Saturday, August 13, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၁၀ သြဂုတ် ၂၀၁၁

ဒီသီတင်းပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့တဲ့ မှတ်ချက်နဲ့ မေးခွန်းတွေထဲမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ပါတီနိုင်ငံရေး၊ ၉၀ ရွေးကောက်ပွဲပြီးတဲ့နောက် NLD ကို အာဏာမလွှဲခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့မေးခွန်း၊ NLD ရွေးကောက်ပွဲဝင်ရေး တိုက်တွန်းချက်နဲ့ ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းနဲ့ လူထုထောက်ခံမှု၊ ပြည်နယ်ထူထောင်ခွင့် မရသေးတဲ့ တိုင်းရင်းသားတွေရဲ့ အနာဂတ်အရေးတွေ အပါအဝင် ယိုယွင်းပျက်စီးလာနေတဲ့ ဧရာဝတီမြစ်ကြီး ပြုပြင် ထိန်းသိမ်း ကယ်တင်ရေးဆိုင်ရာတွေ ပါဝင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်ဆိုပေမဲ့ သူ့အမြင်မှာ မကင်းတာတွေကို တွေ့ခဲ့ရလို့ ရှင်းပြပေးဖို့ မေးထားသူကတော့ သောတရှင် ကိုသက်တင်ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံ့ဝန်ထမ်းမှန်သမျှ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ စစ်အစိုးရရဲ့အမိန့်အပေါ် ဘယ်လို သဘောရပါသလဲ၊ လက်ရှိ ဝန်ထမ်းလောကမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးပါတီကြီးတစ်ခုက ဝန်ထမ်းတွေကို အသုံးချတာ၊ ဝန်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးပါတီ ထ ထောင်တာတွေဟာ ဝန်ထမ်း မှန်သမျှ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ အချက်အပေါ် ငြိစွန်းခြင်း ရှိ မရှိ ပြန်ကြားပေးစေလိုပါတယ်။


ဖြေ။ ။ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံရေးကင်းရှင်းရမယ် ဆိုတဲ့အတွက် အစိုးရဌာနတွေကို အသုံးချပြီး ကိုယ့်အဖွဲ့ အစည်းရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်ခြင်းကို ဟန့်တားဖို့ ဖြစ်ရပါမယ်။ ဒါ့ကြောင့် ကိုသစ်တင် ပြောသလို ပါတီတခုက မိမိတို့အကျိုးအတွက် အစိုးရဌာနဝန်ထမ်းတွေ၊ ပစ္စည်းတွေ၊ လုပ်ပိုင်ခွင့်တွေကို သုံးစွဲနေတယ်ဆိုရင် ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ ပြဌာန်းချက်ရဲ့ သဘောတရားကို ပြောင်ပြောင်ကြီး ချိုးဖျက်ရာ ရောက်ပါတယ်။

ဒီမှာ တခု ထပ်ပြီးတော့ ပြောချင်တာကတော့ ဝန်ထမ်းတွေဟာ မိမိတို့ရဲ့အလုပ်ခွင်ပြင်ပမှာ မိမိတို့ သဘောကျတဲ့ နိုင်ငံရေးအဖွဲ့အစည်းကို အားပေးထောက်ခံနိုင်တဲ့ အခြေခံ အခွင့်အရေးတွေတော့ ရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့နောက် NLD ကို အာဏာမလွှဲခဲ့တာနဲ့ပတ်သက်ပြီး သိပ်မကြာသေးခင်က ထွက်လာတဲ့ အဆင့်မြင့် တာဝန်ရှိသူတဦးရဲ့ မှတ်ချက်နဲ့ ဆက်စပ်ပြီးတော့ သမိုင်းမှန်သိအောင် ဖြေပေးဖို့ ရန်ကုန်မြို့က ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားထားပါတယ်။

မေး။ ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တာ မှန်ပေမယ့်လည်း သူတို့အာဏာရလာတဲ့အခါ စစ်အစိုးရကို စစ်ခုံရုံးတင်မယ်၊ ဂလဲ့စားချေမယ် စတဲ့အသံတွေကြောင့် အာဏာမပေးဖြစ်ခဲ့ဘူးလို့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများတွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောသွားတယ်လို့ သတင်းထဲမှာ ကြားလိုက်ရလို့ အဲ့ဒီ အချိန်က NLD ပါတီမှာ ဒီမူဝါဒရှိခဲ့ပါသလား၊ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်ကို နိုင်ငံလူထုသိအောင် ရှင်းလင်းပေးပါ။ “အာဏာလိုချင်လို့ ရွေးကောက်ပွဲ ဝင်တာမဟုတ်ဘူး၊ ဒီမိုကရေစီရဖို့ ရွေးကောက်ပွဲဝင်တာ၊” “အမျိုးသား ညီလာခံက ထွက်လာတာကလဲ ကျမတို့လိုချင်တာကိုမရလို့ ထွက်လာခဲ့တာ မဟုတ်ဘူး။ ပြည်သူလူထု လိုချင် တမရ လို့ ထွက်လာခဲ့တာ” လို့ ပြောခဲ့တဲ့ တကာမကြီးရဲ့ မိန့်ခွန်းစကားတွေကို ဘုန်းကြီး အလေးစားဆုံးပါပဲ။

ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်တုန်းကမှ တပ်မတော်အရာရှိတွေကို စစ်ခုံရုံးတင် စစ်ဆေးမယ် ဆိုတဲ့ မူဝါဒကို ချမှတ်ခဲ့တာမရှိပါဘူး ဘုရား။ ရွေးကောက်ပွဲနိုင်တဲ့အခါမှာ အမျိုးသားရင်ကြားစေ့ရေးကို ဒီမိုကရေစီနည်းလမ်းကျကျ ဖော်ဆောင်မယ်ဆိုတဲ့မူသာ ရှိခဲ့ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြောသလို အထင်လွဲ အမြင်လွဲစရာကိစ္စတွေ ရှိခဲ့တယ်ဆိုရင်လည်း နှစ်ဦးနှစ်ဘက် တွေ့ဆုံပြီး ဆွေးနွေးခဲ့ရင် သင့်တော်ပါမယ် ဘုရား။ တဘက်သတ် အမြင်နဲ့ပဲ ဆုံးဖြတ်တာဟာ မသင့်တော်သလို တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူးလို့ ထင်ပါတယ် ဘုရား။

၂၀၁၀ ရွေးကောက်ပွဲကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူတွေထဲက တချို့နယ်မြေ ဒေသတွေမှာ လူထု ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်တချို့ကို ထောက်ပြပြီး လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ NLD ကို တိုက်တွန်းထားသူကတော့ ကိုနောင်ချိုဖြစ်ပါတယ်။

မေး။ ။ အခုကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံစည်းမျဉ်းက ပြည်သူတွေအတွက် ကောင်းကျိုးမပြုတာ မဟုတ်ဘဲ ပြည်သူတွေ ရွေးတင်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူတွေအတွက် လုပ်ပေးချင်စိတ် ရှိ-မရှိ ဆိုတာနဲ့ပဲ ဆိုင်တယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ NLD သာဝင်ပြိုင်ခဲ့လို့ နေရာတချို့ အနိုင်ရခဲ့ရင် မြို့နယ်အချို့မှာ ပြည်သူတွေ အားကိုးအားထားပြုနိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်များလည်း တော်တော်များများ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် လက်တွေ့လည်းကျ၊ ပြည်သူတွေကိုလည်း တရားဥပဒေ ဘောင်အတွင်းက ကူညီနိုင်မဲ့ NLD လွှတ်တော်ကိုယ်စားလှယ်များကို မြင်ချင်ပါတယ်။

အမေစုခင်ဗျား၊ ကျနော်တို့ရဲ့ဆန္ဒပြည့်ဝအောင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အလေးအနက်စဉ်းစားပေးပါလို့ တိုက်တွန်း တောင်းဆိုချင်ပါတယ်။

ဖြေ။ ။ ပြည်သူတွေတင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် တကယ် ဆောင်ရွက်ပေး ဖို့ လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက် လုပ်နိုင် မလုပ်နိုင်ဆိုတာ လွှတ်တော်ကို ဘယ်လောက် အခွင့်အရေးပေးထားတယ်ဆိုတာအပေါ်မှာလည်း မူတည်ပါတယ်။ နောက်ဆုံးတော့ လွှတ်တော်ကိုယ်စား လှယ်တွေတင်မက နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြီးတော့ ကန့်သတ်ထားတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။

သား ကိုနောင်ချိုပြောသလို မတရားသဖြင့် လယ်ယာတွေ သိမ်းဆည်းတာနဲ့ပတ်သက်လို့ NLD က တနိုင်ငံ လုံးမှာ ဥပဒေကြောင်းအရ ပြည်သူ့ဘက်က ဆောင်ရွက်ခဲ့တာကြာပါပြီ။ အခုလည်း ဆက်ပြီးတော့ ဆောင်ရွက်နေဆဲပါ။ ပြည်သူအတွက် တကယ်လုပ်ပေးချင်တယ်ဆိုရင် လွှတ်တော်ထဲရောက်မှ လုပ်ပေးနိုင် တာ မဟုတ်ပါဘူး။

ကြုံလို့ ပြောရမယ်ဆိုရင် ဒီလို လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ မျိုးစပါး ဇွတ်အတင်း ၀ယ်ခိုင်းတဲ့ကိစ္စတွေကို လွှတ်တော်ထဲမှာ တင်ပြခဲ့တယ်ဆိုတာ အမေ မကြားခဲ့ပါဘူး။ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ပြေလည်ခဲ့တာ ရှိတယ်ဆိုတာကိုတော့ ကြားရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် လားဟူအမျိုးသားတဦးဖြစ်သူ ကျဒေါရှာရဲ့ မေးခွန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ NLD အပေါ် လူထုရဲ့ထောက်ခံမှုကြား အဆက်အစပ်ကို မေးခွန်းထုတ်ထားတာဖြစ်ပါတယ်။

မေး။ ။ ကျနော်မေးချင်တဲ့ မေးခွန်းကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး မပါဝင်ခဲ့ဘူး။ နောက် လူထုကြားမှာလည်း မဲမပေးချင်ရင် မဲမပေးဘဲ နေနိုင်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ ပြည်သူအများစုဟာ မဲထည့်ခဲ့ကြပါတယ်။ ဒီလို လူအများစုက မဲထည့်တာကိုကြည့်ပြီး လူထုက NLD အပေါ် ယုံကြည်မှုနဲ့ ထောက်ခံမှုတွေ ကျဆင်းသွားပြီလို့ သုံးသပ်မယ်ဆိုရင် ဒီသုံးသပ်ချက်ဟာ မှန်ကန်တယ်လို့ ပြောနိုင်ပါ မလား။ ဒေါ်အောင်ဆန်း စုကြည်ရဲ့အမြင်ကို သိလိုပါတယ်ခင်ဗျာ။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲဟာ နက်ရှိုင်းတဲ့ အပြစ်အနာအဆာတွေ ရှိခဲ့တယ်ဆိုတာကို အင်မတန်မှ ထိန်းထိန်းသိမ်းသိမ်း ပြောလေ့ရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကိုက ပြောခဲ့ပါတယ်။ ဒီတော့ ပြည်သူတွေ ဘယ်လောက် ထောက်ခံတယ်၊ မထောက်ခံတယ်ဆိုတာက ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ ဘယ်လောက် ထောက်ခံတယ်ဆိုတာကိုတော့ အခုလက်ရှိ ကျမတို့ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီကွန်ယက်ကို ဘယ့်လောက် ၀ိုင်းပြီး အားပေးကြ တယ်ဆိုတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီလို တက်တက်ကြွကြွ အားပေးမှုတွေကို ကျမကိုယ်တိုင် တခါမှ အရင်က မတွေ့ကြုံခဲ့ရပါဘူး။

အိန္ဒိယနိုင်ငံအခြေစိုက် ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF) ရဲ့ ပြန်ကြားရေးဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်ဆိုတဲ့ ကိုဆေးဂင်ကတော့ ၈ ပြည်နယ် ပြည်ထောင်စု ထူထောင်ရေးနဲ့ ပြည်နယ်ထူထောင်ခွင့်မရသေးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

မေး။ ။ ကျနော်တို့ ကူကီးလူမျိုးတွေရဲ့ အဓိကရည်မှန်းချက်ဟာဆိုရင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ကူကီးအမျိုးသားပြည်နယ်ကို ဖွဲ့စည်းတည်ထောင်ပြီး ပါဝင်နိုင်ရေးပဲ ဖြစ်ပါတယ်။ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြည်နယ်ထူထောင်ခွင့် တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုသဘောထားများ ရှိသလဲဆိုတာကို ကျနော်တို့ ကူကီးလူမျိုးတွေအနေနဲ့ လေးလေးနက်နက် သိချင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားဟာ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးတဲ့ တိုင်းရင်းသားလူမျိုးစု တွေရဲ့ အနာဂတ်အတွက် အင်မတန်မှအရေးပါမယ့် အဖြေစကားမျိုး ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဖြေ။ ။ ကိုဆေးဂင်ပြောသလိုပဲ ကျမတို့နိုင်ငံမှာ အခြေအနေမတူတဲ့ တိုင်းရင်းသားလူမျိုးစုတွေ များစွာရှိတာ ကြောင့်မို့လို့ ငြိမ်းချမ်း တည်ငြိမ် သာယာဝပြောတဲ့ ပြည်ထောင်စုကြီးတခု ခိုင်ခိုင်မာမာ ရပ်တည်ရေးအတွက် တိုင်းရင်းသားအသီးသီးပါဝင်ပြီး ဆွေးနွေးနိုင်မယ့် ဒုတိယ ပင်လုံ၊ နောက်တနည်းပြောရမယ်ဆို ၂၁ (ရာစု) ပင်လုံညီလာခံလိုမျိုးကို လိုအပ်နေတာပါ။

တိုင်းရင်းသားတွေအရေး၊ ပြည်ထောင်စုအရေးဆိုတာ ကျမလို လူပုဂ္ဂိုလ်တဦးတည်းကပဲဖြစ်ဖြစ်၊ နိုင်ငံရေး အဖွဲ့အစည်း တခုကပဲဖြစ်ဖြစ်၊ အစိုးရတခုကပဲဖြစ်ဖြစ် သပ်သပ်စီ သီးသီးသန့်သန့် ဆုံးဖြတ်လို့ရတာ မဟုတ်ပါ ဘူး။ ဒီလိုကိစ္စကို အကောင်အထည်ဖော်ဖို့ ဆိုလို့ရှိရင် အားလုံးက ၀ိုင်းဝန်းဆွေးနွေးပြီး တိုးသာဆုတ်သာ ဆုံးဖြတ်ချက်တွေနဲ့ စတင် ခြေလှမ်းရမှာဖြစ်ပါတယ်။

အခု အမေးအဖြေကဏ္ဍကို ဗွီအိုအေရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပြီး ပရိသတ်တချို့က အဲဒီမှာ မှတ်ချက်ပေး ရေးသားလာကြတာတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရခဲ့တဲ့ မှတ်ချက်တခု ကတော့ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပါ။

မေး။ ။ ကျွန်တော့်အမြင်မှာလည်း ဧရာဝတီရဲ့အလှနဲ့အသုံးဝင်မှုကို ပျက်စီးစေမယ့် ဘယ်လို ရေအားလျှပ်စစ် စီမံကိန်းကိုမဆို အလိုမရှိပါ။ ဒီတော့ အန်တီစုက လွှတ်တော်အတွင်း ရောက်နေတဲ့ ကိုယ်စားလှယ်များ အားလုံးကို ဧရာဝတီကိုအသုံးပြုမယ့် ရေအားလျှပ်စစ်စီမံကိန်းများကို ရပ်နားပယ်ဖျက်မယ့်အဆိုများ တင်သွင်းပေးကြဖို့ ပြောပေးစေလိုပါတယ်၊ ဆိုပြီး သောတရှင် တယောက်က ရေးထားသလို လှလှပပ ဆိုတဲ့ သောတရှင်ကလည်း ဧရာဝတီကို ထိန်းသိမ်း ပြုပြင်နိုင်ရေး ရတက်မအေးစွာ မေးထားပါတယ်။ ဒီမေးခွန်းနှစ်ခုစလုံးကို ဒေါ်အောင်ဆန်း စုကြည်က တပေါင်းထဲ ဖြေကြားပေးထားပါတယ်။

မေး။ ။ ဧရာဝတီမြစ်ကြီး ပျက်စီးလာနေတာကို အချိန်မီပြုပြင်ကြဖို့ကိစ္စ အန်တီစု ပြောလိုက်ပြီးတဲ့နောက် မြန်မာအစိုးရဘက်က အဲဒီအကြောင်း ပိုပြောလာတာတွေ့ရလို့ ၀မ်းသာမိပါတယ်။ တကယ်လုပ်မလုပ်တော့ ကျမတို့လည်းမသိပါ။ အန်တီရေ၊ ဧရာဝတီကို ကယ်တင်လို့ရော ရပါဦးမလား။ ကျမတော့လေ အရမ်း ၀မ်းနည်းမိတာပါပဲ။ ကျမတို့လို သာမန်လူထုတွေအနေနဲ့ရော ဧရာဝတီကိုကယ်တင်တဲ့နေရာမှာ အုတ်တချပ် သဲတပွင့် ဘာတွေလုပ်နိုင်မယ်ဆိုတာ ပြောပြပေးပါအန်တီ။

ဖြေ။ ။ ဧရာဝတီနဲ့ပတ်သက်တဲ့မေးခွန်းက နှစ်ခုဖြစ်နေတော့ တခါထဲပဲ ဖြေလိုက်ပါရစေ။ အခု လာမယ့်အပတ်အတွင်းမှာ ဧရာဝတီကယ်တင်ရေး ပန်ကြားလွှာတခု အန်တီထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တကယ်တော့ ပြင်ဆင်ထားပြီးတာ တပတ်ကျော်ပါပြီ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အိတ်ဖွင့်စာကို ဦးစားပေးချင်တာကြောင့် ဧရာဝတီမြစ်ကိစ္စ ပန်ကြားလွှာကို ခဏစာင့်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဧရာဝတီမြစ် ကယ်တင်ရေးနဲ့ပတ်သက်လို့ ပြောဆိုတဲ့နေရာမှာ မေခ-မေလိခ ရေကာတာကိစ္စလည်း မပါမဖြစ်မို့ ပါပါတယ်။ ဗွီအိုအေ၀က်ဘ်ဆိုက်တ်မှာ တင်ထားတဲ့ အကြံပြုချက်အတိုင်တော့ မဟုတ်ပါဘူး။

လွှတ်တော်အတွင်း ပြောရဆိုရမှာက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ကိုယ်စားလှယ် နေရာ အနိုင်ရ ထားတဲ့ ပါတီတွေနဲ့ဆိုင်ပါတယ်။ ဒါပေမယ့် ရေကာတာရဲ့အကျိုးဆက်တွေကို တာဝန်သိသိနဲ့ ဆင်ခြင်ဖို့က နိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။

သမီး လှလှပပက ဧရာဝတီရဲ့ အနာဂတ်အတွက် စိုးရိမ်တယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ဒါ့ကြောင့် အားလုံးက အမြန်ဆုံး ဝိုင်းဝန်းပြီးတော့ လုပ်ဖို့လိုပါတယ်။

အန်တီ့ပန်ကြားလွှာကို NLD ဝက်ဘ်ဆိုက်တ်ပေါ်မှာ တင်ပါမယ်။ သမီးတို့ ဖတ်ပြီး ထောက်ခံကြပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

No comments: