Wednesday, June 1, 2011

ဆီနိတ်တာ မက်ကိန်း မြန်မာပြည် ရောက်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာပါတယ်။
သူ့ရဲ့သုံးရက်တာ မြန်မာနိုင်ငံခရီးစဉ်ရဲ့ ပထမဆုံးနေ့ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို ရောက်ရှိလာပြီး ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

တခြား အစိုးရအဖွဲ့သစ် ထိပ်တန်း ခေါင်းဆောင်တွေ၊ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 
ရန်ကုန်က အမေရိကန် သံရုံးကတော့ မစ္စတာ မက်ကိန်းဟာ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာ ဖြစ်တယ်၊ သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာအစိုးရ အရာရှိတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်၊ လာမယ့် ဇွန်လ သုံးရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ် ဆိုတာကလွဲရင် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။
သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၃ ရက် သောကြာနေ့ မနက် ၈ နာရီ ၄၅ မှာ ဒဂုံမြို့နယ် တော်ဝင်လမ်းက အမေရိကန် စင်တာမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ အန်အယ်ဒီဘက်က ပြောပါတယ်။
ဘာတွေ ဆွေးနွေးကြမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

 
မစ္စတာ မက်ကိန်းရဲ့ ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပေမယ့် မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့ နောက်မှာ ဘယ်လို အပြောင်းအလဲတွေရှိလာတယ်ဆိုတာ သိရှိရအောင် ကိုယ်တိုင်သွားရောက်တာဖြစ်ပြီး ခရီးစဉ်ပြီးလို့ ပြန်လာတဲ့အခါ အမေရိကန် အစိုးရအဖွဲ့ကို ပြန်လည် အစီရင်ခံလိမ့်မယ်လို့ အမေရိကန်ဘက်က လေ့လာ စောင့်ကြည့်သူတွေက ဆိုကြပါတယ်။

အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်း မြန်မာနိုင်ငံကို ရောက်ရှိစဉ် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ လွှတ်တော် အသစ်က အမတ်တွေနဲ့တွေ့ပြီး အမြင်ချင်းဖလှယ်ခွင့်ရဖို့ ကြိုးစားသင့်တယ်လို့ နယူးယောက် အခြေစိုက် Asia Society အဖွဲ့က ပြောပါတယ်။

ဂျွန်မက်ကိန်း၏ ကိုယ်ရေးအကျဉ်း

• ဂျွန်မက်ကိန်းကို ၁၉၃၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့။
• အရီဇိုးနား ပြည်နယ်မှ ရီပတ်ဘလီကန်ပါတီ၏ အထက်လွှတ်တော် အမတ်ဖြစ်။
• ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့။
• ကြယ်လေးပွင့် ရေတပ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် အဖေနှင့် အဘိုးတို့၏ ခြေရာနင်းပြီး အမေရိကန်ရေတပ် အကယ်ဒမီသို့ တက်ရောက်ကာ ၁၉၅၈ ခုနှစ်တွင် ကျောင်းဆင်းခဲ့။
• ဗီယက်နမ် စစ်ပြန်တဦးဖြစ်ပြီး ဗီယက်နမ်စစ်ပွဲ အတွင်း ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ စစ်ဆင်ရေးတခု၌ မြောက်ဗီယက်နမ်တပ်များ၏ ပစ်ခတ်မှုကြောင့် မောင်းနှင်လာသည့် လေယာဉ်ပျက်ကျခဲ့ကာ မြောက်ဗီယက်နမ်တပ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ။ ၁၉၇၃ ခုနှစ်အထိ စစ်အကျဉ်းသား ဖြစ်ခဲ့။
• ၁၉၈၁ ခုနှစ်တွင် ရေတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ဆုတံဆိပ်များစွာ ရရှိခဲ့။ အရီဇိုးနားပြည်နယ်သို့ ရွှေ့ပြောင်းနေထိုင်ပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့။
• ၁၉၈၂ ခုနှစ်တွင် အောက်လွှတ်တော်အမတ် အဖြစ် ရွေးချယ်ခံခဲ့ရ။ အောက်လွှတ်တော်အမတ်အဖြစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့။ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၈၆ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရ။ အထက်လွှတ်တော် အမတ်အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်ဖြစ်။
• 'Faith of My Fathers', 'Worth the Fighting For', 'Why Courage Matters: The Way to a Braver Life', 'Character Is Destiny: Inspiring Stories Every Young Person Should Know and Every Adult Should Remember', 'Hard Call: Great Decisions and the Extraordinary People Who Made Them' စသည့် စာအုပ်များကို Mark Salter နှင့် တွဲဖက်ရေးသားခဲ့။
• ဂျွန်မက်ကိန်းတွင် သားသမီး ၇ ဦးနှင့် မြေး ၄ ဦး ရှိ။ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ဇနီးဖြစ်သူ စင်ဒီနှင့် လက်ရှိ နေထိုင်လျက်ရှိ။

သတင်း - ဘီဘီစီ နှင့် Eleven Media Group
ဓာတ်ပုံ (မက်ကိန်းနှင့် ကြံ့ဖွံ့အစိုးရ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း သီဟ သူရ တင်အောင်မြင့်ဦး - အေပီ )


 

No comments: