Wednesday, August 3, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၀၃ သြဂုတ် ၂၀၁၁

ဒီသီတင်းပတ်အတွက် မေးခွန်း ၆ ခုထဲမှာ၂ ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အပေါ် မေးမြန်းထားတာဖြစ်ပြီး ကျန်တဲ့မေးခွန်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးဘက် ခရီးထွက်မယ်ဆိုတဲ့အပေါ် စိုးရိမ်စိတ်နဲ့ ပန်ကြားချက်၊ မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအရေး၊ မြန်မာလူငယ်တွေရဲ့ အနာဂတ်အတွက် အကြံပေးစကား တောင်းခံချက်၊ ဒီမိုကရေစီတိုက်ပွဲနဲ့ လူမျိုးစု တန်းတူညီမျှရေး တိုက်ပွဲနှစ်ရပ်မှာ ဘယ်တိုက်ပွဲက အဓိကကျပါ သလဲဆိုတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ပဲခူးဘက်ခရီးထွက်မယ်ကြားလို့ စိုးရိမ်စိတ်နဲ့ သတိပေးထားသူတွေကတော့ ကျောက်ကြီးမြို့က မရွှေဝါနဲ့ သူငယ်ချင်းတစုဖြစ်ပါတယ်။

မေး။ ။ အမေစုရှင့်၊ ပဲခူးဘက်ကို ခရီးထွက်မယ်လို့ ကြားရလို့ သမီးတို့ စိုးရိမ်မိပါတယ်။ လုံခြုံ ဘေးကင်း ရေးအတွက် အမေစုလည်း အစစအရာရာ ကြိုတင်ပြင်ဆင် စီစဉ်မယ်လို့တော့ သမီးတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိလို့ အထူး ဂရုစိုက်ပါလို့ ပန်ကြားပါရစေ။ ဖြစ်တာတွေလည်း ဖြစ်ခဲ့ပြီးပြီမို့ သမီးတို့စိုးရိမ်တဲ့အပေါ် နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အမေစု အစစ အရာရာ အန္တရာယ်ကင်း ဘေးရှင်းပါစေ။

ဖြေ။ ။ သမီးတို့စိုးရိမ်ပေးတဲ့ မေတ္တာ စေတနာကို တန်ဘိုးထား ကျေးဇူးတင်ပါတယ်။ အန်တီကိုးကွယ်တဲ့ ဆရာတော်ကြီးက ထပ်တလဲလဲ သင်ပေးသလို သတိဆိုတာ လွန်ကဲတယ်ရယ်လို့ မရှိဘူးဆိုတာကိုလည်း လက်ခံပါတယ်၊ အမြဲပဲ မှတ်သားထားပါတယ်။ ခရီးထွက်တဲ့အခါကျရင်လည်း အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ကအခြေအနေနဲ့ မတူဘူးလို့လည်း ထင်ပါတယ်။

မလေးရှားနိုင်ငံမှာရောက်နေတဲ့ ကိုမျိုးချစ်ကတော့ မလေးရှားရောက် မြန်မာနိုင်ငံသား၊ အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေအရေး မေးထားပါတယ်။

မေး။ ။ အမေစုခင်ဗျား၊ သားတို့ ဒီ မလေးရှားမှာလည်း ထိုင်းမှာနည်းတူပဲ မလေးရှားမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေဟာလည်း အခုဆိုလို့ရှိရင် အရမ်းကို ဒုက္ခရောက်နေပါတယ်။ ဒါပေမဲ့ ပြည်ကိုချစ်တဲ့ မျိုးချစ်စိတ်ဓာတ်ကတော့ ရှိနေကြပါတယ်။ အဲဒါတွေကို ဘယ်လိုတွေ လုပ်ရမလဲဆိုတာ အမေစုအနေနဲ့ ဗွီအိုအေကနေမှတဆင့် အသိပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ အန်တီတို့လူမျိုးတွေ ဒုက္ခရောက်နေရင် ကူညီဖို့ ဒီမိုကရေစီကွန်ယက် ထဲက အုပ်စုတွေက ကြိုးစားနေပါတယ်။ မလေးရှားက အလုပ်သမားတွေနဲ့ ဆက်သွယ်ဖို့ သတိပေးလိုက်ပါ မယ်။ သားတို့အနေနဲ့လည်း အချင်းချင်းအကြား ညီညွတ်မှုယူပြီး တဦးကိုတဦး ရိုင်းပင်းကူညီရေး အဖွဲ့ ကလေးတွေဖွဲ့ဖို့ ကြိုးစားစေချင်ပါတယ်။ အမေတို့နိုင်ငံကို ပြန်လာချင်တဲ့ပြည်သူတွေလည်း စိတ်ချလက်ချနဲ့ ပြန်လာနိုင်မယ့် အေးချမ်းသာယာတဲ့ တိုင်းပြည် အမြန်ဆုံးဖြစ်အောင်လို့ ဒီဘက်ကလည်း ကြိုးစားပါမယ်။

“အမေကြည် သွားလေရာ၊ လာလေရာ ဘေးရန်ကင်းကွာပြီး သက်တော်ရာကျော် ရှည်ပါစေဆိုတဲ့ ဆုတောင်း စကားနဲ့ အစချီ၊ ဒေါ်အောင်ဆန်းစုကြည် တချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြောခဲ့ဖူးတဲ့ “လူငယ် တွေ အကြောင်းလေးတွေပါ” ဆိုတာကို ပြန်ပြောကြားပေးဖို့ မေတ္တာရပ်ခံထားသူကတော့ မိုးညှင်းမြို့က ကိုမျိုးပါ။

မေး။ ။ နိုင်ငံရဲ့အနာဂတ် အသီးအပွင့်တွေဖြစ်ကြတဲ့ ယနေ့လူငယ်တွေဟာ နအဖရဲ့ ပညာရေးစနစ်ဆိုး ကြောင့် လမ်းလွဲကို ရောက်နေကြပါပြီခင်ဗျား။ ကျွန်တော်တို့လို နယ်တွေမှာဆို မူးရစ်ဆေးဝါးတွေနဲ့ ပျက်စီး နေကြရပါပြီ။ ပညာရေးကလည်း စိတ်ဝင်စားစရာမရှိ၊ ၁၀ တန်းအောင်လို့ တက္ပသိုလ်တက်ရင်လည်း ကျောင်းတွေကို တောထဲပို့ထားလေတော့ လူငယ်တွေမှာ မိဘကွယ်ရာမှာ ကျောင်းစာကို စိတ်မ၀င်စားကြတော့ပါ။

တဘက်ကလည်း ဘွဲ့ရပြီးရင်လည်း ဘ၀အတွက် အာမခံချက်မရှိတဲ့ နအဖရဲ့ပညာရေးစနစ်ဆိုးက လူငယ်တွေ အတွက် ပျက်စီးစရာတွေသာ တစ်နေ့ထက်တစ်နေ့ ပိုပိုလာပါတော့တယ်။ ကျွန်တော်တို့လို လူငယ်တွေ အတွက် အမေ့ရဲ့ အားပေးအကြံဥာဏ်ကောင်းလေးကို VOA လေလှိုင်းမှတဆင့်၊ အင်တာနက်ဆိုတာ မသုံး နိုင်ကြသေးတဲ့ နေရာတွေက လူငယ်တွေအားလုံးအတွက်ပါမကျန် အကြံပြုစကားလေး ပြောကြားပေးစေ လိုပါတယ်။

ဖြေ။ ။ အခုခေတ်ကြီးမှာ လူငယ်တွေလမ်းမလွဲစေဖို့ ကြိုးပမ်းနေရတာ တကမ္ဘာလုံးမှာပါပဲ။ မိဘတွေ၊ ဆရာ ဆရာမတွေ၊ အုပ်ချုပ်တဲ့အစိုးရတွေ အားလုံး ပူးတွဲပြီးတော့ ထမ်းဆောင်ရတဲ့ အလုပ်ကြီးတခုပါ။ လူမှုရေး၊ ပညာရေးစနစ်စီမံကိန်းတွေ ပီပီပြင်ပြင်ရှိပြီးသား နိုင်ငံတွေမှာဆိုရင်တော့ ဒီအလုပ်က ပိုပြီးတော့ ထိရောက် ပါတယ်။ အန်တီတို့နိုင်ငံမှာတော့ စေတနာရှိသူတွေအားလုံး ကူညီပံ့ပိုးပေးရမယ့်လုပ်ငန်းကြီး ဖြစ်နေပါတယ်။
အန်တီတို့ လူငယ်ကွန်ယက်ကလည်း လူမှုရေးလုပ်ငန်းတွေ၊ ပညာပေးသင်တန်းတွေလုပ်ရင်းနဲ့ လူငယ်တွေ စိတ်မလေအောင်၊ လမ်းမှားမရောက်အောင် လုပ်နေပေမယ့် လုပ်နိုင်စွမ်းအားက အခုထိတော့ လိုအပ်တာ ထက် အများကြီး နည်းနေပါသေးတယ်။ ဒါ့ကြောင့် လူငယ်တွေကိုယ်တိုင် ရုန်းကန်ဖို့လည်း လိုနေပါတယ်။

သားတို့ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားရမှာက အခုအချိန်မှာ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတဲ့ လူတယောက် ဖြစ်အောင် မကြိုးစားရင် တဘ၀လုံး အလဟဿ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို တန်ဘိုးရှိအောင်လုပ်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။ မျက်စေ့ဖွင့်ပြီးတော့ ကြည့်ပါ၊ မြင်ပါလိမ့်မယ်။ မြင်တဲ့အခွင့်အရေးကလေး ဘယ်လောက်ပဲ သေးသေး ရယူပြီးတော့ ကြိုးစားလိုက် ပါ။ အန်တီတို့ လူငယ်ကွန်ယက်ကိုလည်း မိုးညှင်းဘက်မှာ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ မေးလိုက်ပါဦး မယ်။

မွန်တိုင်းရင်းသားတယောက်ဖြစ်သူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ဗညား ကွက်ဆာ (Banyar Kwatsar) ကတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ တိုက်ပွဲ နှစ်မျိုးရှိနေပြီးတော့ ဘယ်တိုက်ပွဲက အဓိက ကျပါသလဲလို့ မေးထားပါတယ်။ (မေးခွန်းရှင်ရဲ့နာမည်ကို အင်္ဂလိပ်လို ရေးထားတာမို့ ကျနော် အသံထွက်တာ လွဲချော်သွား တယ်ဆိုရင် တောင်းပန်ပါတယ်။)

မေး။ ။ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီတိုက်ပွဲနဲ့ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးတိုက်ပွဲဆိုပြီး တိုက်ပွဲနှစ်မျိုးရှိပါတယ်။ ဒီတိုက်ပွဲနှစ်မျိုးမှာ ဘယ်တိုက်ပွဲက အဓိက ကျပါသလဲခင်ဗျာ။ တိုင်းရင်းသားလူမျိုး တွေရဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အပေါ် အန်တီစုအနေနဲ့ ဘယ်လို သဘောထားပါသလဲခင်ဗျာ။ ကျေးဇူး ပြုပြီး ဖြေကြားစေလိုပါတယ်ခင်ဗျား။

ဖြေ။ ။ ဒီမိုကရေစီဆိုတာကိုက နိုင်ငံသူနိုင်ငံသားအားလုံးကို တန်းတူညီတူ အခွင့်အရေးပေးတာဆိုတော့ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတခု တည်ထောင်ဖို့ ကြိုးပမ်းတယ်ဆိုတာနဲ့ တိုင်းရင်းသားများ တန်းတူ ညီတူအခွင့်အရေးအတွက် ကြိုးပမ်းတယ်ဆိုတာဟာ လုံးဝ ဆက်စပ်နေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အန်တီ့ပန်ကြားစာကို အခုဆိုလို့ရှိရင် သား ကြားလောက်ပြီလို့ ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည် တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်အပေါ် သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာအနေအထားအပေါ် သုံးသပ်ကြတာတွေကိုကြားပြီး နားမလည်လို့ မေးထား သူကတော့ အဆင်ပြေပါစေလို့ ကျိတ်ပြီး ဆုတောင်းနေသူတွေထဲ သူလည်းပါပါတယ်လို့ဆိုတဲ့ ရေစကြိုမြို့က ဦးထွန်းဝင်းပါ။

မေး။ ။ ၀န်ကြီးဦးအောင်ကြည်နဲ့တွေ့ပြီးတော့ ဒေါ်စုရဲ့မျက်နှာက မပြုံးမရယ်နဲ့ ခပ်တည်တည်ဖြစ်နေလို့ ဒေါ်စု ဘ၀င်ကျပုံမရဘူးလို့ ပြောကြပါတယ်။ ကျနော်တော့ နားမလည်ပါ။ ဆွေးနွေးပွဲအပေါ် ထုတ်ပြန်ချက်ကလည်း "အားရကျေနပ်ဖွယ်ရှိတယ်" လို့ပြောတာ ကြားလိုက်ရပါတယ်။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒေါ်စုကိုယ်တိုင်က ပြောတာကို ကြားသိချင်ပါတယ်။ တွေ့ကြ ဆွေးနွေးကြတယ်ဆိုတော့ ၀မ်းသာလို့ပါ။

ဖြေ။ ။ ထုတ်ပြန်ချက်က နှစ်ဦးနှစ်ဘက် သဘောတူတာကြောင့်မို့လို့ ကျေနပ်တယ်ဆိုတာ မှန်ပါတယ်။ နှစ်ဦး နှစ်ဘက်လုံးက နိုင်ငံ့အကျိုးကို ရှေးရှုပြီးတော့ အဆင်ပြေအောင်လုပ်ဖို့ ဆန္ဒရှိတယ်လို့ ကျမယုံကြည် ပါတယ်။
ကျမမျက်နှာက မပြုံးမရယ်နဲ့လို့ပြောပြီး ကောက်ချက်တွေ အမျိုးမျိုးချနေကြတော့ နောက်တခါကျရင် မျက်နှာ ထားကို သတိနဲ့ ဆင်ခြင်ရမှာပေါ့နော်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က ကိုသောင်းထိုက်ကလည်း အဲဒီ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးတော့ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ပြောစကားကို ကြားချင်ပါတယ်ဆိုပြီး မေးထားပါသေးတယ်။

မေး။ ။ အန်တီ့၏ ဉာဏ်ပညာထက်မြက်မှုနှင့် တိုင်းပြည်အကျိုး လိုလားမှုတွေအတွက် ကျနော် အမြဲတမ်း ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ကျနော်တို့တိုင်းပြည်မှာ အန်တီ့လို ခေါင်းဆောင်တယောက် ရှိနေတဲ့အတွက် လည်း တွေးမိတိုင်း ၀မ်းသာရပါသည်။ ကျနော့်ကို တခုတော့ မေးခွင့်ပြုပါခင်ဗျာ။

အန်တီနှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြတာကနေ ကျနော်တို့ ဘာတွေ ပြင်ဆင်ထားရ ပါ့မလဲ အန်တီ၊ ဘာတွေကို မျှော်လင့်လို့ရော ရပါမလဲ။ သူများတွေ ပြောတာ သုံးသပ်တာတွေကနေ ကျနော် မယုံချင်ပါ။ အန်တီ့စကား အန်တီပြောတာကိုပဲ ကျနော် လက်ခံယုံကြည်ချင်ပါသည်။ အန်တီ့အနေနဲ့ အားလုံး ကို ဒီနေရာကနေ အကုန်ပြောလို့မဖြစ်နိုင်ဘူးဆိုတာ ကျနော်နားလည်ပေမယ့် ဖြစ်နိုင်သမျှ ပြောနိုင်သမျှ ပြောပေးဖို့ ရိုသေ လေးစားစွာ မေတ္တာရပ်ခံလိုက်ပါသည်ခင်ဗျား။

ဖြေ။ ။ အန်တီ ခနခနပြောသလိုပဲ မျှော်လင့်ခြင်းဆိုတာ အလုပ်ကို အခြေခံရပါတယ်။ ဒါ့ကြောင့် အကောင်း ဆုံးကို မျှော်လင့်ဖို့ဆိုရင် အများဆုံး အလုပ်လုပ်ရမှာပါ။ နှစ်ဘက်စလုံးက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြရမှာပါ။

တွေ့ဆုံပြီးတော့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲ ပထမခြေလှမ်းအနေနဲ့ ကျေနပ်စရာ ကောင်းပါတယ်။ နောက်ခြေလှမ်းတွေက စိတ်စိတ်နဲ့ မှန်မှန်ဖြစ်ဖို့တော့ လိုမယ်လို့ ထင်ပါတယ်။ အန်တီတို့ လိုလားသလို နိုင်ငံတော်အစိုးရကလည်း လိုလားမယ်လို့ မျှော်လင့်ပါတယ်။

ပြည်သူတွေက ဘာတွေ ပြင်ဆင်ထားရမလဲလို့ မေးလို့ရှိရင်တော့ ဒီလိုလားချက်တွေကို သက်ဆိုင်ရာတွေ အားလုံးက လက်တွဲပြီးတော့ ဆောင်ရွက်နိုင်ဖို့ အားပေးကူညီဖို့သာ ပြင်ဆင်ထားပါလို့ ပြောချင်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

No comments: