Wednesday, August 3, 2011

တိမ်ရောင်စုံချိန်မှာ (အပိုင်း - ၃)

 
အပိုင်း(၃)

ကျမတို့အတွက် ၇ နှစ်ကျော်ကာလကို အားတင်းဖြတ်ကျော်ရင်း ကျမထောင်က လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မယ့်ရက်ကို ကြိုမသိဘဲ လွတ်ခဲ့တဲ့ ကျမက အမေ့ဆီကို ကြိုအကြောင်း မကြားနိုင်ခဲ့ပါဘူး။ နေ့လည်လွတ်တာမို့ ကျမထက် အရင်စောလွတ်သွားတဲ့ မြို့ခံထောင်ကျဖက် သူငယ်ချင်းအိမ်တွေ ခဏသွားရင်း နောက်တနေ့မှာ ကျမတို့ မြို့လေးဆီကို ရထားစီးလို့ ပြန်ခဲ့ပါတယ်။

ဘူတာကနေ ကျမတို့အိမ်ကို အပြန်လမ်းတလျှောက်မှာ သိတဲ့လူတွေလည်း သိသလို နှုတ်ဆက်၊ မသိတဲ့ လူတွေကိုလည်း မသိသလိုကြည့်ပြီး ပျော်ရွှင်စွာ ပြန်ခဲ့တာပေါ့။ ဒါပေမယ့် ကျမတို့ရပ်ကွက်ထဲရောက်တော့ အိမ်ပုံစံတွေက အရင်နဲ့မတူ၊ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတဲ့အပြင် ကျမတို့ အိမ်ဝန်းနားရောက်ခါနီးမှာတော့ ထူးခြားချက်ကို ကျမ သိလိုက်ရပါပြီ။ ကျမတို့ရပ်ကွက် မီးလောင်ခံထားရပြီလို့။ စိတ်ထဲကပူပူပင်ပင်နဲ့ အိမ်ဘက်ဆီ အမြန်လျှောက်လာတော့ ကျမတို့ခြံဝန်းထဲမှာ အိမ်မည်ကာရှိတဲ့ အိမ်လေးတလုံးကို တွေ့လိုက်ရပါတယ်။ အိမ်ရှေ့မှာ အမေက ခြံဝန်းလေးကို အမှိုက်လှဲနေတယ် ထင်ရပါတယ်။ ကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်နေတာ တွေ့လိုက်ရတယ်။


“အမေ” လို့ ကျမ ခေါ်သံကြားလိုက်တော့ လှည့်ကြည့်လိုက်တဲ့ အမေ့မျက်လုံးတွေကတော့ တောက်ပ ရွှန်းစိုသွားတာကို တွေ့ရပါတယ်။ “မီးလောင်လိုက်တာ တရပ်ကွက်လုံး ပြာဖြစ်သွားတာပဲ သမီးရေ။ လွန်ခဲ့တဲ့ ၃ လလောက်ကပေါ့။ သမီးကိုပြောရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ မပြောဖြစ်ခဲ့တာလေ” … တဲ့။ ကျမတို့ခြံနဲ့ဆက်နေတဲ့ ခြံက အမဝမ်းကွဲတွေလည်း မီးလောင်တဲ့အထဲပါသွားတဲ့အပြင် အတွင်းပစ္စည်းတောင် မရလိုက်ဘူးတဲ့။ အမေကတော့ “အတွင်းပစ္စည်းလေးတွေရအောင် ယူလိုက်နိုင်လို့ အခုလို ဒီနေရာလေးမှာပဲ ဆက်နေနိုင်တာပေါ့ သမီးရယ်” လို့ ပြုံးပြုံးရွှင်ရွှင် ပြောပြနေပါသေးတယ်။

အမေ ခုနက ဘာလုပ်နေတာလဲ ကြည့်လိုက်တော့ အုန်းလက်ကြွေတွေကို လိုက်ကောက်နေတာ မြင်လိုက်ရပါတယ်။ “ဘာလုပ်ဖို့လဲ အမေ” ဆိုတော့ “အုန်းတံမြက်စည်း လုပ်မလို့လေ” တဲ့။ “အော်” … ဆိုပြီး ကျမ ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ အိမ်ထဲကိုဝင်လိုက်တော့ အုန်းတံမြက်စည်း လေးငါးခုကို တွေ့လိုက်ရပါတယ်။ “ဈေးထဲမှာ သွားသွင်းရောင်းတယ် သမီးရဲ့။ အမှိုက်ကလည်း ပိုက်ဆံရှာလို့ရတယ်လေ” လို့ အမေက ကျမကို ခပ်အေးအေး ပြောပြနေပါတယ်။ ကျမတို့ ခြံနောက်ပိုင်းက အုန်းပင်တွေကတော့ မီးလောင်တာကို မသိသလို စိမ်းလန်းနေတာ တွေ့ရလို့ နည်းနည်း ဝမ်းသာမိပါသေးတယ်။ အဖေက သူ့ အုန်းပင်တွေကို သိပ်နှစ်သက်တာ မဟုတ်လား။

“အမေ … အဖေ့သတင်း ဘာကြားသေးလဲ” လို့ ထောင်ထဲမှာ မေးခွင့်မရတဲ့ မေးခွင့်မသာခဲ့တဲ့ မေးခွန်းကို ကျမ မေးဖြစ်ခဲ့ပါတယ်။ “သမီးအဖေတော့ တောထဲမှာ အသက်ရှင်လျှက်ပဲလို့ ၉၄၊ ၉၅ လောက်က သတင်းရတယ်လေ။ သူ လုပ်ချင်ရာကို လုပ်နေနိုင်တယ်ဆိုပဲ အမေ ကျေနပ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ လူဖြစ်ခဲ့ရတဲ့ အမေတို့ကုသိုလ်ကံပဲပေါ့ သမီးရယ်။ အခု သမီး ပြန်ရောက်လာတော့ အမေ ပိုတောင်ပျော်သေးတယ်။ အခုဆို မနက်ပိုင်းမှာ အမေ မုန့်ဟင်းခါးရောင်းတယ် သမီးရဲ့။ ရောင်းကောင်းသား၊ အမေနဲ့သမီး စားဖို့တော့ လောက်ပါတယ်။ အခု ဒီခြံကိုတောင် သူများတွေ လာတောင်းဝယ်ကြတယ်။ ဘာလို့ရောင်းရမှာလဲနော်။ ဒီမြေ ဒီခြံကို အမေတို့ချွေးနည်းစာနဲ့သမီးအဖေ လုပ်အားတွေနဲ့ ပိုင်ဆိုင်ထားတာပဲဟာ။ အခုသမီး ပြန်လာသလိုပဲ သမီးအဖေပြန်လာရင်လည်း ဒီနေရာကိုပဲ သူ ပြန်လာမှာလေ။ ဟုတ်တယ်မလား၊ သမီးနဲ့အမေ ဒီက စောင့်နေတာပေါ့နော်”

စကားအရှည်ကြီးကို မနားတမ်းပြောရင်း အမေက အဖေ့ကိုမျှော်နေကြောင်း သိစေလိုက်တယ် ထင်ပါရဲ့။ ကျမတို့ အဲဒီနေ့က စကားတွေ ပြောလို့မကုန်သလိုပဲ။ တခါမှမသိဘူးတဲ့ တစိမ်းတွေရဲ့ စောင့်ရှောက်မှုတွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ စောင့်ရှောက်မှုတွေ အကြောင်းအမေက စီကာပတ်ကုံး ပြောနေလေရဲ့။ ကျမ လွတ်လာမှန်းသိလို့ လာတွေ့တဲ့ သူငယ်ချင်းတွေရှိသလို လာမတွေ့ရဲတဲ့ သူငယ်ချင်းတွေ အိမ်နီးချင်းတချို့တွေကိုလည်း အမေက စိတ်မနာဖို့ စိတ်မကောင်းမဖြစ်ဖို့ ကျမကို တရားချနေသေးတယ်။

အမေက ကျမ ထင်ထားတာထက် လောကဓံကို ပိုပြီးခံနိုင်တယ်ဆိုတာကို ကျမ သိလိုက်ရပါတယ်။ အခက်အခဲတွေကြားမှာ အမေဟာ ရုန်းကန်နိုင်တယ်။ နောက် စိတ်ဓာတ်ခိုင်မာတယ် ဆိုတာကို အဖေသိရင် ကျေနပ်နေမှာပါပဲ။

ကျမ ပြန်ရောက်ပြီး အမေနဲ့ မုန့်ဟင်းခါးဆိုင်လေးမှာ အတူရောင်းချခဲ့ပါတယ်။ ကျမပါ ကူညီလိုက်တော့ အမေ့ဆိုင်လေးဟာ အင်မတန် လူကြိုက်များတဲ့ ရောင်းအားကောင်းတဲ့ဆိုင်လေး ဖြစ်ခဲ့ပါတယ်။ ကျမ ပြန်ရောက်လာပြီးတဲ့နောက် စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်လို့ထင်ရတဲ့ အမေ့ဘဝလေးမှာ မထင်မှတ်ပဲ ကံကြမ္မာက အလစ်ဝင် တိုက်ခိုက်ပြန်ပါတယ်။ အမေမှာ ရှိနေတဲ့ မကြာခဏ ဗိုက်အောင့်ရောဂါဟာ အစာအိမ်ကင်ဆာ တဲ့။ အမေကတော့ အပြုံးမပျက်ပါဘူး။ အမျိုးထဲက အမဝမ်းကွဲ တယောက်ကိုခေါ်လို့ ကျမ ဘဝကို (သူ မရှိတဲ့ အချိန်မှာ) တယောက်တည်း အားမငယ်စေဖို့ စီမံပေးနေပြန်ပါတယ်။ မုန့်ဟင်းခါးဆိုင်လေးကို အမဝမ်းကွဲ အပျိုကြီးနဲ့ ကျမ ဆက်ထွက်ခဲ့ပြီး အမေ့ဆေးဖိုးကို ကြိုးစားရှာဖွေရပါတယ်။ အမေ့ရဲ့ နောက်ဆုံးအချိန်ကို ဆရာဝန်တွေက ၆ လလောက်လို့ပြောပေမယ့် ကျမတို့ကတော့ တတ်နိုင်သလောက် ပြုစုကုသပေးချင်ဇောနဲ့ ကြိုးစားခဲ့ပါတယ်။

အမေက အင်မတန် ခံရခက်တဲ့ ပူလောင်မှုတွေနဲ့ ကင်ဆာရောဂါကို တချက်မှ မငြီးငြူဘဲ တရားနဲ့ရှုမှတ်ရင်း၊ သက်သာဖွယ် အဖြစ် ကျမတို့တိုက်တဲ့ဆေးဝါးတွေကို သောက်သုံးရင်း သူ့ရဲ့ နောက်ဆုံးအချိန်တွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ ကျမကတော့ ထောင်ကထွက်လာမှာ အမေ့ကို အရင်ထက်ပိုတွယ်တာလာသလို ပိုလို့နားလည်လာပါတယ်။ အမေဟာ စကားထဲမှာ အဖေ့အကြောင်းပြောခဲပေမယ့် နေ့တိုင်းမျှော်နေတယ်ဆိုတာကို သိသာစေတဲ့အချက်က အမြဲ ထမင်းပိုချက်တတ်တာ၊ အဖေကြိုက်တတ်တဲ့ ဟင်းတွေကို မကြာခဏချက်တာတွေက သိသာစေပါတယ်။ အမေ နေမကောင်းတော့ ကျမ ထမင်းချက်ရင်လည်း အမေ့လို အမြဲပဲ ထမင်းပိုချက် ပေးတတ်ခဲ့ပါပြီ။

ကျမ ထောင်က လွတ်လာပြီး ၂ နှစ်ကျော်ကျော်မှာပဲ အမေ ဆုံးပါးသွားခဲ့ပါတယ်။ နိုင်ငံရေးကို ဘာမှနားမလည်တဲ့ အမေက နိုင်ငံအတွက် အလုပ်လုပ်ပေးချင်တဲ့၊ စွန့်လွှတ်အနစ်နာခံချင်တဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူအတွက် သူတတ်နိုင်သလောက် စိတ်ဓာတ်ခွန်အားအပြင် သူ့မျှော်လင့်ချက်၊ သူ့ဘဝကို စွန့်လွှတ်ပေးဆပ်ရင်း၊ သူ့ခံစားချက်တွေကို မြိုသိပ်ထိန်းသိမ်းရင်းနဲ့ ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။ အမေ့ စွန့်လွှတ်မှုတွေအတွက် ဘယ်သူတွေ သိသိ မသိသိ သမီးကတော့ ထာဝရ လေးစားနေဦးမှာပါ အမေရယ်။ အမေ့လို အမေတွေ သမီးတို့တိုင်းပြည်မှာ အများကြီးရှိနေဦးမယ့် ခေတ်ကြီးမဟုတ်လား အမေရယ်။ အမေ ကွယ်လွန်တော့ အမေ့ရဲ့ ခေါင်းအုံးအောက်က စာလေးတစောင်ကို ဖတ်ရပါတယ်။

ကိုညိုမောင်ရေ …

နိုင်ငံရေးကို ဘာမှနားမလည်ပေမယ့် တိုင်းပြည်အတွက် ကောင်းအောင်လုပ်မယ့် ယောက်ျားတယောက်ကို ပေးလှူခဲ့တယ်လို့ ကျမ သဘောထားပါတယ်။ ကျမတို့ ဒီဘဝ ပြန်မဆုံနိုင်တော့ဘူးဆိုတာကို သိလိုက်ရတော့ ကျမ နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့်သူကို နှုတ်ဆက်ခဲ့ပါတယ်။
နှုတ်ဆက်ခဲ့ပါတယ်။
 …………………

မခင်သစ်

ရိုးရိုးလေးနဲ့ ကျမ အဖေကို နှုတ်ဆက်သွားကြောင်း ထပ်ခါထပ်ခါ ရေးထားခဲ့တဲ့ စာတစောင်ပါပဲ။ အဲဒီစာထဲမှာ မဆုံးနိုင်တဲ့ အသံမဲ့စကားတွေ၊ မပျောက်ပြယ်မဲ့ ချစ်ခြင်းမေတ္တာတွေ ပျော်ဝင်နေတယ်ဆိုတာ ကျမ ခံစားသိနေပါတယ် အမေ။

ဆက်လက်ဖော်ပြပါမယ်။



 

1 comment:

ဘုန်းကျော် said...

မသန္တာရယ် ဖြစ်မှ ဖြစ်ရလေ....