလာ ပါတယ်။

“ဦးညိုမောင် ဆုံးသွားပြီ … အမရယ်” တဲ့။

ကျမက အံ့အားတသင့် သူ့ကိုကြည့်နေတော့ သူက ဆက်ပြောပြပါတယ်။ “ဦးလေးဆုံးချိန်က မဲဆောက်မှာ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေ အရမ်းဖမ်းနေတဲ့အချိန်ပေါ့ အမရယ်။ ကျနော်တို့အားလုံး တောတွေထဲမှာ သွားပုန်းနေရတယ်။ ဦးလေးလည်း ကျနော်တို့နဲ့အတူ ပါလာတယ်လေ။ ဦးလေးကို မြို့ပေါ်မှာပဲ နေခဲ့ဖို့ပြောပေမယ့် သူက အလုပ်သမားတွေနဲ့ပဲ အတူနေမယ် တဲ့။

တောထဲမှာ ငှက်ဖျားဖြစ်တော့ ဆေးလည်းမဝယ်နိုင်၊ ထမင်းလည်းငတ်နဲ့ အမရယ်။ နောက် ကျနော်တို့တွေ မဖြစ်ဘူး ဆေးခန်းတော့ မဖြစ်ဖြစ်အောင်ပို့ရမယ်လို့ တိုင်ပင်ပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ကျောင်းသားဆေးခန်းကို သွားအပို့ လမ်းမှာပဲ ဆုံးသွားတယ် အမရယ် တဲ့။ သေတဲ့ရက်ကို ကျနော် အသေအချာ မမှတ်မိတော့ဘူး အမရယ်၊ စိတ်မဆိုးပါနဲ့နော်။ ဦလေးက လူကောင်းပါ အမရယ်။ ကျနော်တို့ သူ့အသက်ရှင်အောင် မလုပ်ပေးနိုင်ခဲ့တာ ခုထိ စိတ်ထဲမှာ မကောင်းဘူး။ ဦးလေး သမီး စုံစမ်းနေတယ်လို့သတင်းရလို့ ကျနော် အမကို မတွေ့ တွေ့အောင်ရှာပြီး လာပြောပြတာပါ။ ဦးလေးအတွက် ဆွမ်းသွတ် အမျှဝေပေးလိုက်ပါ အမရယ်”

စကားတွေ မနားတမ်းပြောရင်း သူက ကျမကို တောင်းပန်နေပါတယ်။ အော် အဖေ … သူတို့လို လူကောင်းတွေ လက်ထဲမှာ ဆုံးပါးခဲ့ရတာမို့ ကျမ ကျေနပ်ပါတယ် အဖေ။ အဖေက ရန်သူ့လက်အောက်မှာ အနှိပ်စက်ခံ ၊ အဖိနှိပ်ခံနေရတဲ့ ဘဝမှာ ကွယ်လွန်ခဲ့တာမဟုတ်သလို ကိုယ့်လူမျိုးတွေကို ရောက်ရာဒေသကကူညီဖို့ ကြိုးစားနေရင်း အဖေကိုချစ်တဲ့ လေးစားတဲ့ အဖေ့အလုပ်သမား ရဲဘော်တွေနဲ့ သေအတူ ရှင်မကွာနေရင်း ကွယ်လွန်ခဲ့တာမို့ သမီး ဖြေသာပါတယ်နော် အဖေ။

အဲဒီ အလုပ်သမားလေးက ဟောင်းနွမ်းနေတဲ့ စာတစောင်ကို ကျမ လက်ထဲ ထိုးထည့်ပေးရင်း “အဲဒါ ဦးလေး လွယ်အိတ်ထဲမှာ ကျန်ခဲ့တဲ့ စာအိတ်ကလေးပါအမ” တဲ့။ ကျမတို့အိမ်လိပ်စာလေးနဲ့ အဖေ့ရဲ့လက်ရေးကို မြင်လိုက်ရပါတယ်။ အဲဒီ မောင်လေးက ဆက်ပြောပါသေးတယ်။ “စာကို စာတိုက်က မထည့်ရဲလို့ သိမ်းထားတာ အမရဲ့”။ အတော်ပဲ ဖြစ်သွားတယ်။

စာအိတ်နွမ်းနွမ်းလေးကို ကျမဖွင့်လိုက်တော့ … … …

မခင်သစ် နဲ့ သမီးသို့
ဘဝမှာ တွေ့ကြုံတော်စပ်ခဲ့ရတဲ့ ကိုယ့်ပါရမီဖြည့်ဖက်တွေအတွက်
ကိုယ် မကျေပွန်ခဲ့တဲ့ တာဝန်တွေအတွက် တောင်းပန်ခဲ့ပါတယ်။
ညိုမောင်

ရက်စွဲမဲ့ စာလေးက ကျမကို တုန်လှုပ်စေခဲ့ပါတယ်။ အဖေက ကျမတို့ကို အမြဲသတိရနေခဲ့တာလား။ ကျမတို့ကို ထားခဲ့ရတဲ့အတွက် နောင်တရနေခဲ့သလား။ အမေ သေတာကို အဖေ သိသွားခဲ့ပါသလား။ အဖေလိုချင်တဲ့ အဖေ မြင်ချင်တဲ့ တိုင်းပြည်အတွက် အဖေ ပေးဆပ်ခဲ့မှုတွေအတွက် သမီးက ဂုဏ်ယူနေတာပါ အဖေ။ ဘယ်သူတွေ အသိအမှတ်ပြုပြု မပြုပြု။ ရန်သူကို ဘယ်တော့မှ ဘယ်လိုအခြေအနေမှာမှ ဒူးမထောက် အညံ့မခံခဲ့တဲ့ အဖေ ဦးညိုမောင် အတွက် သမီးက အမြဲဂုဏ်ယူနေတယ်ဆိုတာကို အဖေ တမလွန်က သိပါစေနော်။

 ဆက်လက်ဖော်ပြပါမယ်။




 

No comments: